Wednesday, December 5, 2018

အရပ်ထဲပြောကြတဲ့ ဒိဋ္ဌိအကြောင်း

ဓမ္မမိတ်ဆွေက သရဏဂုံ ၃ ပါးမြဲပြီး
၅ ပါး သီလ လုံးဝလုံခြုံသွားပြီဆိုတော့
ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာကို
အကြွင်းမရှိပယ်သတ်ပြီးတဲ့
မဟာသောတာပန်ကြီး ဖြစ်နေပြီပေါ့နော်
နည်းနည်းလေးရှင်းပြခွင့်ပေးပါလို့ 
တောင်းဆိုပါရစေ ... ခွင့်ပြုပါ

အရပ်ထဲမှာပြောပြောနေကြတဲ့
ဒိဋ္ဌိ ဒိဋ္ဌိ ဆိုတဲ့ သက္ကာယဒိဋ္ဌိ က
အကြမ်းနည်းအားဖြင့် ၃ မျိုးရှိတာပေါ့ ...
( ၁ ) လွန်ကျူးမိသော ဒိဋ္ဌိ
( ၂ ) ထကြွသောင်းကျန်းလာသော ဒိဋ္ဌိ
( ၃ ) အနုသယ ဒိဋ္ဌိ

( ၁ ) လွန်ကျူးမိသော ဒိဋ္ဌိ
တစ်ယောက် နဲ့ တစ်ယောက်
ပုဆိုးစလွယ်သိုင်း ထမိန်ခါးစောင်းတင်ပြီး
ဆံပင်ဆွဲ ပါးရိုက် ထိုးကြိတ်
သတ်ဖြတ် နေကြတာမျိုးတွေပေါ့ ...

( ၂ ) ထကြွသောင်းကျန်းလာသော ဒိဋ္ဌိ
သူကတော့ ဓား နဲ့ ခုတ်
ဒုတ်နဲ့ ရိုက် လေးဂွ နဲ့ ပြစ်
အုဋ္ဌ်ခဲကျိုး နဲ့ ထု ဆိုတဲ့
ကာယကံ အဆင့်ထိတော့
ရောက်မလာသေးဘူး ...

တစ်ဦးကိုတစ်ဦး ပါးစပ်နဲ့ 
အရပ် ၁၆ မျက်နာကြားအောင်
အပုတ်ချ အော်ဆဲ အတင်းတုတ်
စကားနိုင်လုနေတာမျိုးပေါ့ ...

ပြီးတော့ Face Book မှာဆိုရင်
လက်ချောင်းကလေးတွေ
ကီးဘုတ်ပေါ်တင်ပြီး လေတိုက်ပွဲ
သတ်ပွဲ ဆင်နွဲနေကြတာမျိုးတွေပေါ့ ...

၁ နဲ့ ၂ အကြမ်းစား ဒိဋ္ဌိ နှစ်မျိုးကိုတော့
စောင့်ထိန်းအပ်သော သီလ နှင့် ဟိရီ
သြတ္တပ္ပဆိုတဲ့ အရှက်အကြောက်တရား
တွေနဲ့ မလွန်ကျူးမိရလေအောင်
ထိန်းသိမ်းကာကွယ်ထားလို့ ရပါတယ် ...

( ၃ ) အနုသယ  ဒိဋ္ဌိ
အဲ့ဒီ ဒိဋ္ဌိကတော့ အင်မတန်
နူးညံ့သိမ်မွေ့ ပြီး သတ္တိသဘောနဲ့ 
ပထမအရိယာမဂ် မရမခြင်း
ဝမ်းထဲမှာကိန်းအောင်းနေပါတယ် ...

အနာရှိနေသောပုဂ္ဂိုလ်ရဲ့အစားမှားချိန်ကို
စောင့်နေသလိုမျိုးပေါ့ အကြောင်း
တိုက်ဆိုင်မှပေါ်လာ ထွက်လာပါတယ်
" ကြောင်လက်သည်းလိုပေါ့ " သူ့ ဟာသူ
အေးအေးဆေးဆေးရှိနေချိန်ဆိုရင်
လက်သည်းကရှိနေပေမယ့်လည်း
အောင်းနေတော့ မမြင်ရပါဘူး ...

