Sunday, December 9, 2018

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမများ

မိုးကုတ်ဆရာတော်ကြီးကို မုန်းမှာလားလို့
မေးလိုက်ပါရစေ...
▬▬▬▬▬▬▬▬▬▬▬

" ဟယ် .. ဟွန်းသံကြားလို့ ငါက ပြူတင်း
ပေါက်လှပ်ကြည့်မိတယ် ... ခွေးမကြီး
တစ်ကောင်.. အမဲရိုးကြီး ကိုက်ချီပြီး
ပြန်လာတာတွေ့ သဟဲ့ ... " ။

ကျောင်းဒကာမဖြစ်သူ
ဒေါ်မမ စီးပွားရှာမှ
အိမ်ပြန်လာသောအခါ
မိုးကုတ်ဆရာတော်ကြီးက
ဤသို့ တူးတူးခါးခါး...
ပစ်ပစ်ခါခါဆိုလိုက်သည်

သို့သော်လည်း
ဒေါ်မမက မနာတတ်...
ရယ်ကျဲကျဲသာ  လုပ်နေ
တတ်သည် ။

ဝိုင်းမေးကြသောအခါ
"အဖေကြီးက ဆိုတဲ့ဥစ္စာ
ပန်းပွင့်နဲ့ ပေါက်တာလိုပဲ
မနာပေါင် "တဲ့ ...။

ဒီလိုပါပဲ...
မိုးကုတ်သာဝကမှန်ရင်
ဆရာတော်ကြီးပြောတာ
ဟောတာ မနာတတ်ကြပါဘူး...

ကဲ! မိုးကုတ်ဆရာတော်ကြီး
ပြောတာ ဟောတာ ဆိုတာတွေကို
နာကြလား...
ပန်းနဲ့ပေါက်သလိုဖြစ်မှာလား...
ဆိုတာ.., သိရအောင် ဆရာတော်ကြီး
ဟောဆို ဆုံးမတဲ့ တရားတွေ ထဲကနေ
ထုတ်နူတ်ထားတဲ့ မိုးကုတ် တရားတွေကို
ဖတ်ကြည့်ကြပါဦး ခင်ဗျ...,

---------------------------

၁။
အဲဒီတော့ ခင်ဗျားတို့
ကိုယ့်အကြောင်းကိုယ် မသိတော့
ဘုရားရှေ့မှာဖြစ်စေ၊ သံဃာတော်တွေ
ရှေ့မှာဖြစ်စေ ခင်ဗျားတို့က နိဗ္ဗာန်မရမီ
စပ်ကြားမှာဖြင့် ဒီသား ဒီသမီး
ဒီမြေး ဒီမြစ်နဲ့ ငှက်ဖြစ်သော်လဲ
တစ်ကိုင်းတည်း၊ ဆင်ဖြစ်သော်လည်း
တစ်ကျွန်းတည်း၊ ရှုပ်လိုက်တာတွေ
မပြောပါနဲ့တော့။

အဲဒါတွေ ထည့်မနေနဲ့၊
အဲဒါတွေ ဘာတွေပါလိမ့်မတုံး
ဆိုတာကော သိပလား …
(သိပါပြီဘုရား)။
ဘာပါလိမ့် …
(အရိုးကြီးပွားရေး
တောင်းနေတာပါဘုရား)။
အရိုးကြီးပွားရေးတဲ့ …
(မှန်ပါ့ဘုရား)။

၂။
သူများအရေးထက်ကိုယ့်အရေး
ကြီး ကြစမ်းပါလို့ တိုက်တွန်းပါတယ်။
ခုမှဆုံကြ ကြုံကြတာတွေအတွက်
လောကွတ်တွေများမနေပါနဲ့။
သားတွေ သမီးတွေ
ခင်ပွန်းတွေဆိုတာ ခုမှကြုံကြတာပါ။
ဒါတွေကိုလောကွတ်
များနေလို့တော်ပါ့မလား..?

