စုန္ဒ ဝက်ကုန်သည်
>>>>>>>>>>>>>>>>>>>>>
^^^^^^^^^^^^^^^^^^^^^^^^^^
စုန္ဒသည် ရာဇဂြိုဟ် မြို့ကြီးသား ဖြစ်၏။
သူ၏အိမ်သည် မြတ်စွာဘုရား သီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်နှင့် သိပ်မဝေးလှ။
သို့ရာတွင် စုန္ဒသည် မြတ်စွာဘုရား ကျောင်းတော်သို့ တစ်ခါမျှ မသွား။
မြတ်စွာဘုရား၏ တပည့်သား ရဟန်း သံဃာတော်များသည် သူ၏အိမ်ကို မကြာခဏ ဖြတ်သန်းသွားလာလေ့ ရှိကြပါ၏။
ထိုသို့ ရဟန်းသံဃာတော်များ မကြာခဏ ဖြတ်သန်း သွားကြသည်ကိုလည်း စုန္ဒသည် ထိုရဟန်းသံဃာတော်များကို နှုတ်ခွန်းဆက်ခြင်းပင် မပြု။
လှူဒါန်းရမည်ကို စိုးရိမ်၍ နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။
အမြင်ကတ်၍ နှုတ်ခွန်းမဆက်ခြင်းလည်း ဖြစ်နိုင်၏။
မြတ်စွာဘုရား ကျောင်းတော်ကို မသွားသည် မဟုတ်။
အခြားသော တိတ္ထိများ အရံသို့လည်း စုန္ဒသည် မသွား။
ပရိဗိုဇ်များနှင့်လည်း အကျွမ်းတဝင် မဆက်ဆံ။
အမှန်အားဖြင့် စုန္ဒသည် အလှူခံပုဂ္ဂိုလ်မှန်လျှင် မည်သည့် အလှူခံပုဂ္ဂိုလ်ဖြစ်စေ မသိကျိုးကျွန်ပြု၍ နေ၏။
စုန္ဒသည် သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံး ပန်းတစ်ပွင့် ရေတစ်ခွက်မျှကိုပင် မည်သည့် အလှူခံပုဂ္ဂိုလ်အား မဆို လှူဒါန်းဖူးသည် ဟူ၍ မရှိ။
သီလဆောက်တည်ခြင်း တရားဘာဝနာ ပွားများခြင်းကား ဝေးလေစွာ့။
စုန္ဒတို့ခေတ် ဘီစီ ၆ ရာစုတွင် လောက၏ အမှန်တရားနှင့် ပတ်သက်၍ ရှာဖွေကြသော ဘာသာရေးဂိုဏ်းများ ရှိကြပါ၏။
အချို့ဂိုဏ်းက ဗြာဟ္မဏဝါဒအရ ယဇ်ပူဇော်မှုဖြင့် လောက၏ အမှန်တရားကို တွေ့ရန် ကြိုးပမ်းကြ၏။
ထိုဂိုဏ်းတွင်လည်း သူ့ဝါဒအလျောက် ကြိုက်သူများ ရှိကြ၏။
ကိုးကွယ်ဆည်းကပ်သူများ ရှိကြ၏။
စုန္ဒကတော့ ထိုဝါဒကိုလည်း မကြိုက်။
ယဇ်ပူဇော်မှုကို မကြိုက်သဖြင့် "သပ" ခေါ် ခြိုးခြံသော အကျင့်ဖြင့် လောက၏ အမှန်တရားကို ရှာဖွေသော ဂိုဏ်းများလည်း ရှိကြပါ၏။
ထိုဂိုဏ်းများတွင် ပူရဏကဿပ စသော တိတ္ထိဂိုဏ်း ခြောက်ဂိုဏ်းတို့သည် ထင်ရှားကြ၏။
အဇာတသတ်မင်း လက်ထက်တိုင်းအောင် ကိုးကွယ်သူများသည် အရေအတွက်အားဖြင့် များစွာ ရှိပါ၏။
အဇာတသတ်မင်း၏ ဝန်ထမ်းများအနက် မှူးကြီးမတ်ကြီးများ အချို့ပင် ကိုးကွယ် ဆည်းကပ်ကြ၏။
သို့ရာတွင် စုန္ဒကတော့ ယင်းဂိုဏ်းများ၏ အယူဝါဒ၌ စိတ်ဝင်စားခြင်း မရှိ။
မင်းနှင့်တကွသော မှူးမတ်များ တိုင်းသူပြည်သားများသည် မြတ်စွာဘုရား၏ သာသနာတော်၌ သက်ဝင်ယုံကြည်ကြ၏။
နေ့တိုင်းပင် ပန်းနံ့သာလက်စွဲလျက် ဝေဠုဝန်ကျောင်းတော်သို့ တရားနာ သွားကြ၏။
စုန္ဒလည်း မြင်၏။
သို့ရာတွင် သူသည် လောက၏ အမှန်တရား ရှာဖွေရေးကိစ္စနှင့် ပတ်သက်၍ သူနှင့် ဆိုင်သည်ဟု ခံယူချက်လုံးဝ မရှိ။
ထို့ကြောင့် စုန္ဒသည် မည်သည့် ဘာသာရေးဂိုဏ်း၏ ဝါဒ၌မျှ သက်ဝင်ယုံကြည်ခြင်း မရှိသဖြင့် သူ့ကို ဘာသာမဲ့ဟု ဆိုရ၏။
ထိုခေတ်၌ စုန္ဒလို ဘာသာမဲ့ ပုဂ္ဂိုလ်ပေါင်းများစွာ ရှိနိုင်ပါ၏။
သို့ရာတွင် ပိဋကစာပေ၌ စုန္ဒလို မှတ်တမ်းတင်ခံရလောက်အောင် မိုက်မဲ၍ ရက်စက် ကြမ်းကြုတ်သူ ရှား၏။
စုန္ဒ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် ဝက်သားပေါ်၍ ရောင်းဝယ်သော လုပ်ငန်းဖြစ်၏။
စုန္ဒသည် ဝက်ပေါက်စများကို ဝယ်၍ သူ့အိမ်၏ နောက်ဖေးဘက်၌ ဝက်ခြံကြီးတစ်ခုကို ဆောက်၍မွေးမြူထား၏။
