Sunday, December 30, 2018

အရှက်အကြောက်တရား မရှိခဲ့ရင်

🎃 အရှက်အကြောက်တရား မရှိခဲ့ရင် 🎃
🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓

  🌋 လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ မဖြစ်ဘူး။ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်။ ကြံရွယ်ချက် ရှိလာပြီဆိုရင် လုပ်ဆောင်ချက်
နောက်က လိုက်ရမှာ၊ မလိုက်ဘူးဆိုလို့ရှိရင် ကြံရွယ်ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါလက်တွေ့အနေနဲ့ အင်မတန်မှ ထင်ရှားတယ်။

  🌋နိဗ္ဗာန်ကိုသွားချင်ပြီ ဆိုလို့ရှိရင် ဘာကို ပြင်ရမှာလဲဆိုတော့ ကိုယ့်စိတ်လေးကို ပြင်ရမှာ။ စိတ်လေးကို သန့်ရှင်းအောင် လုပ်ရမှာ၊ စိတ်မှာ အညစ်အကြေးတွေ ရှိနေတယ်၊ ကြေးမုံပြင်ဟာ မှုန်းဝါးဝါး ဖြစ်နေလို့ရှိရင် ကိုယ့်မျက်နှာရိပ်ဟာ ပီပီပြင်ပြင်ပေါ်မှာ မဟုတ်ဘူး။

🌋ပီပီပြင်ပြင် မမြင်ရလို့ရှိရင် မျက်နှာမှာ ဘာရှိ
နေတယ်ဆိုတာ သိနိုင်မှာ မဟုတ်ဘူးပေါ့။ စိတ်ကလေးကြည်လာပြီဆိုရင် အသိဉာဏ်လေး
ဟာလည်း တောက်ပြောင်လာမှာပဲ၊ ဒါကြောင့် စိတ်ကြည်လင်အောင် ကြိုးစားတယ်၊ စိတ်ကြည်လင်ဖို့ရာအတွက် အခြေခံတွေ လုပ်ဖို့လိုအပ်တယ်၊ ဘာတွေ လုပ်ရမလဲ။
(အခြေခံတွေ လုပ်ရမှာ ဘုရား) အဲဒီ အခြေခံတွေ ဆိုတာကို မှတ်ထားဖို့ လိုအပ်တယ်။

🌋စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင်
ဟိရီသြတ္တပ္ပဆိုတဲ့ တရားကို ရှေးဦးစွာ တည်ဆောက်ရမယ်။ ကိုယ့်ရဲ့ စိတ်ထဲနှလုံးထဲမှာ ဖြစ်စေရမယ်။ ဟိရီဆိုတာ မဟုတ်တာလုပ်ရမှာ ရှက်တယ်၊ အဲဒါကို ပြောတာနော်၊ ရှက်တယ်ဆိုတာ လူတွေမှာ လူကြားထဲစကားပြောရမှာ ရှက်တာတို့၊ ဟိုသွားရမှာ ရှက်တာတို့ ဒါမျိုးတွေ ပြောတာမဟုတ်ဘူး။ မဟုတ်တာလုပ်ရမှာ ရှက်တယ်၊ မဟုတ်တာပြောရမှာ ရှက်တယ်၊

🌋အကုသိုလ် ဒုစရိုက်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာမှာကို ရှက်တယ်၊ ရွံတယ်၊ အကုသိုလ်မှန်သမျှ မုန်းတီးတယ်၊ အဲဒါကို ဟိရီ လို့ ခေါ်တာနော်။ အကုသိုလ်ကို ရှက်ဖို့လိုတယ်။ မရှက်လို့ အကုသိုလ် လုပ်တဲ့ပုဂ္ဂိုလ်။ အကုသိုလ်လုပ်ပြီဆိုရင် ဒါ မရှက်လို့ လုပ်တာလို့ပဲ ပြောရမှာ။

🌋လူတွေက အဲဒါကို မသိကြတော့ လူကြားထဲမှာ ဟိုဟာ ဒီဟာလုပ်ရင် အရှက်မရှိလိုက်တာနဲ့ ပြောကြတာနော်၊ တကယ်က အရှက်မရှိဘူးဆိုတာ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် ကိုယ့်သန္တာန်မှာ ဖြစ်ခွင့်ပေး
ထားရင် အရှက်မရှိဘူးလို့ပဲ ပြောရမှာပဲ။ အရှက်မရှိဘူးရဲ့ အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ နားလည်ရမယ်။

🌋 အရပ်ထဲက အရှက်မရှိဘူးဆိုတာ မလုံ့မခြုံ ဝတ်တာကို အရှက်မရှိဘူးလို့ ပြောချင်ပြောမယ်၊ လူကြားထဲမှာ ဟိုလမ်းပေါ်မှာ ထွက်ပြီးတော့ ရန်ဖြစ်ရဲတာတို့၊ ရပ်ကွက်ထဲမှာ မြင်မကောင်း ရှုမကောင်း ဖြစ်အောင် ဆဲတာဆိုတာ ကြားမကောင်း ရှုမကောင်း ဖြစ်အောင် ဆဲတာဆိုတာတို့ အဲဒါမျိုးတွေကျတော့ အရှက်မရှိဘူးလို့ ပြောကြတာ။