၃။
သားလေး သမီးလေးတွေ မွေးဖွားပြီးလာလို့
ရွှေပေါ်မြတင်ရယ်လို့ မိဘဝတ္တရားထက်ပိုပြီး
ယုယလေလေ သေချင်းဆိုးသေဖို့ အားထုတ်
လေလေပဲ ။ အရိယာမျက်လုံးတပ်ကြည့်တော့
ခန္ဓာအတွင်းမှာ... ကျင်ကြီး ကျင်ငယ် သွေး
သလိပ် ပြည်တွေအကုန်ပါတယ်... ။
သွားရာထမ်းသွားရတယ် ၊ ဘယ်သူမှ
ကျက်သရေ မရှိဘူးမှတ်ပါ ... ။

ဘာတွေထမ်းသတုံးမေးတော့
အသုဘထမ်းတာ ။
ဒါကို ဒကာမတွေက ရွှေတွဲလွဲ
ငွေတွဲလွဲ စိန်တွဲလွဲ မြတွဲလွဲနဲ့များ
ထမ်းရမယ်ဆိုရင်ဖြင့်
ပြုံးများထမ်းလိုက်သေးတယ် ။
ရူးချက်သန်လိုက်တယ်ဖြစ်ခြင်း ။

၎။
အိမ်ရောက်သွားတယ်ဆိုရင် သားကလှည့်လိုက်
သမီးကလှည့်လိုက် ပစ္စည်းဥစ္စာကလှည့်လိုက်
ဆိုပြီး ခန္ဓာကိုယ်ကြီး အချိန်ကုန်ပြီးသကာလ
အိုခြင်းဆိုးတွေတိုးပြီးသကာလ နာခြင်းဆိုး
ဘက်ပြေးသွားတဲ့ဥစ္စာ သေခြင်းဆိုးနဲ့ နီးကပ်
သွားတာကိုပဲ တကာတကာမတွေက မသိ
လိုက်တော့ ရလာတဲ့ဘဝကြီး အလွဲသုံးစားနဲ့
ဖြုန်းလိုက်တာသေချာတယ်ဆိုတဲ့ဥစ္စာ
ဘာမှပြောစရာမလိုတော့ဘူး(မှန်ပါ့ဘုရား...)

၅။
အိုခြင်းဆိုးကြီးထမ်းပြီး
နာခြင်းဆိုးဆီ သွားနေတော့
လမ်းမှာ သားနဲ့ ပြုံး၊
သမီးနဲ့ ပြုံး၊ ဇနီး ခင်ပွန်းနဲ့ ပြုံးတာ
“အရူးပြုံး” လို့ ခေါ်တယ်။

၆။
မိဘရိုးရာက အကန်းလို့ မှတ်ပါ။
ကိုယ့်ခန္ဓာ ဒုက္ခသစ္စာမသိသောကြောင့်
အဝိဇ္ဇာသည် အကန်းပဲ။

၇။
ဒီတစ်ခါဘုန်းကြီးနဲ့ တွေ့ လို့ မှ
မျက်စိနှစ်ကွင်းအလင်းရ အောင်
မယူလို့ ရှိရင် သေရင် အကန်းမသာပို့ 
ကြွတော်မူပါလို့ သာဖိတ်ပေတော့။

ဒီအဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်မ
ပေးနိုင် ခဲ့ရင် ဘုန်းကြီးကိုလည်း
မကိုးကွယ်ကြနဲ့ တော့
ကျေးဇူးရှင် လို့ လည်းဆိုလို့ မရဘူး။

၈။
မင်းတို့တစ်တွေက နောက်ဘုရားကို
မျှော်နေတယ် ဆိုရင်တော့ ဒီဘုရားကို
စော်ကားရာလည်းကျတယ်၊
အားမနာရာလည်း ရောက်တယ်။
ဒီဘုရားရဲ့ သတိပဋ္ဌာန်ကို
သပိတ်မှောက်တဲ့
သဘောလည်း ဖြစ်ကုန်တယ်။

၉။
ဘုန်းကြီးတို့ကကယ်တင်တဲ့နည်းသာပေးနိုင်တာ
ဒကာတို့ကကိုယ့်ခန္ဓာထဲကဝန်ကိုချရမှာ။
မချချင်ရင်တော့ဝန်ထုပ်ပိသေတာက(သေချင်းဆိုး)
ဝန်ထုပ်ကြီးထမ်းကာနေကြရတာက(နေချင်းဆိုး)
သေခါနီးအနေဆိုးအသေဆိုးဖြစ်လို့မျက်ရည်ကျရတာ
ကိုယ်ကျိုးနည်းပေါ့လို့သိလိုက်ရတော့မမီတော့ဘူး...