ဝက်ပေါက်စများကို ဝယ်သည် ဆိုသော်လည်း ငွေဖြင့်ဝယ်သည် မဟုတ်။
စပါးဖြင့် ဝယ်ခြင်း ဖြစ်၏။
စပါးဖြင့် ဝယ်သည်ဆိုသော်လည်း တန်ရာတန်ကြေး ပေး၍ ဝယ်သူမဟုတ်။
များစွာ ဈေးနှိမ်၍ ဝယ်ခြင်း ဖြစ်၏။
စုန္ဒသည် ဝက်ကုန်သည် လောက၌ သူ့နည်းသူ့ဟန်အရ ကျွမ်းကျင်သူ ဖြစ်၏။
စပါးများ ပေါ်ချိန်တွင် စပါးများကို ဝယ်ယူ စုဆောင်း၏။
စပါးရှားပါးချိန်သို့ ရောက်သောအခါ စုန္ဒသည် တစ်ရွာဝင် တစ်ရွာထွက်ဖြင့် ဝက်ပေါက်စများကို ငွေသားမပေးဘဲ စပါးပေးကာ ဝယ်ယူ၏။
ထိုထိုဒေသရှိ ဝက်မွေးမြူရေးသမားများကလည်း စုန္ဒ ပေးသည့် ဈေးအတိုင်းပင် ရောင်းလိုက်ရ၏။
စုန္ဒသည် ဝက်မွေးမြူရေးသမားများ၏ အခြေအနေကို သိ၏။
မရောင်းလျှင် မဖြစ်နိုင်သော အခြေအနေသို့ ရောက်နေသော ဝက်မွေးမြူရေးသမားများထံမှသာ ဝက်ပေါက်စများကို သူ ပေးချင်သည့် ဈေးအတိုင်းပေး၍ ဝယ်ယူ၏။
နောက် သူကပင် ကရုဏာရှေ့ထား၍ ဝယ်လိုက်သည့် သဏ္ဌာန်ကို ဆောင်လိုက်သေး၏။
ဝက်မွေးမြူရေးသမားများက စုန္ဒကိုပင် ကျေးဇူးတင်လိုက်ရသေး၏။
ထို့ကြောင့် ဝက်ကုန်သည်လောက၌ စုန္ဒကို အရောင်းအဝယ် ကျွမ်းကျင်သူ အဖြစ် အသိအမှတ် ပြုခြင်းဖြစ်၏။
ဝက်ရောင်းဝယ်ရေးလုပ်ငန်း၌ အလွန်တော်သော စုန္ဒ။
ဘဝဟူသည် ထာဝစဉ် တည်ငြိမ်နေသည် မဟုတ်။
ခဏတိုင်း ခဏတိုင်း ပြောင်းလဲနေ၏။
မြစ်ရေအလျဉ်ကဲ့သို့ လည်းကောင်း ဆီမီးအလျှံကဲ့သို့ လည်းကောင်း အစဉ်တစိုက် အဆက်မပြတ် ဖြစ်နေခြင်းဖြစ်၏။
နောက် ပျက်နေခြင်း ဖြစ်၏။
ယင်းကဲ့သို့ ဘဝ၏ အစဉ်တစိုက် ပျက်နေခြင်းကို ရိုးရိုးသာမန်မျက်စိဖြင့် မမြင်။
ဝိပဿနာ ဉာဏ်မျက်စိဖြင့်သာ မြင်နိုင်၏။
ဤသို့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်က ဆို၏။
ဘဝသည် ထာဝစဉ် ပြောင်းလဲနေသော်လည်း ယင်းဘဝတွင် သာယာဖွယ်အပိုင်း မသာယာဖွယ် အပိုင်း ထွက်မြောက်ရာ အပိုင်းဟူ၍ အပိုင်းသုံးပိုင်း ပါဝင်၏။
ပါဠိ ဝေါဟာရအားဖြင့် သာယာဖွယ်အပိုင်းကို "အဿဒ" ဟု ခေါ်၏။
မသာယာဖွယ် အပိုင်းကို "အာဒီနဝ" ဟု ခေါ်၏။
ွထွက်မြောက်ရာအပိုင်းကို "နိဿရဏ" ဟု ခေါ်၏။
ဤသို့ နေတ္ထိကျမ်းက ဆို၏။
ဘဝ၏ သာယာဖွယ်အပိုင်း မသာယာဖွယ် အပိုင်း ထွက်မြောက်ရာအပိုင်းတို့၌ မျက်နှာပြင် နှစ်ခုစီ ရှိ၏။
မျက်နှာပြင်တစ်ခုမှာ အတ္တရှုထောင့်မှ မြင်ရသော မျက်နှပြင် ဖြစ်၏။
အခြား မျက်နှာပြင်တစ်ခုမှာ အနတ္တရှုထောင့်မှ မြင်ရသော မျက်နှာပြင် ဖြစ်၏။
အတ္တရှုထောင့်မှ ကြည့်လျှင် "အသာစံ"ခြင်း သဘောကို တွေ့ရ၏။
အနတ္တရှုထောင့်မှ ကြည့်လျှင် "အနာခံ"ခြင်း သဘောကို တွေ့ရ၏။
စုန္ဒသည် ဘဝကို အတ္တရှုထောင့်မှ ကြည့်သူဖြစ်၏။
အတ္တရှုထောင့်မှ ကြည့်လေသောအခါ သူ၏ ဘဝအတွက် အရာရာတိုင်း၌ "အသာစံ" ခြင်း သဘောကိုသာ တွေ့ရ၏။
သူ့၌ တရားသည် မတရားသည် ဟူ၍ ပုံသေသတ်မှတ်ချက် မရှိ။
သူ့ဘဝအတွက် ရလျှင် တရား၏။
မရလျှင် မတရား။
လုယူ၍ပဲ ရရ လိမ်လည်၍ပဲ ရရ ရလျှင် တရားသည်သာ ဖြစ်၏။
ထို့ကြောင့် သူသည် ကုသိုလ်၌လည်း မယုံကြည် အကုသိုလ်၌လည်း မယုံကြည်။
စုန္ဒသည် အတ္တရှုထောင့်မှသာ ဘဝကို ကြည့်သူဖြစ်သောကြောင့် သူ့ကိုယ်ကိုသာ သူ ယုံ၏။
အခြား မည်သူ့ကိုမျှ သူ မယုံကြည်။
ဘာသာတရားများ၏ သွန်သင်ချက်၌လည်း သူ မယုံ။
ပတ်ဝန်းကျင်၌လည်း သူ မယုံ။
စုန္ဒသည် သူ၏ ဘဝအတွက် အရာရာတိုင်းကို "သာယာဖွယ်" အဖြစ်သာ မြင်၏။