🌋အရှက်မရှိဘူးရဲ့ အဓိပ္ပါယ်က ကိုယ့်သန္တာန်မှာ အကုသိုလ်တွေအဖြစ်ခံနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အရှက်မရှိဘူးလို့ပဲ ပြောရမှာ။

🌋ဘာကိုမရှက်တုန်းဆိုတော့ အကုသိုလ်ကို မရှက်တာလေ၊ အခုဟာ လူတော့ ရှက်ချင်ရှက်မှာပေါ့။ အကုသိုလ်ကို မရှက်တာ။ အဲတော့ လူရှက်တာက တစ်မျိုး၊ အကုသိုလ်ကို ရှက်တာက တစ်မျိုး၊ အဲဒီနှစ်ခု ကွဲကွဲပြားပြား သိဖို့ရယ်၊ အကုသိုလ်ကို ရှက်ဖို့လိုတယ်။ အေး အကုသိုလ်ကို ရှက်တာ၊ စက်ဆုတ်တာကို ဟိရီ လို့ ခေါ်တယ်။

🌋သြတ္တပ္ပ ဆိုတာကျတော့ အကုသိုလ်နဲ့ ပတ်သက်
ပြီးတော့ လန့်တယ် ကြောက်တယ်။ လန့်တယ် ကြောက်တယ်ဆိုတာ အကုသိုလ်ကို မိမိသန္တာန်မှာ ဖြစ်လာမှာကို ကြောက်တာ။ အကုသိုလ် မိမိသန္တာန်မှာ ဖြစ်ပေါ်လာလို့ရှိရင် ခံရမယ့် အကျိုးဆက်တွေကိုလည်း ကြောက်တယ်။

🌋 စာပေကျမ်းဂန်တွေမှာ ထင်ရှားအောင် ဥပမာတစ်ခု ပြောထားတယ်။ သံတုံးကြီးတစ်တုံး ဆိုပါစို့၊ တစ်ဖက် မီးဖုတ်ထားလို့ ရဲနေတယ်၊ ဟိုတစ်ဖက်က မစင်အညစ်အကြေးတွေ လူးနေတယ်၊ မစင် အညစ်အကြေးတွေ လူးတဲ့ဘက်ကိုလည်း မကိုင်ဘူး၊ ဘာပြုလို့တုန်း ရွံလို့။ မီးထိထားလို့ ရဲနေတဲ့ဘက်ကို
လည်း မကိုင်ရဲဘူး၊ ဘာလို့တုန်း၊ ပူမှာ ကြောက်လို့ လောင်မှာ ကြောက်လို့။ မကိုင်တာချင်းတော့ အတူတူပဲပေါ့။

🌋အဲတော့ အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ရွံလို့ မလုပ်တာရယ်၊ ကြောက်လို့ မလုပ်တာရယ် မလုပ်တာချင်း အတူတူပဲပေါ့၊ ဟုတ်ရဲ့လား (မှန်ပါဘုရား) ရည်ရွယ်ချက်က ရွံလို့ မလုပ်တာက တစ်ခု၊ ကြောက်လို့ မလုပ်တာက တစ်ခု၊ အဲဒီနှစ်ခုကို မိမိရဲ့နှလုံးသားထဲမှာ ရှေးဦးစွာ တည်ဆောက်ရမယ်တဲ့။

🌋လောကမှာ ဟိရီ၊ သြတ္တပ္ပ မရှိဘဲနဲ့ ကိုယ်ကျင့်သီလဟာ မပြည့်နိုင်ဘူး၊ ဒါကြောင့်မို့ သီလတွေရဲ့ အနီးကပ်ဆုံး အကြောင်းတရားဟာ ဟိရီသြတ္တပ္ပ ပဲ။ `ဟိရီသြတ္တပ္ပ ပဒဋ္ဌာနံ` တဲ့။ ဟိရီသြတ္တပ္ပဟာ သီလရဲ့ အနီးကပ် အကြောင်းတရားလို့ ဆိုတယ်။ အေး၊ အကုသိုလ်ကို လုပ်ရမှာ မရှက်တော့ဘူး၊ အကုသိုလ်ကို မကြောက်တော့
ဘူး ဆိုလို့ရှိရင် ဘယ်လိုမှ သီလ မလုံဘူး။

🌋ဟိရီသြတ္တပ္ပ ဖြစ်လာပြီဆိုရင် သီလ လုံလာတယ်၊ သီလ ရှိလာတယ်၊ ရှိလာတဲ့ သီလဟာလည်း ခိုင်မြဲလာတယ်။ ဒါကြောင့်မို့ ရှေးဦးစွာ ကိုယ့်သန္တာန်မှာ အခြေခံအားဖြင့် စိတ်ကိုဖြူစင်ဖို့ရာအတွက် ဟိရီသြတ္တပ္ပကို အရင်တည်ဆောက်ပါလို့ ပြောတာ။

#ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း တရားတော်မှ
ကောက်နှုတ်ပူဇော်ပါသည်)
credit

No comments:

Post a Comment