၁ဝ။
ပစ္စုပ္ပန်ဘဝမှာ ပေါ်ချင်ရာပေါ်
ဒုက္ခသစ္စာချည်းပဲဆိုတာ
မသေချာဘူးလား။
ဒါဖြင့် ဒုက္ခသစ္စာ မသိသေးဘူးလို့
ဆိုကြမှာလား။
ဒီအသိနဲ့ သေရင် အပါယ်မကျဘူး
ဆိုတာ လက်ကိုင် ထားရမယ်။
မပျင်းနဲ့.. ဒီအသိရပြီးရင်
သေချင်းဆိုး မရှိတော့ဘူး။

၁၁။
နိဗ္ဗာန်ကိုသွားပါတော့မယ်ဆိုရင်
ဂရုစိုက်မှတ်ပြီး ဂရုစိုက်
လုပ်ကြဖို့ပဲ နို့မို့ရင် နေချင်းဆိုးနဲ့
သေချင်းဆိုးသာမှတ်... ။

၁၂။
ခင်ဗျားတို့ က နေချင်းဆိုး
သိပ်သဘောကျတော့  
သေချင်းဆိုးကို
ရှောင်ကွင်းလို့ မရဘူး... ။

၁၃။
ဘုန်းကြီးတို့အမြင်မှာမြို့ထဲ
သွားလာနေကြတာ ၉၆ပါး
လမ်းကြမ်းကြီးထဲ
ဝန်ကြီးထမ်းပြီး သွားလာနေကြတာပဲ။
ဝန်ပိသေ သေချင်းဆိုးမသေပါစေနဲ့ လို့
ကယ်တင်နေတာ။

၁၄။
မျက်စိ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊
ကိုယ် ၊ စိတ် ... တည်းဟူသော
သတ္တဝါကြီး ခြောက်ကောင်
ဆွဲရာနောက်ကို လိုက်နေသမျှ
ကာလပတ်လုံး နေချင်းဆိုးနေပြီး ၊
သေချင်းဆိုး သေကြပေတော့
ဒကာ ၊ ဒကာမတို့
(မှန်လှပါဘုရား...)

၁၅။
ဘယ်ကလာတာတုန်းဆိုရင်
ကိလေသဝဋ်နဲ့ကမ္မဝဋ်ကလာတယ်
ဘယ်ရောက်နေတာတုန်းဆိုရင်
ဝိပါကဝဋ်ထဲ ရောက်နေတယ်
ပစ္စုပ္ပန်အကျိုးအခြင်း အရာငါးပါးဆိုတာ
ဝိပါက ဝဋ်ကို ဆိုထိုက်ပါတယ်
အိုခြင်းဆို နာခြင်းဆိုး သေခြင်းဆိုး နဲ့
ပြေးမလွတ်တော့ပါဘူး(မှန်ပါဘုရား) 

၁၆။
အိုခြင်းဆိုး ထမ်းပြီး၊ နာခြင်းဆိုး
ဖြစ်ချင်တာလောက်
ဆတ်ဆော့တာလောက်
ဆိုးတာ မရှိပါ။

၁၇။
အိုခြင်း၊ နာခြင်း ရှိလျှက်
နာခြင်းထပ်ရှာတာ
မိုက်ချက်သန်တာ။

၁၈။
အိုဘေးထမ်းပြီး၊ နာဘေးရှိရာ
ပြေးရတယ်ဆိုတော့
ထမ်းရတဲ့ ပစ္စည်းကလည်း အရုပ်ဆိုး၊
ရောက်ရမည့် နေရာဌာနကလည်း
အကြည့်တန်၊ အရုပ်ဆိုးထမ်းပြီး
အကြည့်တန်တဲ့နေရာကို
သွားနေရာဖြင့်
“မဲ့” လက်စသတ်စရာ မမြင်ပါဘူး။