အကယ်၍ သူ၏ ဘဝအတွက် "မသာယာဖွယ်" ဖြစ်သော အဟန့်အတား တစ်ခုခုကို တွေ့ရပါက ယင်း အဟန့်အတားမှ "ထွက်မြောက်ရာ" ကို အကြမ်းနည်းဖြင့် ဖြစ်စေ အနုနည်းဖြင့် ဖြစ်စေ ဖြစ်သည့်နည်းဖြင့် ထို မသာယာဖွယ် ဖြစ်သော အဟန့်အတားကို ဖယ်ရှားပြီး ထွက်မြောက်ရာကိုရအောင် ယူမည် ဖြစ်၏။
စုန္ဒသည် သူ့ဘဝအတွက် သာယာဖွယ်ကို ရှာရာ၌ လည်းကောင်း မသာယာဖွယ် အဟန့်အတားကို ဖယ်ရှားရာ၌ လည်းကောင်း ထွက်မြောက်ရာကို ရအောင် ယူရာ၌ လည်းကောင်း ဓမ္မနှင့် အဓမ္မ ကုသိုလ်နှင့် အကုသိုလ်တို့နှင့် ပတ်သက်၍ ပုံသေသက်မှတ်ချက် မရှိ။
အသာရလျှင် ပြီးရောဟူသော ခံယူချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်သူ ဖြစ်၏။
ဘဝကို အနတ္တရှုထောင့်မှကြည့်လျှင်မူ တစ်မျိုးမြင်၏။
အနုဋီကာ ဆရာ၏ သြဝါဒအရ (၁) မြင့်မြတ်သော စိတ်နေစိတ်ထားရှိခြင်း (၂) စဉ်းစဉ်းစားစား လုပ်တတ်ခြင်း (၃) လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း ဟူသော အင်္ဂါသုံးရပ်နှင့် ပြည့်စုံသော လုပ်ငန်းမှ ပေါ်ထွက်လာသော အကျိုးတရားသည်သာလျှင် သာယာဖွယ် ဖြစ်၏။
အရိယာသစ္စာအမြင်ဖြင့် ဘဝကို မမြင်နိုင်သေးသရွေ့ ကာလပတ်လုံး ပုထုဇဉ်တို့၏ အမြင်သည် ဆင်ကို စမ်းသော မျက်မမြင် ပုဏ္ဏားခြောက်ယောက်တို့၏ အမြင်များကဲ့သို့ မပြည့်စုံသော အမြင် သို့မဟုတ် မှားယွင်းသော အမြင်ချည်း ဖြစ်၏။
ယင်းအမြင်မျိုးကို ပါဠိဝေါဟာရဖြင့် ဝိပ္ပလ္လာသဟု ခေါ်၏။
ထို့ကြောင့် ပုထုဇဉ် ဟူသမျှသည် မည်မျှပင် ပညာရှိသည်ဖြစ်စေ သူ၏ အမြင်၌ တစ်နည်းတစ်ဖုံအားဖြင့် မသာယာဖွယ် ပါမည်သာ ဖြစ်၏။
ထိုမသာယာဖွယ်ကိုလည်း အနုဋီကာ ဆရာ၏ ဝါဒအတိုင်း ဖယ်ရှား၍ ယင်းမှ ထွက်မြောက်ရာကို ရအောင် ယူရ၏။
ယင်း၏ အဖြေ ယင်းမှ ထွက်ပေါက်ကို ရှာ၍ ထွက်ရ၏။
မသာယာဖွယ် သို့မဟုတ် အဟန့်အတားကို ဖယ်ရှားရာ၌ ပထမ အခြေခံအနေဖြင့် မြင့်မြတ်သော စိတ်ထားရှိဖို့ လို၏။
ထို့နောက် ဖြစ်ပေါ်လာသော အဟန့်အတားကို အဘက်ဘက်မှ စူးစမ်းဆင်ခြင်နိုင်ဖို့ လို၏။
နောက်ဆုံးအချက် အနေဖြင့် ဖယ်ရှားနည်း ဖယ်ရှားဟန်မှန်ဖို့ လို၏။
သို့မှသာ မသာယာဖွယ်တည်း ဟူသော အဟန့်အတားမှ ထွက်မြောင်ရာကို ကျေကျေနပ်နပ် ရရှိနိုင်မည် ဖြစ်ပါ၏။
သို့မဟုတ်ပါက နောက်ကြောင်းမအေးဘဲ စိတ်တထင့်ထင့် ဝေဒနာကို ခံစားနေရပေလိမ့်မည်။
စုန္ဒကား ထိုနည်းကို မသုံး ဘာပဲဖြစ်ဖြစ် သူ့ဘက်မှ အသာရသော နည်းကိုသာ သုံး၏။
အနာခံရသော နည်းကို မသုံး။
ပြဿနာတစ်ရပ်ကို ဖြေရှင်းရာ၌ အလျှော့အတင်း သဘောတရားကို လိုက်နာရ၏။
ယင်း သဘောတရားကို ပါဠိဝေါဟာရအားဖြင့် "ဟာနောပါဒါန" ဟု ခေါ်၏။
ဟာန-ဟူသည် အလျှော့ပေးခြင်း ဖြစ်၏။
ဥပါဒါန-ဟူသည် တင်းခံခြင်း ဖြစ်၏။
သို့ရာတွင် စုန္ဒသည် ထိုသဘောတရားကို မသုံး။
သူ အသာစီးရသော သဘောတရားကိုသာ သုံး၏။
စုန္ဒသည် သူ့ဘဝအတွက် အမြဲတမ်း သာယာဖွယ်ကိုချည်း ရှာသူဖြစ်၏။
စုန္ဒသည် မတန်တဆဈေးဖြင့် အနယ်နယ် အရပ်ရပ်မှ ဝယ်ယူလာသော ဝက်ပေါက်စများကို သူ့အိမ်နောက်ဘက်ရှိ ဝက်ခြံကြီးထဲ၌ လှောင်ထား၏။
သတ်ဖြတ်လောက်သော အရွယ်သို့ မရောက်မချင်း စုန္ဒသည် ဝက်များကို ကောင်းမွန်စွာ ကျွေး၏။
ဝက်များ ဝဖြိုး အသားတိုးမှ အရောင်းအဝယ် လုပ်ရာ၌ အမြတ်များများ ရသည်ကို စုန္ဒသိ၏။
ထို့ကြောင့် စုန္ဒသည် ဝက်များကို အစာကျွေးရာ၌ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ပြုလုပ်၍ ကျွေးပါ၏။
