Wednesday, December 26, 2018

ပရမတ်သက်သက်ကိုသာ စရှုခိုင်းတဲ့ ကမ္မဋ္ဌာန်းကိုပဲ ညွှန်ပြပေးပါ။

မေး - ဝိပဿ     နာသမားဖြစ်လို့
ပရမတ်သက်သက်ကိုသာ
စရှုခိုင်းတဲ့ ကမ္မဋ္ဌာန်းကိုပဲ ညွှန်ပြပေးပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဖြေ - ဝိပဿ     နာဉာဏ်ရဲ့ အာရုံဟာ ပရမတ်အာရုံသာဖြစ်တယ်ဆိုတာကို သိထားပြီးသူ ဖြစ်ပါလိမ့်မယ်။

ဝိပဿ     နာတရားအတွက် အားထုတ်နည်းကို ညွှန်ပြတဲ့အခါ ပညတ်သဘောတွေကို အခြေခံပြီး ပရမတ်ကို မြင်စေနိုင်တဲ့ အားထုတ်နည်းရယ်၊ ပရမတ်သဘောတွေကို တိုက်ရိုက် မြင်စေနိုင်တဲ့ အားထုတ်နည်းရယ်လို့ ရှိကြပါတယ်။

ပညတ်သဘောတွေကို အခြေခံတဲ့နည်းက အချိန်ကြာကြာ၊ နေရာမရွေ့ဆိုတဲ့ သဘောမျိုးတွေ၊ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင်အဆင်းတွေကို ညွှန်ပြတဲ့သဘောတွေနဲ့ စပြီး ပြောပေး ဆိုပေးကြရတာပါ။

ပရမတ်အာရုံကို သိနိုင်တဲ့ ဝိပဿ     နာဉာဏ်ဖြစ်လာရင်တော့
“ပရမတ်မှန်၊ ခပ်မြန်မြန်၊ ဧကန်မုချ၊ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်း ပျက်တယ်” ဆိုတဲ့ သဘောကို သိလာ နိုင်ပါပြီ။

ပရမတ်သဘောကို တိုက်ရိုက်မြင်စေနိုင်တဲ့ အားထုတ်နည်းကတော့ ပရမတ်တွေရဲ့ အချိန်မရွေး အမြဲတမ်း မြန်မြန် ဖြစ်ပျက်ပြောင်းလဲနေကြတဲ့ သဘောကိုပဲ ပြောဆို ညွှန်ပြကြပါတယ်။

ရုပ်ပရမတ်၊ နာမ်ပရမတ်သဘောတွေ၊ ခန္ဓာ၊ အာယတန ပရမတ်သဘောတွေကို ညွှန်ပြကြပါတယ်။

ဒီလိုပရမတ် တိုက်ရိုက် ညွှန်ပြရာမှာလည်း အသုံးအနှုန်း အပြောအဆိုကတော့ တစ်ဦးနဲ့ တစ်ဦး နားလည်စေတဲ့ အသုံးအနှုန်း ပညတ်အခေါ်အဝေါ်တွေနဲ့ပဲ ပြောဆိုရပါတယ်။

အခု အမေးက ပရမတ်ကိုသာ အားသန်တယ်။ ပညတ်ကို ဂရုမစိုက်ချင်တော့ဘူးဆိုတဲ့ သဘောတွေ ပါဝင် ပါတယ်။

ဝိပဿ     နာကမ္မဋ္ဌာန်းဆိုပေမယ့် ကျေးဇူးရှင် ဆရာသမားများက သင့်တော်ရာ၊ သင့်လျော်ရာ ပညတ်အခြေခံပြီး ညွှန်ပြတဲ့နည်းတွေကို အသုံးပြုတာ များပါတယ်။

“ထိ-သိ”၊ ဒါဟာ ပရမတ်အစစ်ညွှန်တဲ့ ဝိပဿ     နာပါလို့ ပြောကြရင်လည်း အသုံးအနှုန်းက ပညတ်ပါပဲ။ ရုပ်ကို ဉာဏ်နဲ့ကြည့်၊ နာမ်ကို ဉာဏ်နဲ့ကြည့်၊ ဖြစ်ပျက်ကြည့်ဆိုတာတွေလည်း ဒီလိုပါပဲ။