၁၉။
ခင်ဗျားတို့ အလှူသည်
အိုခြင်းဆိုးထမ်းပြီး၊
နာပွဲ မနွှဲချင်လို့ လှူတဲ့အလှူ။

၂ဝ။
အိုခြင်းဆိုးထမ်းပြီး နာပွဲသွားတဲ့ဥစ္စာ
ပြုံးမြန်းသွားတာဆိုရင် ရူးလို့ပဲ...။

၂၁။
နာပွဲဆိုတာ အ၀တ်ကောင်းချွတ်တဲ့ပွဲ
(ပေမှာစိုးလို့ ချွတ်ထားရတာ)။

၂၂။
နောက်ဘ၀က သမထ
ဝိပဿနာ မခြံရံတဲ့ ဒါနနဲ့
လုပ်ခဲ့တဲ့အတွက်
ယခု အိုခြင်းဆိုးနဲ့ဖြင့်
ကိုယ်တိုင်တိုးပါပေါ့လား....။

၂၃။
ခင်ဗျားတို့ကြိုက်နေတာက
ပန်းတစ်ပွင့်နဲ့ လူပြည့်၊ နတ်ပြည်
အကြိမ်ကြိမ်ခံစား၍ ဘယ်တော့မှမဆုံး
နိုင်တဲ့အခါ နိဗ္ဗာန်ရ ရပါလို၏၊

အဆုံးစွန်သောဘဝဆိုရင်
ဘယ်တော့မှဆုံးမှာမဟုတ်ဘဲကိုးဗျ၊
ဆုံးစရာကောပါရဲ့လား (မပါပါဘုရား)၊

၂၄။
ကုသိုလ်ရချင်ရုံနဲ့တော့ ရိပ်သာမလာပါနဲ့
တံမြက်စီးလှည်း သောက်ရေအိုး ရေဖြည့်
ပန်းတစ်ပွင့်လှူရင်းတောင်း လူ့ဘဝ ၊
နတ်ဘဝရ  ရနိုင်တယ် ။

--------------------------

၂၅။
လူတစ်ယောက်ကွာတဲ့ 
ရှေးက ငွေဒင်္ဂါးရှိတယ်၊ တစ်ဆယ်ထုပ်နဲ့
ဦးသံဒိုင် ပေါက်လိုက်တာနဲ့
တစ်ရာထုပ်နဲ့ ပေါက်လိုက်တာနဲ့
ဘယ်သူက နာပါ့မလဲ။

ခန္ဓာကိုယ်သာ ပေါက်လိုက် ...
(တစ်ရာထုပ်ကနာပါတယ်)။

သို့သော်လည်း ခင်ဗျားတို့က
ဘယ်အထုပ်နဲ့
ပေါက်တာကြိုက်သတုံးလို့
မေးလို့ရှိရင် ဘယ့်နှယ် ဖြေမလဲ •••

(တစ်ရာထုပ်နဲ့ ပေါက်တာ
ကြိုက်ပါတယ်လို့ ဖြေပါ့မယ်)

သေခြင်းဆိုး သေချင်လို့ပေါ့လေ...

--------------------------

၂၆။
ဒီခန္ဓာ ဘယ်မှာ အဆုံးသတ်ပါလိမ့်
ဆိုရင် မသာမှာ အဆုံးသတ်တယ်(မှန်ပါ)

ပြောလိုက်ပါတော့ တိုတိုပဲ မသာမှာ
လမ်းဆုံးတယ်(မှန်ပါ ဘုရား)

ဒကာ ဒကာမတွေ တဏှာကြောင့်
ဘာဖြစ်သလဲ(ခန္ဓာဖြစ်ပါတယ်ဘုရား)

အဲဒီခန္ဓာ ဘယ်မှာ စခန်းသတ်ပါလိမ့်
(မသာမှာပါဘုရား)အားလုံး ဦးခင်မောင်
တို့ ခန္ဓာရရင် မသာရတာပဲ(မှန်ပါ)
ဒါဖြင့် ဘယ်ခန္ဓာရ-ရပါလို၏ ဆိုရင်
ဘယ်မသာ ရ-ရပါလို၏ ဒီ အဓိပ္ပါယ်ပဲ
ဖြစ်နေတယ်(မှန်ပါ)

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ
ဒကာမတွေ ဘယ်ခန္ဓာမှ မရချင်
ကြပါနဲ့(မှန်ပါ ဘုရား)ခန္ဓာရင်
ဘာရကြမလဲ
(မသာ ရပါမယ်...)

