Monday, December 17, 2018

လူသားအစ မျက်ရည်က

"လူသားအစ မျက်ရည်က "

လူရယ်လို့ ဖြစ်လာရင်
မျက်ရည်မကျဖူးဘူးဆိုတဲ့သူ ရှိမှာမဟုတ်ပါဘူး
လူနဲ့မျက်ရည် မျက်ရည်နဲ့လူဘယ်လိုမှမကင်း
စကောင်းဘူး။လူ့ဘဝ စဖြစ်ကတည်းကိုက
မျက်ရည်နဲ့ စခဲ့ရတာ။

အမိဝမ်းက ကျွတ်လွတ်လာကတည်းက
အူဝဲလို့ အော်ငိုပြီးလူ့ဘဝကို မျက်ရည်နဲ့
စတင်အခြေချခဲ့ရတာပါ။

`အစမကောင်းတော့ အနှောင်းမသေချာ` ဆိုတဲ့အတိုင်းမျက်ရည်နဲ့ စခဲ့ရတဲ့ လူ့ဘဝ
သက်တမ်းတစ်လျှောက်မှာ အကြောင်း
အမျိုးမျိုးကြောင့်အကြိမ်ကြိမ်အခါခါ
မျက်ရည်ကျခဲ့ရတာ ဆန်းတော့ မဆန်းပါဘူး။

တချို့က ကိုယ့်ကိုယ်ကို မျက်ရည်ခိုင်တယ်လို့
ကြွေးကြော်လေ့ရှိပါတယ်။
အကြောင်းတစ်ခုခုကြောင့် သူတစ်ပါး
မျက်ရည်ကျတာ တွေ့ရရင်သူမို့လို့ မျက်ရည်ကျရတယ်၊ငါသာဆို မကျပေါင်၊ ဒါလေးများ သူက
မျက်ရည်ကျနေရသေးတယ်၊ ပျော့ညံ့လိုက်တာ၊ဒီအကြောင်းလေးများနဲ့တော့ ငါတို့က
မျက်ရည်မကျပါဘူး၊ငါတို့ကတော့
စိတ်ဓာတ်ပို ခိုင်မာတယ်လို့ ကြွေးကြော်
လေ့ရှိပါတယ်။

ကိုယ့်မှာ တကယ်တမ်း မျက်ရည်ကျရလောက်တဲ့ အကြောင်းတရားနဲ့မတွေ့ကြုံသေးခင်မှာသာ အဲဒီလို ပြောအားရှိတာပါ။တစ်စုံတစ်ခုသော အကြောင်းတရားက ကိုယ့်စိတ်ကိုမျက်ရည်ကျစေရလောက်အောင် ထိခိုက်လာပြီဆိုရင်တော့အဲဒီမျက်ရည်ခိုင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်လုံးအိမ်ကနေမျက်ရည်တွေ တားမရဆီးမရ ကျလာရတော့တာပါပဲ။

မျက်ရည်ခိုင်တဲ့သူတွေ မျက်ရည်ကျပြီဆိုရင်
မျက်ရည်လွယ်တဲ့သူတွေ လိုက်လို့မမီတော့ပါဘူး

မျက်ရည်ခိုင်တဲ့ပုဂ္ဂိုလ်ငိုပြီဆိုရင်မျက်ရည်လွယ်
တဲ့ပုဂ္ဂိုလ်ကအရှုံးပေးရတော့တာပါပဲ။

အဲဒီလိုအားဖြင့် မျက်ရည်နဲ့စခဲ့ရတဲ့
လူ့ဘဝသက်တမ်းတစ်လျှောက်မှာအကြောင်း
အမျိုးမျိုးကြောင့်အကြိမ်ကြိမ်အခါခါမျက်ရည်ကျခဲ့ရတယ်။

ဒီဘဝတွင်လားဆိုတော့ မဟုတ်ပါဘူး။
အစမထင် သံသရာကနေ စပြီးတော့သံသရာ
တစ်လျှောက် ဘဝတိုင်းဘဝတိုင်း မျက်ရည်ကျခဲ့ရတာပါ။

ချစ်ခင်မြတ်နိုးသူတွေနဲ့ ခွဲခွာရလို့ ကျတဲ့မျက်ရည်၊နှစ်သက်စွဲလမ်းတဲ့အရာတွေ ပျက်စီးဆုံးရှုံးလို့ ကျတဲ့မျက်ရည်၊လိုချင်တာမရလို့ ကျတဲ့မျက်ရည်၊ဖြစ်ချင်တာ မဖြစ်ရလို့ ကျတဲ့မျက်ရည်တွေကလည်းသမုဒ္ဒရာလေးစင်း မကတော့ပါဘူး ..

နာကျည်းမုန်းတီးသူတွေနဲ့ တွဲနေရလို့
ကျတဲ့မျက်ရည်၊

မနှစ်သက်တဲ့အရာတွေ ပိုင်ဆိုင်နေရလို့
ကျတဲ့မျက်ရည်၊

မလိုချင်တာရလို့ ကျတဲ့မျက်ရည်၊

မဖြစ်ချင်တာ ဖြစ်ရလို့ ကျတဲ့မျက်ရည်တွေက
လည်းသမုဒ္ဒရာလေးစင်း မကတော့ပါဘူး ..
မဆုံးနိုင်တဲ့ မျက်ရည်သမုဒ္ဒရာတွေ
ခန်းခြောက်စေချင်လှပါပြီကွယ် …

သံသရာ မျက်ရည်သမုဒ္ဒရာကြီး ခန်းခြောက်စေမယ့်၊မျက်ရည်ဇာတ်သိမ်းစေမယ့် ဒါန၊ သီလ၊
ဘာဝနာ ကုသိုလ်ကောင်းမှုတွေ၊
ပါရမီဆယ်ပါး အကျင့်တရားတွေကိုပဲ
ဖြည့်ကျင့်ကြပါတော့ ……

#ဆရာတော်အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
(ဆေးပေါင်းခတဲ့မျက်ရည် မှ)

No comments:

Post a Comment