ကိုယ်ကျင့်တရား ဆိုတဲ့နေရာမှာ လူတွေမှာ ဘာအရေးကြီးသလဲဆိုရင် ငါးပါးသီလ
ပေါ့။
တစ်ချို့က ငါးပါးသီလကို တစ်ပါးလောက်စောင့်ရင် ပြီးတယ်၊ နှစ်ပါးလောက်စောင့်ရင် ပြီးတယ်၊ ဒီလိုထင်ကြတယ်၊ မဟုတ်ဘူး။ ငါးပါးသီလဟာ တစ်ပါးမှလျှော့စရာမရှိဘူးနော်။ အားလုံးပြည့်စုံအောင် စောင့်နိုင်ရင်စောင့်၊ မစောင့်နိုင်ဘဲ တစ်ပါးသီလ၊ နှစ်ပါးသီလဆို့ ဆိုရင်တော့ ကျန်တဲ့ဥစ္စာတွေက ဒုက္ခပေးမှာ သေချာတယ်။
ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။ ဝါရိတ္တသီလဆိုတာ တားမြစ်ထားတာ၊ မလုပ်ရဘူး။ ဘာဖြစ်လို့ မလုပ်ရတာလဲဆိုတာ စဉ်းစားကြည့်ပေါ့။ မီးကိုကိုင်ရင် မပူဘူးလား၊ ပူမှာပေါ့။ ဘယ်သူကိုင်ကိုင်ပူမှာပဲ။ ထို့အတူပဲ ငါးပါးသီလကို ကျူးလွန်ရင် ဘယ်သီလကိုပဲ ကျူးလွန်ကျူးလွန်၊ ထိုသီလကို ကျူးလွန်းတဲ့အပြစ်ကို ခံရမှာပဲ၊ ငါးပါးသီလနဲ့ ပတ်သက်ပြီး လူတိုင်းသိကြပါတယ်။ ခုနကတင်ပဲ ငါးပါးသီလ ဆောက်တည်ပြီးကြပြီ။
` ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ သမာဒိယာမိ´ဆိုတာ သူများအသက်ကို သတ်ခြင်းမှ ရှောင်ရုံနဲ့ ပြီးရောလားဆိုတော့ မပြီးသေးဘူးနော်၊ ရှောင်ရုံရှောင်တယ်ဆိုတာ အဆင်မပြေရင် မရှောင်ဘူးဆိုတာ ရှိလာဦးမယ်၊ ရှောင်ကြဉ်တယ်ဆိုတာ မလုပ်သင့်တာကို မလုပ်ခြင်းဖြစ်တယ်၊ လုပ်သင့်တာက ဘာလဲဆိုတော့ သတ္တဝါတွေကို သတ်ဖို့ဆိုတဲ့ ဓား,တုတ်တွေ ကိုယ့်အိမ်မှာ မထားရဘူးတဲ့။
ဘုန်းကြီးတို့ အမေရိကမှာနေတုန်းက အမေရိကက ဗမာဒကာတစ်ယောက် ဘုန်းကြီးတို့ကို ဆွမ်းစားလာပင့်တယ်၊ သူ့ရဲ့ကားနဲ့ပေါ့၊ ကားတံခါးဖွင့်ပြီး ကားပေါ်တက်တယ်၊ ဘုန်းကြီးတို့ထိုင်တဲ့ခုံရှေ့က အဖုံးလေးကို အဲဒီဒကာကဖွင့်လိုက်တော့ ဒေါက်ကနဲ့ ခြောက်လုံးပြူးသေနတ်ကလေး ဘုန်းကြီးခြေထောက်နား ကျလာတယ်။ သူကအားနာသွားပြီး ဘယ်လိုလျှောက်တုန်းဆိုတော့ "အရှင်ဘုရား ဒီနိုင်ငံမှာတော့ ဒါလေးကိုဆောင်ထားရတယ်၊ ဒါလေးမရှိရင် မဖြစ်ဘူးဘုရား"တဲ့၊
သဘောကတော့ ကိုယ့်ကိုလာပြီးမလုပ်ရင် ပါဏာတိပါတာ က ရှောင်မယ်၊ လာလုပ်မယ်ဆိုရင်တော့လည်း ပါဏာတိပါတာ နဲ့ ကိုယ်ကိုကာကွယ်ရမယ်ပေါ့။