နိဗ္ဗာန်မရမီစပ်ကြားမှာဖြင့်
နတ်ခန္ဓာ ရပါလို၏ဆိုရင်
နတ်မသာရပါ့လို၏

ဗြဟ္မာခန္ဓာ ရရပါလို၏ ဆိုရင်
ဗြဟ္မာမသာချရပါလို၏

လူ့ဘဝ ရရပါလို၏ ဆိုရင်
လူ့မသာချရပါလို၏
အေ့း့  ဒီအဓိပ္ပါယ်တွေပဲ
ရောက်တယ်(မှန်ပါ ဘုရား)

ဒီလိုဆိုတော့ ၃၁ ဘုံ
မသာစုံ ဖြစ်ရပါလို၏(မှန်ပါ)
ဒါတွေ ဖြစ်အောင်ဘယ်သူက
လုပ်တာလဲ
(တဏှာက လုပ်တာပါ ဘုရား...)
ဒါဖြင့်  ဒီတဏှာ
မသေသရွေ့ခန္ဓာမျိုး
ပြတ်မှာမဟုတ်ဘူး
(မှန်ပါ)
ပြတ်ပါ့မလား
(မပြတ်ပါဘုရား)

ဒါ ကြမ်းကြမ်းဟောတာလား
အမှန်ပြောနေတာလား
(အမှန်ပြောနေတာပါဘုရား)

ဒီ အသံကြားရတဲ့ ပုဂ္ဂိုလ်တွေက
" သြော့့် ဘုန်းကြီးနှယ် ကြမ်းလိုက်တာ "
လို့ ထင်ကောင်း ထင်မယ် (မှန်ပ့ါ)
ထင်ပေမဲ့ ခန္ဓာက ဒါပဲပြမှာပဲ(မှန်ပါ)
ခင်ဗျားတို့က ကြမ်းတယ်ထင်ပေမဲ့
ခန္ဓာက နုပြီး ထွက်လာမှာ မဟုတ်ဘူး
(မှန်ပါ ဘုရား)
ထွက်ပါ့ မလား(မထွက်ပါဘုရား)

ဒါကြောင့် ဒီခန္ဓာ ဘယ်မှာ လမ်းဆုံးမလဲ
(မသာမှာ လမ်းဆုံးပါမယ် ဘုရား)
အေ့း့ဟုတ်တယ် ။

--------------------------

၂၇။
ခင်ဗျားတို့က ဘုရားနားသွားပြီး
ရှေ့ကနေ ပိတ်ထိုင်... ။

ပြီးတော့ ကျယ်လောင်
ကျယ်လောင် ဘုရား ရှိခိုး ကြတယ်... ။

တကယ် ဆို ခင်ဗျားတို့ ဟာက
ကျက်ထားတဲ့ စာ မေ့မှာစိုးလို့၊
ဘုရားရှေ့သွား စာပြန်နေတာနဲ့
တူနေ တယ်။

ဘာလို့လဲ ဆို၊ ပါးစပ်ကသာ ဆိုနေတာ၊
စိတ်က ဘုရားဆီ ရောက်မှ မရောက်ကြပဲ။

နှုတ်တက် ရနေ လို့သာ စာက ဆုံးသွားတာ၊
ဒီတော့ စာပြန်နေတာနဲ့ အတူတူ ပဲ။

ပြီးတော့ဆုက တောင်းကြသေးတာ။
ဒီလို ဘုရား ရှိခိုးရတဲ့ အတွက်ကြောင့်
ပဋိသန္ဓေ အို၊ နာ၊ သေ ဘေးက
လွတ်ရပါလို၏၊
လွတ်ပါရစေတဲ့။

ဒီဆုမျိုးကို ဘယ် ဘုရား က ပေးလိမ့်မလဲ။
ဘုရားက ပေးနိုင်တာ မှ မဟုတ် ပဲ။
ဒါကို ခင်ဗျား တို့ ဇွတ်တောင်း တယ်။
ဘုရား ကို နားပူနားဆာ လုပ်တယ်။