စုန္ဒသည် ဝက်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးသော်လည်း စုန္ဒ တစ်အိမ်တည်း လွင်တီးခေါင်မှာ နေသည် မဟုတ်။
ရွာထဲရပ်ထဲ၌ပင် နေ၏။
ရွာထဲရပ်ထဲ၌ နေသည် ဆိုကတည်းက စုန္ဒသည် လူ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ဦး အနေဖြင့် မလွဲမသွေ ပါဝင်လာရ၏။
ထိုအခါ လူ့အဖွဲ့အစည်းတွင် ရှိသော လူမှုရေး နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး ဘာသာရေး စသော ရေးရာ အဖြာဖြာတို့နှင့် မလွဲမသွေ ကြုံကြိုက်ရ၏။
ထိုသို့ ကြုံကြိုက်ရာတွင် လူမှုရေးအရလည်း လူသားအချင်းချင်း ဆက်ဆံရ၏။
နိုင်ငံရေးအရလည်း လူသားအချင်းချင်း ဆက်ဆံရ၏။
စီးပွားရေးအရလည်း ရောင်းသူနှင့်ဝယ်သူ အချင်းချင်း ဆက်ဆံရ၏။
အုပ်ချုပ်ရေးအရလည်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူ အချင်းချင်း ဆကံဆံရ၏။
ဘာသာရေး၌ကား ထိုကဲ့သို့ မဟုတ် တစ်ဦးတည်း တစ်ယောက် တည်း လုပ်ရ၏။
တစ်ဦးတည်း တစ်ယောက်တည်း လုပ်မှလည်း ဆိတ်ငြိမ်ရာကို ရ၏။
ဆိတ်ငြိမ်ရာကို ရမှလည်း ပို၍ ထိရောက်၏။
ဘာသာရေးသည် အခြားတစ်ဖက်ကို မငဲ့သော ဆက်ဆံရေးနှင့် မပတ်သက်သော ပုဂ္ဂလိက လုပ်ငန်းသဘောမျိုး သက်ရောက်သဖြင့် အခြားသော နိုင်ငံရေး စီးပွားရေး စသော ရေးရာများလောက် အရေးမကြီးဟု ထင်မှားတတ်ကြ၏။
အမှန်အားဖြင့် ဘာသာရေးသည် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို တည်ဆောက်ရာ၌ ပဓာန ကျ၏။
ကိုယ်ကျင့်တရားကောင်းသော လူတစ်ဦးချင်းစီး ပါဝင် ဖွဲ့စည်းထားသော လူ့အဖွဲ့စည်းသည်သာ လူ့လောက အေးချမ်းသာယာရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်၏။
စုန္ဒသည် ကိုယ်ကျင့်တရား တည်ဆောက်ရေးအတွက် ဘာသာရေး ဟူသမျှ၌ စိတ်ဝင်စားခြင်း မရှိသဖြင့် သူ့၌ ကောင်းသော ကိုယ်ကျင့်တရာ မရှိ။
ထို့ကြောင့် စုန္ဒသည် ရပ်ထဲရွာထဲ၌ နေသော်လည်း သူ၏ အိမ်နား ပတ်ဝန်းကျင်အပေါ် ငဲ့ညှာထောက်ထားရမှန်း မသိ။
အားနာရမှန်း မသိ။
သူ လုပ်ချင်သည့် လုပ်ငန်းကို ဇွတ်တရွတ် လုပ်၏။
အမှန်အားဖြင့် စုန္ဒသည် လူမဟုတ်သော လူဖြစ်၏။
စုန္ဒသည် သတ်ဖြတ်သင့်သော အခြေအနေသို့ ရောက်သောဝက်များကို သတ်ဖြတ်၍ ရောင်း၏။
သို့ရာတွင် စုန္ဒ ဝက်သတ်နည်းကား ယခုခေတ် ဝက်သတ်နည်းနှင့် မတူ။
စုန္ဒသည် ဝက်များကို တိုင်၌ ချည်နှောင်၏။
မရုန်းနိုင်အောင် လုပ်၏။
ထိုနောက် တင်းပုတ်နှင့် ထု၏။
အသားများ ဖူးဖူးရောင်လာအောင် ပြုလုပ်ခြင်း ဖြစ်၏။
ထိုအခါ ဝက်များသည် အလွန်ဝလာဟန် ရှိလာ၏။
ထို့နောက် စုန္ဒသည် ဝက်များ၏ အာခေါင်ကို တုတ်နှင့် ထောက်ထား၏။
ဝက်များ၏ ပါးစပ်သည် ပွင့်ဟ၍ နေ၏။
စုန္ဒသည် ဝက်များ၏ ပါးစပ်ထဲသို့ ကျိုက်ကျိုက်ဆူနေသော ရေနွေးကို လောင်းထည့်၏။
ဝက်များ၏ ခန္ဓာတွင်းမှ မစင်များကို အရည်ပျော်၍ ထွက်သွားအောင် လုပ်၏။
ဤသို့ ရေနွေး ကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်၏။
ဝက်များ၏ အူအတွင်းမှ ကျဆင်းလာသော အရည်သည် ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်၏။
စုန္ဒ၏ ဝက်သတ်နည်းသည် တွေးကြည့်လျှင် ကြက်သီးမွေးညင်းထဖွယ် ကောင်းလောက်အောင် ရက်စက်လှသည်။
စုန္ဒ၏ အိမ်နီးနားချင်းနေ လူများအဖို့တော့ မည်သို့ခံစားရမည် မသိ။
စုန္ဒသည် မည်သူ့ကိုမျှ အရေးထားသည် မဟုတ်။