အကြောင်းတရားဆိုတဲ့
ကြွက်ကိုမြင်ပြီဆိုရင် အောင်းနေတဲ့
လက်သည်းကြီးတွေက
ထွက်လာတော့တာပေါ့နော် ...

နောက် ဥပမာတစ်မျိုးပြောပြပါအုံးမယ် ...
ပဲစေ့ သရက်စေ့တွေကို ခွဲခြမ်းစိတ်ဖြာပြီး
အပင် ရှာကြည့်ပါလား
မတွေ့ မမြင်ရပါဘူးနော် အပင်ကို ...
ဒါပေမယ့် မျိုးစေ့ဗီဇ သဘောသတ္တိက
ကိန်းအောင်းနေတော့ ရေမြေဆိုတဲ့
အကြောင်းတရားတွေက ပြုပြင်
ပေးလိုက်တဲ့အခါ ပဲစေ့ သရက်စေ့တွေက
အပင် အဖြစ်ပေါက်မြောက်ရှင်သန်
လာရတယ်ဆိုတာ
ငြင်းချက်ထုတ်ကြအုံးမလား ?

စိတ်ရှည်ရှည်လေးထားပြီး နောက်
ဥပမာတစ်မျိုးလေးကို ပြောခွင့်ပေးအုံး ...
ဦးဇင်းက တစ်ပါးတည်းတောထဲမှာနေပြီး
နေ့ စဉ် ဘုရားကို ဆွမ်း ခဲဖွယ် တောပန်း
သောက်တော်ရေတွေလှူဒါန်းနေပြီး
တစ်ရက်ကို ဘယ်နှစ်ကြိမ်
ဘုရားဝတ်တက်လို့ ဘယ်နှစ်ကြိမ်
ဝိပဿနာ တရားတော်မြတ်ကြီးကို
အားထုတ်နေပါတယ် ဆိုသော်ငြားလည်း
အနုသယ ဒိဋ္ဌိ ကိုမှ မပယ်သတ်နိုင်သေးရင်
ဘာသာခြားအုပ်စုတွေက
ဦးဇင်းနေရာကို ရောက်လာပြီး
ဦးဇင်း ခြေလက်တွေကို ကြိုးနဲ့ တုပ်ပြီး
ဘုရား တရား သံဃာ မဟုတ်ဘူးလို့ ပြော
မပြောရင် လည်ပင်းကို ဓားနဲ့ လှီးမယ်ဆိုရင်
ကဲ ... ကဲ ... ဘယ်လိုလုပ်ကြမလည်း ???
" အကြောင်းတရားက ပေါ်လာပြီလေ "

အစကတော့ ဘုရား တရား သံဃာတွေကို
ကြည်ညိုလွန်းလို့ တော တောင်ထဲ လာပြီး
တရားအားထုတ်တယ်ဆို ?
ခုတော့မပြောရင် လည်ပင်းဓားလှီး
ခံရတော့မယ်ဆိုရင် ???
ပုထုဇဉ်အဖြစ်ကမှ
မလွန်မြောက်နိုင်သေးရင်
ပြောမှာနော် သေချာပေါက်စိတ်ချ ...

ခုတော့သူတို့ တွေ ကျေနပ်အောင်
ပြောလိုက်ပါ့မယ်လေ ... မဟုတ်ရင်
အလကားအသတ်ခံနေရအုံးမယ်
နောက်မှပြန်ပြီး ဗုဒ္ဓဘာသာဝင်
အဖြစ်ပြောင်းတာပေါ့ဆိုပြီး ...

ဘယ်မှာတုန်း သရဏဂုံ ၃ ပါး မြဲတယ်ဆို ?
ပြီးတော့ အရေးကြုံလာပြီဆိုရင်
၅ ပါးသီလ ကလည်း
ဘယ်ရောက်သွားပြီလည်း ???