ဒီသဘောတွေကို ဒီလောက်ပြောရုံနဲ့ မသိနိုင်သေးတဲ့ သူတွေက များလှပါသေးတယ်။

အသေးစိတ် သိအောင်၊ သေချာသိအောင် ပြောဆိုပေးကြရဦးမှာပါ။ ဒီအခါမှာ နေရာ၊ ဒေသ၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အချိန်ကာလ စတဲ့ ပညတ်သဘောတွေကို ပြောပေးရ၊ ဆိုပေးရပါသေးတယ်။

ဝိပဿ     နာတရားကို သိလိုတဲ့ သမ္မာဆန္ဒရှိသူအနေနဲ့က ပညတ်သဘောတွေကိုရော ပရမတ်သဘောတွေကိုပါ နားလည်ထားရပါတယ်။ သိထားရပါဦးမယ်။ ဒါမှလည်း ဒီခေတ် ဒီအခါမှာ တရားသိဖို့ရန်
ပိုပြီး အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။

ပညတ်ဆိုတာ သမုတိသစ္စာ နယ်ပယ်ပါ။

ပရမတ်ဆိုတာ ပရမတ္ထသစ္စာ နယ်ပယ်ပါ။

ဒီနယ်ပယ်နှစ်ခုရဲ့ အကျယ်အဝန်းကို သိနားလည်ထားသူအတွက် တရားအလုပ်မှာ တကယ် ကျေးဇူးများပါတယ်။

ပရမတ်နဲ့ ပညတ်သဘောတွေကို တန်ဖိုးထားမှုနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးတစ်ပါးရဲ့ အဆိုအမိန့်ကို သဘောကျမိတာ ရှိပါတယ်။

ဆရာတော်ကြီးက “ပရမတ္ထသစ္စာကို နားမလည်ရင် အပါယ်ရောက်မယ်” လို့ မိန့်တော်မူပါတယ်။

ပညတ်သမုတိသစ္စာဆိုတာဟာ လောကဝတ္တရားတွေပါ ပါဝင်ပါတယ်။ ဒီဝတ္တရားတွေ ပျက်ပြားသွားရင် အပါယ်လေးပါးကို ရောက်စေနိုင်ပါတယ်။

စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ်သဘောတွေမသိရင် နိဗ္ဗာန်ကို မရောက်နိုင်သေးပေမယ့် ဆရာဝတ်၊ တပည့်ဝတ်၊ မိဘဝတ်၊ သားသမီးဝတ်၊ ကိုယ်ကျင့်သီလဆိုတဲ့သဘောတွေကို လိုက်နာကျင့်သုံးရင် အပါယ်မကျနိုင်ဘူးလို့ ပြောလိုတာပါ။

ပရမတ္ထသစ္စာကို သိရင်တော့နိဗ္ဗာန်ကို ရောက်နိုင်လာပြီပေါ့။

ပရမတ်ကိုပဲဖက်တွယ်ပြီး ပညတ်ပယ်ရင် အပါယ်ကျမယ်။ ပညတ်ကိုပဲ ဖက်တွယ်ပြီး ပရမတ်ပယ်ရင်လည်း နိဗ္ဗာန် မရောက်ပါဘူး။

ပရမတ်ကိုလည်းသိ၊ ပညတ်သမုတိသစ္စာကိုလည်း လက်ခံ နားလည်ရင် ပိုကောင်းတာပေါ့။

ဒါကြောင့် ပညတ်ပရမတ် နှစ်မျိုးစလုံးကို နားလည်ပြီး သီလ၊ သမာဓိ၊ ပညာတရားတွေ တိုးပွားအောင်သာ ကြိုးစားကြစေချင်ပါတယ်။

“ဓမ္မဒူတဆရာတော် အရှင်​​ဆေကိန္ဒ - ဝိပဿ     နာတရားသင်တန်း အမေးအဖြေများ(၂)” မှ ကူးယူမျှ​ဝေသည်​. . ..
Credit >> Bhikkhu Samana
               Aung Hein

No comments:

Post a Comment