သူ လုပ်ချင်သည့်အတိုင်း လုပ်သူ ဖြစ်၏။
စုန္ဒ၏ အိမ်နားတွင် မနေလိုပါက ပြောင်းရွှေ့သွားရုံသာ ရှိ၏။
မမြင်လိုပါက မျက်စိကို ပိတ်ထားရုံသာ ရှိ၏။
မကြားလိုပါကလည်း နားကို ပိတ်ထားရုံသာ ရှိ၏။
စုန္ဒကတော့ မည်သူ့ကိုမျှ အလေးထား၍ စဉ်းစားမည် မဟုတ်။
စုန္ဒ၏ အိမ်နားမှ ပြောင်းရွှေ့မသွားနိုင်ကြသူများသည် စုန္ဒကို လျစ်လျူရှုရုံမှတစ်ပါး အခြားနည်းလမ်းများ မရှိတော့။
ဤနည်းအတိုင်း စုန္ဒသည် ၅၅ နှစ်တိုင်တိုင် ဝက်လုပ်ငန်းဖြင့် အသက်မွေးမြူ၏။
ထိုကာလအတွင်း စုန္ဒသည် ဝက်များကို သတ်ရာ၌ အလွန်ပျော်၏။
ဝက်များကို တင်းပုတ်ဖြင့် ထုသောအခါ ဝက်များ အော်ဟစ်ကြသည်ကို ကြားရလျှင်လည်း စောင်းသံကို ကြားရသည့်နှယ် အလွန်ပီတိဖြစ်၏။
ကျိုက်ကျိုက်ဆူနေသော ရေနွေးများကို ဝက်များ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သောအခါ ဝက်များ စူးစူးဝါးဝါး အော်ဟစ်ကြသည်ကို ကြားရသော စုန္ဒသည် အလွန် နားထောင် ကောင်းသည်ဟု ထင်၏။
စုန္ဒသည် လောကကို အသိမှား (စိတ္တဝိပ္ပလ္လာသ) အမှတ်မှား (သညာဝိပ္ပလ္လာသ) အမြင်မှား (ဒိဋ္ဌိဝိပ္ပလ္လာသ) တို့ဖြင့် ကြည့်သောအခါ လောကသည် အလွန် ပျော်စရာကောင်းသော ကစားကွင်းသဖွယ် ဖြစ်သည်ဟု မြင်ရ၏။
ဤအမြင်ကို ရှေးခေတ်က လောကာယထ အမြင်ဟု ခေါ်၏။
အိန္ဒိယ ဒဿနကျမ်းများ၌မူ ယင်းအမြင်မျိုးကို စာရ်ဝကအမြင်ဟု ဆို၏။
ယင်းအမြင်သည် သံသရာကို မယုံကြည်သော အမြင်ဖြစ်၏။
စာရ်ဝက၏ ဆောင်ပုဒ်မှာ "ကြွေးယူ၍ ထောပတ်ကို သောက်ပါ" ဟူ၍ ဖြစ်၏။
ဤအယူကိုမူ စုန္ဒသည် နှစ်သက်ပုံ ရ၏။
ထို့ကြောင့် စုန္ဒသည် မည်သူ့ကိုမျှ အလေးမထားဘဲ သူကြိုက်သလို နေခြင်း ဖြစ်၏။
သို့ရာတွင် ဤလောက၌ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ဓမ္မသည် အဓိပတိအနေဖြင့် နောက်ဆုံး အုပ်စိုးသည်သာ ဖြစ်၏။
အဓမ္မ၏ လွှမ်းမိုးမှုကား ယာယီမျှသာ ဖြစ်၏။
အဆုံးတစ်နေ့တွင် ဓမ္မသည်သာ အဓမ္မအပေါ် အောင်ပွဲခံရ၏။
ထို့ကြောင့် စုန္ဒသည်လည်း ဓမ္မ၏ အပြစ်ပေးမှုကို မလွဲမသွေ ခံရမည် ဖြစ်၏။
ဝိပ္ပလ္လာသ မျက်မှန်တပ်ပြီ မိမိ၏ ဘဝကို သာယာဖွယ်အဖြစ် မြင်ကြသော အတ္တလွန် ပုဂ္ဂိုလ်တို့၏ သွားရာလမ်းကား အပါယ်လေးဘုံသာ ဖြစ်၏။
တစ်နေ့တွင် စုန္ဒသည် မမာမကျန်း ဖြစ်၏။
လောကအပေါ် အနိုင်ယူခဲ့သမျှ ယခုတော့ စုန္ဒသည် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရလေပြီ။
၅၅ နှစ်လုံးလုံး ဝက်များအပေါ် စုန္ဒ ပြုမူခဲ့သည့်အတိုင်း အဝီစိငရဲ မီးလျှံသည် စုန္ဒဆီသို့ ရောက်လာ၏။
စုန္ဒသည် ပူလောင်သော ဝေဒနာကို ပြင်းပြစွာ ခံစားရ၏။
ဝက်များ သွားသည့်အတိုင်း လေးဖက်ထောက်၍ သွားရ၏။
ဝက်များ အော်ဟစ်သည့်အတိုင်း ဆူညံစွာ ဝက်သံဖြင့် အော်ဟစ်ရ၏။
အကုသိုလ်ဟူသည် ဓမ္မနိယာမအတိုင်း တူသော အကျိုးကို ပေး၏။
ကုသိုလ်လည်း တိုနည်းတူပင် တူသော အကျိုးကို ပေး၏။
ဤနေရာ၌ကား စုန္ဒသည် သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံး ကုသိုလ်မှုဟူ၍ ဘာမျှ မပြုလုပ်ခဲ့သည့်အတွက် ကုသိုလ်နှင့် ပတ်သက်၍ တူသော အကျိုးပေးစရာ ဘာမျှမရှိ။
အကုသိုလ်ကသာ တူသောအကျိုး ပေးစရာ ရှိလေသည်။
စုန္ဒ၏ ကိုယ်၌ အနာတို့သည် ဖူးဖူးရောင်ထ ကြကုန်၏။
အဝီစိငရဲမီးလျှံသည် စုန္ဒကိုယ်ပေါ် လွှမ်းခြုံထား၏။
စုန္ဒသည် သတိလွတ်ကင်း၍ အိမ်၏ အတွင်း၌ ဟိုမှသည်မှ လှည့်လည်ပြေးသွား၏။