" ပုထုဇဉ်ဘဝ ဘာမှအစိုးမရဘူး " ဆိုတာ
ဒီလိုနေရာမျိုးတွေမှာ ပေါ်လာတော့တာပဲ
ဦးဇင်းတို့ တစ်တွေရဲ့ ၅ ပါး သီလက
သတိသီလ သာဖြစ်သောကြောင့်
သတိလက်လွတ်တာနဲ့ လွန်ကျူးမိတယ် ...

အရေးပေါ် အခြေအနေ
အကြောင်းတရား တိုက်ဆိုင်လို့ 
ကြုံလာပြီဆိုရင်လည်း သိသိကြီးနဲ့ 
ချိုးဖောက်ဖို့ ဝန်မလေးပါဘူး ...

နောက်ပြီးတော့ သရဏဂုံ ၃ ပါး
ပါးစပ်ဖျားမှာပဲရှိတယ် ... ဒါကြောင့်
ကြီးကြီးကျယ်ကျယ်
စကားကုန်မပြောသင့်ပါဘူး
ဦးဇင်းတို့ တစ်တွေရဲ့ပုထုဇဉ်ဘဝ ...

ခက်တာက ပုထုဇဉ်မို့ လို့ လည်း
" နှုတ် လျှာ က အလွန်ပါး "

ဘာသာခြားကိုးကွယ်မှုတွေဖက်ကို
ပြောင်းသွားကြတာကလည်း
ဒီကြောင့် ဟိုကြောင့် ဆိုတာ
ဆင်ခြေတွေပါ အဓိကသက်ဆိုင်တာက
ပြောင်းသွားတဲ့သူရဲ့ ဝမ်းထဲမှာ
ကိန်းအောင်းနေတဲ့ အနုသယ ဒိဋ္ဌိကြောင့် ...

သရဏဂုံ ၃ ပါး တကယ်မြဲနေရင်
ဘာသာခြားတွေက လည်ပင်းဓားနဲ့ 
လှီးမယ်ဆိုတာလောက်တော့
ပြုံးပြုံးလေးနဲ့ 
အသက်အသေခံသွားမှာပေါ့ ...

ဘုရားမဟုတ်ကြောင်း မမှန်ကြောင်း
တရားမဟုတ်ကြောင်း မမှန်ကြောင်း
သံဃာမဟုတ်ကြောင်း မမှန်ကြောင်း
ဘယ်တော့မှ မပြောတော့ဘူး
" မပြောင်းလည်းတော့တဲ့
အဓိသီလဟု ဆိုအပ်သော
သောတာပတ္တိ မဂ်သီလကြောင့် "

သတိရှိကြပေါ့ ဓမ္မမိတ်ဆွေ
အားလုံးတို့ က ... လောကကြီးထဲမှာ
ဘယ်ပုထုဇဉ်ရဟန်းပညာရှိ
ဘယ်ပုထုဇဉ်လူပညာရှိ ဆိုပြီးတော့
ဘယ်လောက်ပင် နာမည်ကြီးနေပါစေ
သူတို့ မကြိုက် မနှစ်သက်တာတွေကို
သွားပြော သွားလုပ် သွားပြု မိပြီဆိုရင်
ကြောင်လက်သည်းနဲ့ တူတဲ့
အနုသယ ဒိဋ္ဌိက ချက်ချင်းထွက်လာ
ကြွလာပြီး ပြောမိ ဆိုမိ ပြုမိတဲ့သူတွေကို
ပုံစံအမျိုးမျိုးနဲ့ တုံ့ ပြန်လိမ့်မယ်နော်
" နဂိုရှိလို့ နကိုင်းထွက် ဆိုတာ
အဲ့တာမျိုးကိုပြောတာဖြစ်မယ် "

မနာလို ဝန်တိုဆိုတာကလည်း
မိုးပေါ်ကကျလာတယ်လို့ မှတ်မနေကြနဲ့ 
အနုသယ ဒိဋ္ဌိ ကလာတာ ...
ကိုယ့်လူမို့ လို့ နာမည်ကြီးလာအောင်
ထင်ပေါ်လာအောင် ကျော်ကြားလာအောင်
ဗေတီးပေးနေတာတွေကလည်း
အနုသယ ဒိဋ္ဌိ ...