ရုပ်ထုတော် ချည်း မို့လို့ သာပေါ့ဗျာ၊
သက်တော် ထင်ရှား ဘုရားသာ ဆို
"နားငြီးတယ်" ဆိုရင်း ခြေထောက် နဲ့
ဆီးပြီး ကန်ချင်စရာ။

အဲ့တော့ ... ခင်ဗျားတို့ဟာ အင်မတန်
အတောင်း အရမ်း ထူတဲ့လူတွေ။
အတောင်းအရမ်း ထူတဲ့ လူ ဆိုတာ
ဘာအမျိုးတုံး ဆို - သူတောင်းစားမျိုး ဗျ။

ဒါမျိုးက ဆုတောင်း ယူလို့ ရတာ မဟုတ်ဘူး။
လုပ်ယူ၊ ကြိုးစား ယူမှ ရပါတယ်။
ဒါ့ကြောင့် တစာစာ တောင်းမနေ ကြပါနဲ့။
တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။

--------------------------

၂၈။
"ဤကောင်းမှုကြောင့်
နောင်အရိမေတ္တေယျဘုရားပွင့်တဲ့အခါ
ဆီမီး(၅)တိုင် ကြာ(၅)ခိုင်နဲ့
လက်ဦးဖူးတွေ့ရပါလို၏"ဆိုပြီး

ဘာညာဆိုတာတွေဟာ လျှာရှည်တာပေါ့..

နောက်ဘုရားကျမှဆိုတော့
ဒီအတွင်းသံသရာ
ရှည်သွားရတော့ တာပေါ့..

အခု ဂေါတမဘုရားပေးတာ မလိုချင်ဘူး..
နောင်ဘုရား ပေးတာကျမှ
ယူမယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်
နေတယ်..  
''နောင်ဘုရားကို
စောင့်ဦးမယ်ဆိုတဲ့ သဘော''..

"အခုဘုရားက နိဗ္ဗာန်ကို
ပေးနိုင်ပါလျက်နဲ့
နောက်ဘုရားကျမှ" ...

ဆိုတဲ့ဥစ္စာဟာ သက်သက်အကြောင်တိုက်
ဗြောင်တိုက်ရွဲ့တာပဲ. . . ဒါတော်ပါ့မလား..

ဒီဘုရားရှေ့ထားပြီးတော့
နောက်ဘုရားကိုမျှော်တာ
အားနာစရာကြီး....

''ခင်ဗျားတို့မို့ အားမနာတယ်''. . . .

--------------------------

၂၉။
သူ့များသန္တာန် ရှိတာသွားပြီး  ရှိခိုးနေတော့
ဗုဒ္ဓါနုဿတိ ကလေးလောက်ပဲ ဖြစ်တယ်
ကိုယ်တိုင် နိဗ္ဗာန် ရောက်ဖို့တော့ မဖြစ်နိုင်ဘူး ။
                         
ဦးအောင်ဇံဝေ တို့ ဒါ. . . . .
ဆရာသမားနဲ့ မတွေ့ရင် အခက်ပဲ
ခင်ဗျားတို့ လုပ်နေတာတွေဟာ
"သောက်ဆေးကို လိမ်းဆေး
လုပ်နေတဲ့သဘော"မျိုးပဲ ။

သောက်ဆေးကို သောက်မှ
ရောဂါ ပျောက်မှာပေါ့ အပေါ်ယံ
လိမ်းဆေးလုပ်နေလို့
ပျောက်ပါ့မလား အေး. . . . .
တစ်ချို့လူတွေက
လိမ်းဆေးနဲ့ပဲ
သေသွားကုန်ကြတယ် ။

--------------------------

၃ဝ။
“ခင်ဗျားတို့က
ကံကောင်းချိန်
ဥာဏ်ကောင်းချိန်တွေကိုတော့
ကာမဂုဏ် အာရုံတွေထဲ
အသုံးချခဲ့ကြပြီး …
အခုလို အိုကြီးချက်မ
ထုံထိုင်းပြီး အချိန်တွေလွန်ကာမှ
ဒီဘုန်းကြီးဆီ ပြေးလာကြ
ဟောချင်စရာတောင်မရှိဘူး
ဒီဘုန်းကြီးမို့ ပေဟောနေတာ။”