အိမ်သူ အိမ်သားတို့ကလည်း စုန္ဒ အဝေးသို့ ထွက်မပြေးနိုင်စေ့သောငှာ အိမ်တံခါးကို လုံခြုံစွာ ပိတ်ထားကြ၏။
လုံခြုံစွာ ပိတ်၍ ထားသော အိမ်အတွင်း၌ စုန္ဒသည် ဝက်ခြံတွင်း၌ အသတ်ခံရမည့် ဝက်များ ထွက်ပေါက် ရှာသကဲ့သို့ လှည့်လည်၍ ထွက်ပေါက်ရှာ၏။
စုန္ဒသည် ဝက်၏ အော်သံဖြင့် ဆူညံစွာ အော်ဟစ်လျက် နေ၏။
စုန္ဒသည် အရှင်လတ်လတ် ပူပြင်းလှသော အဝီစိငရဲမီးဒဏ်ကို ပြင်းထန်စွာ ခံစားရ၏။
အိမ်းနီးပါးချင်းတို့သည် စုန္ဒ၏ အော်သံကြောင့် အိပ်၍မရဘဲ ရှိကြ၏။
စုန္ဒသည် ခုနစ်ရက်ပတ်လုံး ဝက်များကို သူသတ်စဉ်က ဝက်များ ခံစားရသည့်အတိုင်း ခံစားရ၏။
ဝက်များ ပြေးပေါက်ရှာသည့်အတိုင်း သူလည်း ပြေးပေါက်ကို ရှာရ၏။
ဝက်များ နာကျင်စွာ ခံစားရသော ဝေဒနာကြောင့် အော်ဟစ်ရသကဲ့သို့ စုန္ဒသည် အော်ဟစ်ရ၏။
ခုနစ်ရက်တိုင်တိုင် စုန္ဒသည် အရှင်လတ်လတ် လူ၏ခန္ဓာဖြင့် အဝီစိငရဲ၏ ဒဏ်ကို ခံစားရပြီးနောက် သေဆုံး၍ အဝီစိငရဲ၌ ကျရောက်လေ၏။
စုန္ဒ၏ အိမ်နီးပါးချင်းတို့သည် များစွာ ထိတ်လန့်ကြ၏။
စုန္ဒ၏ အိမ်အနီးမှ ဖြတ်၍သွားကြသော ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြ၏။
'စုန္ဒ၏ အိမ်၏ ခုနစ်ရက်ပတ်လုံး ဝက်များ သတ်နေသည့် အသံကို ကြားရပါသည်။
စုန္ဒသည် အလွန် ရက်စက်ကြမ်းကြုတ်သောသူ ဖြစ်ပါသည်။
ဤမျှလောက် ရက်စက် ကြမ်းကြုတ်သောသူ တစ်စုံတစ်ယောက်ကိုမျှ တပည့်တော်တို့ မတွေ့ဖူးပါ'ဟု လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားက 'ချစ်သား ရဟန်းတို့ စုန္ဒသည် ခုနစ်ရက်ပတ်လုံး ဝက်တို့ကို သတ်နေသည် မဟုတ် ၅၅ နှစ်တို့ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည် ဤပစ္စုပ္ပန်ဘဝ၌ပင် စုန္ဒအား တူသော အကျိုးကို ပေးခြင်း ဖြစ်၏။
ယနေ့တွင်မှ စုန္ဒသည် ကွယ်လွန်၍ အဝီစိငရဲသို့ ကျရောက်ခြင်း ဖြစ်သည်'ဟု မိန့်တော်မူကာ အောက်ပါ ဂါထာကို ဟောတော်မူ၏။
- မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘဝ၌လည်း စိုးရိမ် ပူပန်ရ၏။ နောင်တမလွန် ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်ဘဝလုံး၌ စိုးရိမ်ပူပန်ရ၏။
- ထိုသူသည် မိမိ၏ ညစ်ညူးသော အကုသိုလ် ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ် ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။
ဤလောက၌ လူဟူ၍ ဖြစ်လာပြီး အရွယ်ရောက်လာသည်နှင့် တစ်ပြိုင်နက် အလုပ်များကို တစ်ခုမဟုတ် တစ်ခု လုပ်ရတော့မည် ဖြစ်၏။
အလုပ်ကို လုပ်သောအခါ နှလုံးသွင်းသည်လည်း မလွဲမသွေ ပါလာရ၏။
ထိုတွင် အလုပ်ပြီးမြောက်မှုသည် ပဓာနမဟုတ် နှလုံးသွင်း ကောင်းမှုသည်သာ ပဓာန ဖြစ်၏။
ထို့ကြောင့် နှလုံးသွင်းသည် မိမိလုပ်သော အလုပ်နှင့် ပတ်သက်၍ ကောင်းသော နှလုံးသွင်းလည်း ရှိ၏။
မကောင်းသော နှလုံးသွင်းလည်း ရှိ၏။
ကောင်းသော နှလုံးသွင်းဟူသည် မိမိ၏ ဘဝကို လောကအတွက် အသုံးချခြင်း ဖြစ်၏။
မကောင်းသော နှလုံးသွင်းဟူသည် လောကကို မိမိဘဝအတွက် အသုံးချခြင်း ဖြစ်၏။
ထို့ကြောင့် လောကကို မိမိဘဝအတွက် အသုံးချရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများကို လုပ်ပါက ထိုလုပ်ငန်း၌ ငါ့အတွက်ဟူသော နှလုံးသွင်းသည် အမြဲတမ်း လွှမ်းမိုး၏။
"ငါ"ဟူသော ခံယူချက် လွှမ်းမိုးသည်နှင့်အမျှ လောကအပေါ် လေးစားသော စိတ်များ မရှိတော့။