သူတစ်ပါး ဘဝပျက်ဆီး
ဒုက္ခရောက်သွားအောင်
အကွက်ကျကျ အချက်ကျကျကြံဖန်
အကောင်အထည်ဖော်နေတာတွေကလည်း
အနုသယ ဒိဋ္ဌိ ...

ကိုယ့်ကိုလူတစ်လုံး သူတစ်လုံးဖြစ်အောင်
နှစ်ပေါင်းမြောက်များစွာ ပြုစုပျိုးထောင်
ပေးလာခဲ့ကြကုန်သော အနန္တကျေးဇူးရှင်
မိဘ ဆရာသမားတွေကိုပြန်ပြီး
စော်ကား ကျေးဇူးကန်းရဲတာကလည်း
အနုသယ ဒိဋ္ဌိ အစွမ်း ...

အရိယာသူတော်ကောင်းကြီးတွေရဲ့
ဥာဏ်တော်ကို ကိုယ့်ဥာဏ်တော်လိုလို
ထင်ယောင်ထင်မှားဖြစ်လာအောင်
ပိပိရိရိ ဇောင်းပေးလိုက်တာကလည်း
အနုသယ ဒိဋ္ဌိ ...

ဝိပဿနာ တရားအားထုတ်လို့ 
နာမ်ရုပ် ကွဲတဲ့ နာမရူပပရိစ္ဆေဒဥာဏ်
ရောက်သွားရင်
အရိုးခြောက်ကြီးမြင်ရတာတို့ 
ရွှေတောင်ကြီး မြင်ရတာတို့ 
ဘုရားဖူးရတာတို့ 
ကိုယ်တရားထိုင်နေတဲ့ပုံစံ
ကိုယ်ပြန်မြင်နေရတယ်
အစရှိသော မြင်ကွင်း ရှုကွက်
အရှုခံမျိုးပေါ်လာရင်
ကိုယ့်ဟာကို တရားရသွားပြီလို့ 
ထင်သွားရလေအောင်
အမှတ်ပေးလိုက်တာကလည်း
အနုသယ ဒိဋ္ဌိ ... မှတ်ချက်
တရားအားထုတ်တာ ဥာဏ်က
သမထဖက်ကို အလေးသာစောင်းသွားလို့ 
ပေါ်လာတဲ့ မြင်ကွင်းတွေပါ
မမြင်အပ်တဲ့ မမြင်သင့်တဲ့
အရာတွေ မြင်မိလို့ နှလုံးသည်းခြေ
ပျက်ပြီး ရူးသွားတတ်တဲ့နေရာ
သမထ အမြင် ...

ဝိပဿနာ တရားအားထုတ်နေစဉ်
ဗိုလ်အင်္ဂါ ၅ ပါး ညီညွတ်နေလို့ 
ခန္ဓာအရှိ ဖြစ်ပျက် ဥာဏ်အသိမဂ်
ဆက်ကာဆက်ကာ ကိုက်နေချိန်
နှလုံးအိမ်ထဲကို ကိလေသာက
ဝင်လာလို့ မရတော့ပဲ
ဝိပဿနာဥာဏ်
ကြည်လင်အားကောင်းလာရင်
ပေါ်လာမြဲဖြစ်တဲ့ မဂ်တု ၁၀ ပါး ထဲက
ခန္ဓာကြီးပေါ့ပါး အေးချမ်းနေတာမျိုး
ခန္ဓာကြီးတစ်ခုလုံး လင်းထိန်နေတာမျိုး
အစရှိတဲ့ မကြုံဘူး မတွေ့ ဘူး
မခံစားဘူးတဲ့ အင်မတန်မှ နှစ်သက်ဖွယ်
အာရုံတွေကို ကြုံလာတဲ့အခါ
မင်းကတော့ တရားထူးတရားမြတ်
ရနေပြီဟေ့လို့ မြောက်ပေးလိုက်တာကလည်း
အနုသယ ဒိဋ္ဌိ ...