အေး- မြတ်စွာဘုရားကတော့ ဒီလိုမဟုတ်ဘူး၊ သူတစ်ပါးကိုသတ်ဖို့ရာလက်နက်ဆိုတာ ထားကိုမထားနဲ့တဲ့၊ ဒါတင်မကဘူး မြတ်စွာဘုရားက သတ္တဝါတွေကို သေစေလိုတဲ့စိတ်နဲ့ သတ်ဖြတ်မှုကို ရှက်တတ်ရမယ်၊ကိုယ့်လာသတ်ရင်လည်း သူ့ကို ပြန်မသတ်ရဘူး၊ သတ္တဝါတွေရဲ့အသက်ကို သတ်ခြင်းဆိုတာကိုရှက်စရာလို့ မြင်ရမယ်၊ သတ္တဝါတွေအပေါ်မှာ မေတ္တာတရား အကြင်နာတရားထားရမယ်၊ အေး-သီလလုံတယ်ဆိုတာ အဲဒါတွေ အကုန်လုံး ပြည့်စုံမှဖြစ်တာကို ပြောတာနော်။
ကဲ- နောက်တစ်ခု `အဒိန္နာဒါန´၊ သူများပစ္စည်းမခိုးဘူး၊ ဒါတင်မပြီးသေးဘူး၊ သူများပေးတာနဲ့သာ ကျေနပ်တယ်၊ ပေးတာကိုသာကြိုက်တယ်၊ သူများပစ္စည်းကို သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ လုံးဝမယူဘူး၊ အဲဒါမှသာ အဒိန္နာဒါန လုံတယ်လို့ခေါ်တယ်၊ လုံးဝကို သန့်ရှင်းရမယ်။
`ကာမေသု မိစ္ဆာစာရ´၊ အမျိုးသားတွေအတွက် အမျိုးသမီး(၂၀)နဲ့ လုံးဝမလွန်ကျူးရဘူး၊ အမျိုးသမီးတွေအတွက်ကတော့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ခင်ပွန်းကလွဲပြီး မလွန်ကျူးရဘူး၊ ဒါကတော့ ထင်ထင်ရှားရှား ရှိတယ်နော်။ စည်းကမ်းချက် သတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်၊ အခြားသူဆိုရင် စိတ်နဲ့တောင်မှ မပြစ်မှားရဘူးဆိုတာအထိမှ လုံခြုံတယ်လို့ခေါ်တယ်။
`မုသာဝါဒ´လိမ်မပြောဘူး၊ ဒါပေမယ့် မှန်တာကိုမပြောဘူး ဆိုရင်တော့မပြည့်စုံသေးဘူး၊ မှန်တာကိုသာပြောတယ်ဆိုမှ ပြည့်စုံတယ်။ သစ္စဝါဒီ- မှန်တဲ့စကားကို ပြောရမယ်၊ သစ္စသန္ဓော- ရှေ့စကားလည်း မှန်ရမယ်၊ နောက်စကားလည်း မှန်ရမယ်၊ အေး- ဒီနေ့တော့ မှန်တာပြောတယ်၊ နောက်တစ်နေ့ကျတော့ လိမ်ပြောတယ်၊ ဒါမျိုးကလည်း မဟုတ်သေးဘူးနော်၊ အမြဲတမ်း အမှန်ချည်းပဲ ပြောရမယ်၊ စိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။ အဝိသံဝါဒကောလောကဿ - လောကကြီးကို ဘယ်တော့မှ မဟုတ်တာ မမှန်တာ မပြောဘူးဆိုပြီး လုံးဝယုံကြည်ရတဲ့သူမျိုးဖြစ်အောင်လုပ်ရမယ်၊ အဲဒီတော့မှ မုသာဝါဒသိက္ခာပုဒ်ဟာပြည့်စုံတယ်။
`သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ´ ဒီသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့နေရာမှာလည်း ခြွင်းချက်မရှိစေရဘူး၊ တစ်ချို့ကတော့ ဆေးဖြစ်ဝါးဖြစ်လေး ဆိုပြီးတော့ သောက်ချင်ကြသေးတယ်၊ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ထိခိုက်စေနိုင်တယ်တဲ့မူးယစ်ဆေးဝါးကို သုံးစွဲရာမှာ မိမိရော သူတစ်ပါးရော မိမိ သူတစ်ပါး နှစ်ဦးစလုံးကိုရော ထိခိုက်စေမယ်ဆိုရင် အပြစ်ရှိတယ်လို့သတ်မှတ်ရမယ်။
တစ်ချို့ က ပြောကြတယ် သူများကို မထိခိုက်ဘူးဆိုရင် ဘာမှမဖြစ်ပါဘူးတဲ့၊ ကိုယ့်ကိုယ်ကို ထိခိုက်နေတာကို မသိလို့ပါ။ သေရည်သေရက်ဟာ သုံးစွဲသူတွေမှာ သွေးမှတစ်ဆင့် ခန္ဓာကိုယ်ထဲရှိ ဦးနှောက်စတဲ့ အစိတ်အပိုင်းတွေထဲကို ရောက်သွားပြီဆိုရင် စိတ်တွေဟာ ထိုင်းမှိုင်းလာပြီး ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ဖို့ မေ့လျော့လာတယ်၊ ဒါကြောင့်မို့ သုရာမေရယ ဆိုတဲ့ မူးယစ်နဲ့ပတ်သက်တဲ့ အရာတွေကို ရှောင်ကြဉ်တာဟာ အကောင်းဆုံးပါပဲ။
သောတာပန်တွေကျတော့ မူးယစ်ဆေးဝါးမှန်သမျှ အားလုံးကို လုံးဝရှောင်ကြဉ်လိုက်နိုင်ပြီ၊ အရက်နဲ့ရေ ရောတိုက်ရင်တောင်မှ ရေပဲဝင်ပြီး အရက်လုံးဝမဝင်ဘူးလို့အဆိုရှိတယ်၊ သောတာပန်ဖြစ်ရင် မူးယစ်ဆေးဝါးဆိုတာကို လုံးဝရှောင်ကြဉ်နိုင်ကြပြီ။ အဲဒီလို ငါးပါးသီလနဲ့ပြည့်စုံရင် မြတ်သောဥစ္စာတစ်မျိုး ကိုယ့်မှာ ပြည့်စုံတာဖြစ်တယ်။
လောကမှာ သီလကို ဘာနဲ့ဥပမာပေးထားသလဲဆိုရင် သိင်္ဂီရွှေခွက်နဲ့ ဥပမာပေးထားတယ်၊ " တန်ဖိုးရှိတဲ့ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်ထဲမှာ တည်နိုင်သလို" လူတွေရဲ့သန္တာန်မှာရှိတဲ့ ကုသိုလ်တရားတွေဟာ သီလလို့ဆိုတဲ့ ရွှေခွက်နဲ့ခံထားမှသာလျှင် တည်နိုင်တယ်၊ သီလပျက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်တရားတွေအားလုံးပျက်တာပါပဲ၊ အေး- ဒါကြောင့် ကုသိုလ်တွေအားလုံးရဲ့ တည်မှီရာဟာ သီလဖြစ်တယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတယ်နော်။
လူ့အရည်အသွေးတွေ အားလုံးဟာ သီလပေါ်မှာပဲ မှီတည်နေတယ်၊ သီလပျက်တာနဲ့တစ်ပြိုင်နက် လူ့ရဲ့အရည်သွေးတွေအားလုံးဟာသွားရောပါပဲ၊ ဒါကြောင့်မို့ သီလဆိုတဲ့ပစ္စည်းဥစ္စာဟာ လူသားတွေရဲ့သန္တာန်မှာ ရှိထားရမယ့် မြတ်သောဥစ္စာတစ်ခု ဖြစ်တယ်။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
No comments:
Post a Comment