"မှုစရာလား" ဟူ၍သာ ခံယူထားတော့၏။
ထို့ကြောင့် သူ့ဘဝအတွက် အကျိုးရှိမည်ဆိုလျှင် ဘာမဆို လုပ်ရဲ၏။
တရားသည် မတရားသည်ကို သူ မမှု သူ မှုသည်ကား သူ့ဘဝအတွက် သူ ရည်မှန်းထားသော ရည်မှန်းချက် ပြည့်စုံရေးပင် ဖြစ်၏။
ထိုရည်မှန်းချက်သာ ပြည့်စုံမည်ဆိုလျှင် လောကပါလခေါ် လောကကို ဖရိုဖရဲ ဖြစ်မသွားအောင် စောင့်ရှောက်တတ်သော ဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးကိုလည်း အလေးမထားတော့ဘဲ သူလုပ်ချင်ရာကို ဇွတ်အတင်းလုပ်မည် ဖြစ်၏။
လုပ်ငန်းများကို လုပ်ရာတွင် ထားရှိရမည့် သဘောထား သုံးမျိုးကို မြတ်စွာဘုရားသခင်က ဟောတော်မူထား၏။
ပထမ သဘောထားမှာ မိမိ၏ သိက္ခာကို မိမိက လေးစားရခြင်း ဖြစ်၏။
"တစ်သက်လုံးဖုံးသမျှ ကုန်းခါမှ ပေါ်" ဟူသော အဖြစ်မျိုး မရောက်ရလေအောင် မိမိ၏ ဘဝတစ်လျှောက်လုံး ထိန်းသိမ်းစောင့်ရှောက်လာသော ဂုဏ်သိက္ခာများ မိမိ၏ မျိုးရိုးစဉ်ဆက် ဂုဏ်သိက္ခာများကို လေးစားသော သဘောထားဖြင့် လုပ်ငန်းများကို လုပ်ရ၏။
ဤသဘောထားကို အတ္တာဓိပတိ ဟု ခေါ်၏။
ဒုတိယ ထားရှိရမည့် သဘောထားမှာ လောကာဓိပတိ ဖြစ်၏။
လောကာဓိပတိ ဟူသည် ပတ်ဝန်းကျင်လောကကို လေးစားခြင်း ဖြစ်၏။
ပတ်ဝန်းကျင်လောကတွင် အစဉ်အတိုင်း မိမိ၏ မိသားစု မိမိ၏ ရပ်ရွာ မိမိ၏ မြို့နယ် မိမိ၏ နိုင်ငံနှင့် ကမ္ဘာတစ်ခုလုံး ပါဝင်၏။
တစ်နည်းအားဖြင့် ဆိုရလျှင် လူသားအားလုံး ပါဝင်၏။
အမှန်အားဖြင့် လူတစ်ယောက်သည် လူသားအားလုံး ပါဝင်သော လူ့အဖွဲ့စည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လေရာ တစ်ဦးချင်းကောင်းပါမှ လူ့အဖွဲ့အစည်း တစ်ခုလုံး ကောင်းပေမည်။
ယာဉ်တစ်စီး ချောမောစွာ လှုပ်ရှား ပြေးသွားနိုင်ရေးသည် ယာဉ်၏ အစိတ်အပိုင်းဖြစ်သော ခွေးသွားစိတ်တစ်ခု၏ ကောင်းမွန်မှု၌ တည်ပါ၏။
ထို့ကြောင့် လူတစ်ဦးတစ်ယောက်သည် ပတ်ဝန်းကျင် လောက၏ ငြိမ်းချမ်းသာသာရေးအတွက် တာဝန် ရှိပါ၏။
သို့ဖြစ်၍ မိမိနှင့် ပတ်ဝန်းကျင် လောက၌ နစ်နာမှု မရှိရလေအောင် ပတ်ဝန်းကျင်ကို လေးစားရခြင်း ဖြစ်ပါ၏။
တတိယ ထားရှိရမည့် သဘောထားသည် ဓမ္မာဓိပတိ ဖြစ်၏။
ဤ၌ ဓမ္မသည် အရာကျယ်၏။
သံသရာတွင်းနှင့်လည်း ပတ်သက်၏။
သံသရာလွန်နှင့်လည်း ပတ်သက်၏။
လောကနှင့်လည်း ပတ်သက်၏။
လောကုတ္တရာနှင့်လည်း ပတ်သက်၏။
တစ်ဦးချင်းနှင့်လည်း ပတ်သက်၏။
လောကနှစ်ခုလုံးနှင့်လည်း ပတ်သက်၏။
ထို့ကြောင့် ဆိုင်ရာဆိုင်ရာ သတ်မှတ်ထားသော ယဉ်ကျေးမှုများ ဓလေ့ထုံးစံများ စည်းမျဉ်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ဤလေက၌ ပစ္စက္ခ ငြိမ်းချမ်းသာယာရေးအတွက် စိတ်ရင်း စေတနာမှန်နှင့် လေးစားအပ်၏။
တမလွန် ငြိမ်းချမ်းသာယာရေးအတွက် ဆိုင်ရာဆိုင်ရာ သတ်မှတ်ထားသော ကိုယ်ကျင့်သိက္ခာများ ကုသိုလ်ကောင်းမှုများ တရားဓမ္မ ကျင့်စဉ်များကိုလည်း လေးစားအပ်၏။
အနက်အဓိပ္ပာယ်အားဖြင့် ဓမ္မဟူသည် ကောင်းသော သဘောကို ဆောင်ပါမှ ဓမ္မမည်၏။
မိမိတို့၏ အယူအရ ကောင်းသည်ဟု သတ်မှတ်ထားရုံမျှနှင့်တော့ ဓမ္မမဟုတ်။
ဓမ္မဟူသည် တဏှာ မာန ဒိဋ္ဌိတို့ကို ပါးသည်ထက် ပါးအောင် လုပ်နိုင်သော သဘောရှိမှသာ စစ်မှန်သော ဓမ္မမည်၏။