မှတ်ချက် ...
မဂ်ဥာဏ် ဖိုလ်ဥာဏ် မပြောပါနဲ့ အုံး
ဘယ်မှာတုန်း ဝိပဿနာတရားအားထုတ်သော
ယောဂီတွေအားလုံးအတွက် အရေးအပါဆုံး
ဖြစ်တဲ့ သင်္ခါရုပေက္ခာဥာဏ် ...
ဘယ်မှာတုန်း နိဗ္ဗိန္ဒဥာဏ်ဆိုတဲ့ မုန်းဥာဏ်
( တရားတွေရှည်ကုန်မှာဆိုးလို့ 
နောင်အကြောင်းအကျိုး ညီညွတ်ချိန်မှ
သင်္ခါရုပေက္ခာဥာဏ် နဲ့ နိဗ္ဗိန္ဒဥာဏ်
အကြောင်းရေးပြပါ့မယ် )
ပုထုဇဉ်နယ် အရိယာနယ်
ခွဲခြား ကန့် သတ်ပိုင်းဖြတ်ပေးတဲ့
ဂေါတြဘူဥာဏ်အထိ လွမ်းမိုးထားတာက
အနုသယ ဒိဋ္ဌိ ...

မေးပါရစေနော် ဓမ္မမိတ်ဆွေက
တကယ်အဲ့ဒီ မှတ်တိုင်တွေကို
ကျော်လွှားနိုင်ခဲ့လို့  သရဏဂုံ ၃ ပါးနှင့်
၅ ပါး သီလ မြဲနေပြီလား ? တော်ကြာ
ကိုယ့်ဟာကို တောင်ထင်မြောက်ထင်
ထင်နေပြီး သေကွင်းသေကွက်
တကယ်သေချိန်ရောက်လာစဉ်
ဒယ်အိုးဂတိနိမိတ်ကြီး ပေါ်လာမှာ
အရမ်းစိုးရိမ်လို့ ပါ ...

ဒိဋ္ဌိ နဲ့  ဝိစိကိစ္ဆာ ကို
အသိ ဖြုတ်နဲ့ လည်းမရှင်းပြနိုင်
အပွား ဖြုတ်နဲ့ လည်းမရှင်းပြနိုင်
အပယ် ဖြုတ်နဲ့ ဆိုရင် ဝေးမှဝေး
ဒါနဲ့ တောင် တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန် သောတာပန် ဆိုင်းဘုတ်
ဆွဲပေးနေကြတဲ့ သူတွေကလည်း
မနည်းဘူး ခေတ်ကြီးကိုက ...

သူတော်ကောင်းအစစ်ကြီးအဖြစ်
ခန္ဓာနဲ့ သက်သေပြသွားတော်မူသော
ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော်ဘုရားကြီး
ဆင်ဖြူကျွန်းဆရာတော်ဘုရားကြီး
မုံလယ်ဆရာတော်ဘုရားကြီး
ပခုက္ကူဆရာတော်ဘုရားကြီး
တစ်ဘဝသာသနာ စာအုပ်ကို
ရေးသားသွားတော်မူသော
ရေကူးဆရာတော် ဦးဃောသိတ
အစရှိတဲ့ အရိယာသူတော်ကောင်း
အစစ်ကြီးတွေက ငါဘယ်အဆင့်
ရောက်နေပြီလို့ ပြောမသွားသလို
ဘယ်သူ့ ကိုမှလည်း
မင်းကဘယ်အဆင့်ရောက်နေပြီ
မင်းကဘယ်အဆင့်ရောက်နေပြီ
ဆိုပြီး ဆိုင်းဘုတ်ဆွဲမပေးခဲ့ဘူး
ဟောစရာ ပြောစရာကြုံခဲ့ရင်တောင်မှ
ဓမ္မပေတံနဲ့ ပဲ ချပြပေးသွားခဲ့ကြတယ်
ဥပမာ ... သောတာပန် နဲ့ ပုထုဇဉ်
ကွာခြားချက် ၇ ချက်ဆိုတာမျိုးပေါ့
ဒီထက်ပိုပြီး ကြွားကြွား ဝါဝါ
ငါသိ ငါမြင် ဆိုပြီး မိန့် မသွားခဲ့ဘူး ...

ရေးကောင်းကောင်းနဲ့ ရေးနေတာ
တရားကတော်တော်လေးကို
ရှည်လွန်းနေပြီ အဆုံးသတ်တော့မယ် ...
တရားမြင်တယ် တရားကိန်းတယ်ဆိုတာ
ဘုရားဖူးရတာလည်း မဟုတ်ဘူး
ရဟန္တာကြီး ကြွလာတာလည်းမဟုတ်ဘူး
ရွှေတောင်ကြီးမြင်ရတာလည်းမဟုတ်ဘူး
အလင်းရောင်ကြီးရတာလည်းမဟုတ်ဘူး

ခန္ဓာမှာ တစ်ဖွဲဖွဲ တစ်သဲသဲ မရပ်မနား
ဖောက်ပြန်ပျက်ဆီးနေတဲ့
ရုပ်နာမ် တို့ ရဲ့ ပေါ်လာလိုက်
ပျက်ဆီး သွားလိုက်ဆိုတဲ့
သင်္ခါရဓမ္မတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ 
မြင်တွေ့ နေတာကို တရားမြင်တယ်
တရားကိန်းတယ်လို့ ခေါ်ပါတယ် ...

ကျန်တာတွေက ခေါင်းဆောင်
မဂ္ဂင် ၅ ပါးရဲ့ ရင့်သန်လာမှုကြောင့်
အခြံအရံ စေတသိက်ပေါ်ပေါက်လာပြီး
ပေါ့ပါး ကြည်လင် ပီတိ ပဿဒ္ဓိ
အစရှိသော တရားတို့ ဖြစ်လာတာပါ
မှတ်ချက် ...
မြင်နေတဲ့ ဖြစ်ပျက်တွေကို
မြင်တဲ့အတိုင်းပဲကြည့်နေရင်
သမထအမြင် ...
မြင်နေတဲ့ ဖြစ်ပျက်တွေကို လိုက်ပြီး
ဥာဏ်ကဆုံးဖြတ်နေမှ ဝိပဿနာအမြင် ...

ဓမ္မမိတ်ဆွေသူတော်ကောင်း
အားလုံးတို့ သည်  ခန္ဓာအရှိဖြစ်ပျက်
ဥာဏ်အသိမဂ်နဲ့ ကိုက်ကြပြီး
အပါယ် ၄ ပါး တံခါးကို
အပြီးအပိုင်ပိတ်နိုင်သော
သရဏဂုံ ၃ ပါးနှင့်
၅ ပါး သီလတော်မြတ်ကြီးကို
အသက်စွန့် ပြီး စောင့်ထိန်းနိုင်သော
သောတာပတ္တိမဂ်ဥာဏ် ဖိုလ်ဥာဏ်
လျှင်မြန်စွာ ရလွယ်ရောက်လွယ်
ဆွတ်ခူးလွယ်နိုင်ကြပါစေ ...

ဓမ္မမိတ်ဆွေအားလုံးကို
အရမ်းမေးချင်နေတဲ့
စကားလေးတစ်ခွန်းတော့ရှိပါတယ်
မမေးရက်လို့ တကယ်ပါ ...

ကိုယ်ပိုင်ဥာဏ်နဲ့ ဖြစ်ပျက်ကို
ပိုင်ပိုင် နိုင်နိုင် မြင်နေကြပြီလား ?

လွန်တာရှိ တောင်းပန်၏
Ashin Dhamma Sara
အရှင်ဓမ္မသာရ

No comments:

Post a Comment