ထို့ကြောင့် ဓမ္မာဓိပတိအရ တရားကို လေးစားခြင်း ဟူသည်မှာ လုပ်ငန်းများကို လုပ်ရာ၌ မိမိ၏ တဏှာ မိမိ၏ မာန မိမိ၏ ဒိဋ္ဌိတို့ကို ပါးနိုင်သမျှ ပါးအောင် ဆောင်ရွက်ခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် ဆိုရလျှင် မိမိ၏ အတ္တကို ပါးနိုင်သမျှ ပါးအောင် လုပ်ခြင်းပင် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အတ္တဟူသည် တဏှာဖြင့် စွဲသော အတ္တလည်း ရှိ၏။
မာနဖြင့် စွဲသော အတ္တလည်း ရှိ၏။
ဒိဋ္ဌိဖြင့် စွဲသော အတ္တလည်း ရှိ၏။
သို့ဖြစ်၍ အတ္တပါးလျှင် တဏှာ မာန ဒိဋ္ဌိတို့လည်း အထိုက်အလျောက် ပါးသောကြောင့် ဓမ္မာဓိပတိအရ အတ္တပါးအောင် လုပ်ခြင်းသည် တရားကို လေးစားခြင်းမည်၏ဟု ဆိုခြင်း ဖြစ်၏။
မိမိ၏ ဘဝသက်တမ်းတစ်လျှောက် လုပ်ငန်းများကို လုပ်ရာတွင် ဓမ္မာဓိပတိသဘော ပါဝင်မှု ရှိ မရှိကို သေခါနီးကာလ၌ ပြ၏။
သေခါနီးကာလတွင် ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ် တည်းဟူသော နိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသည် မလွဲမသွေ ထင်ရ၏။
ကံသည် ဓမ္မာနိယာမအရ မိမိနှင့် တူသော အကျိုးကို ပေး၏။
ကံကို လိမ်၍ ညာ၍ မရ။
မိမိအနေဖြင့် မိမိလုပ်သော အမှုကို ပုထုဇဉ်တို့၏ ဓမ္မတာအရ အကောင်းဟူ၍ချည်း ထင်လေရာ မိမိ၏အထင် မှန် မမှန်ကို သေခါနီး ကာလ၌ သိရ၏။
စုန္ဒဝတ္ထု၌ စုန္ဒလုပ်ခဲ့သော ကံများက ဂတိနိမိတ်အနေဖြင့် စုန္ဒအား ပြ၏။
စုန္ဒသည် ဝက်ကဲ့သို့ အော်ရ၏။
ဝက်ကဲ့သို့ ပြေးသွားရ၏။
ကျိုက်ကျိုက်ဆူနေသော ရေနွေးပူလောင်ခြင်း၏ ဒဏ်ကို ဝက်များ ခံစားရသကဲ့သို့ စုန္ဒသည် လူ့ဘဝ၌ပင် အရှင်လတ်လတ် ခုနစ်ရက်တိုင်တိုင် အဝီစိ ငရဲမီးလောင်းခြင်းကို ခံရ၏။
ဤမျှလောက် ခံစားရရုံနှင့် မပြီးသေး သေတော့လည်း အဝီစိ ငရဲသို့ပင် ကျရလေ၏။
မိမိပြုခဲ့သော ကံသည် မိမိအနေဖြင့် ကောင်းသည်ဟု ထင်၍ လုပ်ခဲ့ခြင်း ဖြစ်စေကာမူ သေခါနီး ကာလ၌ သူ့သဘော သူဆောင်ကာ ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတို့တွင် တစ်ပါးပါးသော နိမိတ်ဖြင့် တူသော အကျိုးပေးသည့် သဘောကို မလွဲမသွေ ပြမည် ဖြစ်၏။
ဝရမ်းပြေး လူဆိုးသည် ရာဇဝတ်ဘေးမှ ပြေး၍ လွတ်ချင် လွတ်ဦးမည်။ အကုသိုလ်ကို ပြုလုပ်ခဲ့ပါက ထိုအကုသိုလ်ကို မဂ်ဉာဏ်ဖြင့် မပယ်သတ်နိုင်လျှင် ၃၁ ဘုံ၌ ဘယ်နေရာ ပြေးပြေး ယင်း အကုသိုလ်၏ ပြစ်ဒဏ်မှ မလွတ်နိုင်။
ပုထုဇဉ်ဖြစ်လျှင် အပါယ်လေးပါးသို့ပင် ကျနိုင်၏။
ထို့ကြောင့် "ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ တရှုပ်ရှုပ်" ဆိုခြင်း ဖြစ်၏။
အကယ်၍ ရဟန္တာဖြစ်ပြီး နောက်ဘဝ မရှိလျှင်သော်မှ ရှင်မောဂ္ဂလ္လာန်လို ခိုးသားလူဆိုးများ၏ ရိုက်နှက်ခြင်းကို ခံရတတ်ပါ၏။
ထို့ကြောင့် ဤလောကတွင် မည်သည့်လုပ်ငန်းကို လုပ်လုပ် အကုသိုလ် လုပ်ငန်းများကို မလုပ်မိအောင် အတ္တစိတ် နည်းပါးအောင် လောကကို မိမိဘဝအတွက် အသုံးမချဘဲ မိမိဘဝကိုသာ လောကအတွက် အသုံးချတတ်အောင် ဤဂါထာဖြင့် မြတ်စွာဘုရားက တရားနာပရိသတ်အား ဟောကြားတော်မူခြင်း ဖြစ်ပါ၏။
အလွန်သံဝေဂ ယူဖွယ်ကောင်းသော ဝတ္ထုဖြစ်သဖြင့် ပိဋကတ်တော်၌ မှတ်တမ်းအဖြစ် ပါဝင်ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။
(ဦးရွှေအောင် "ကုသိုလ်နှင့် အကုသိုလ်စာအုပ်မှ)
=====================================
Credit:
ဓမ္မဒီပအရှင်ဝိသိဋ္ဌ
ကျေးလက်ကြယ်တစ်ပွင့်
မျှဝေပူဇော်သည်။
No comments:
Post a Comment