--------------------------

၃၁။
ကိုယ့်ဒုက္ခ ကိုယ်သိမ်းဖို့၊
ကိုယ့်သံသရာ ကိုယ်ဖြတ်ဖို့
ကိုယ်လုပ်နေတယ်ဆိုပြီး နာကြပါ။
ဘုန်ကြီးတရား မကြိုက်လည်း
ပေနာကြ၊ တို့မကြိုက်တာ
ကလေးစိတ်ရှိလို့မှတ် ဆက်နာ
ကြာတော့ လူကြီးစိတ်ပေါက်လာပြီး
ဒါမှ တရားစစ် တရားမှန်တွေ
ပါကလားဆိုပြီး ကြိုက်လာတာပဲ။

--------------------------

၃၂။
ဒီတရားက တဏှာနားနဲ့ 
နားထောင်လို့ မရဘူး။
ဉာဏ်နားနဲ့ 
နားထောင်မှ ရတယ်။
နားမလည်လည်းနာ၊
ကိလေသာပါးတယ်။
ဒီဉာဏ်တရားကို မနာရလို့ ရှိရင်
ဒီဘဝ လူဖြစ်ကျိုးကို မနပ်သေးပါဘူး။

--------------------------

၃၃။
ဒီကနေ့ကစ၍ ငယ်မှတ်တွေ
အကုန်ဖြုတ်၊ ဘုရားဟောတာနဲ့ 
ဆရာသမားပြောတာကို ယုံပေတော့။
ဘုန်းကြီးပြောတဲ့ အဆုံးအမတွေဟာ
ပါဠိတော်က ဟာတွေချည်း ဆုံးမနေတာ၊
ဒါဘုရားအဆုံးအမချည်းပဲ။

--------------------------

၃၄။
ဆွမ်း၊ဆီမီး၊ရေချမ်း၊ ပန်းလောက်ပဲ ကပ်လှူပြီး
တောင်းလိုက်တဲ့ဆုက နိဗ္ဗာန်မဂ်ဖိုလ်
ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရားတဲ့
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်လာတဲ့
မြတ်စွာဘုရားကိုမှ အားမနာ
ဘုရားအကြိုက် ၀ိပဿနာနဲ့ပဲ ပူဇော်လိုက်ပါ
ဘုရား သာဓုခေါ်ပါတယ်
တရားကိုမြင်မှ
ငါဘုရားကို မြင်မယ်လို့ ဟောခဲ့ပါတယ်

--------------------------

၃၅။
ဒါနကသံသရာရှည်​တာမဟုတ်​ဘူး။
ဒါန​နောက်​အသိမလိုက်​လို့သံသရာ
ရှည်​တာပါ ။
သံသရာပြတ်​​အောင်
ဝိပဿ     နာအားထုပ်​ပါ ။

၃၆။
လှူစရာပစ္စည်း ရင်းနှီးတောင်းခံလို့ရတာ
လူချမ်းသာ နတ်ချမ်းသာ၊
ကျင့်ကြံကြိုးကုတ်မှရတာ
နိဗ္ဗာန်ချမ်းသာ,ရွေးတတ်ပါစေ ။

၃၇။
ဒီတရားမျိုးတွေဟာ
တစ်သက်နှင့်တစ်ခန္ဓာ
တစ်သံသရာနှင့် 
တစ်နားဆိုသလို
အလွန်ကြားရခဲ
နာရခဲသောတရားလို့မှတ်ပါ ။

၃၈။
မီးကိုမီးမှန်းမသိ
မီးဝိုင်းတာဝိုင်းမှန်း
မသိဘူးဆိုတာ
လူကောင်းဖြင့်သိမှာပေါ့။
စိတ်မကောင်းတဲ့
အရူးမို့သာ မသိတာပဲ။

၃၉။
တို့ဒကာတွေအခုလို မီးဝိုင်းမှန်းမသိကြဘူး
အခုလို  ရူးချက်သန်လွန်းလို့  
အရူး ပျောက်အောင် ဟောပြနေတာဆိုရင်
လွဲသေးသလား ...
အေး! မလွဲမှန်းသိရင်
အချိန်မှီပြင်ကြပါ။

၎ဝ။
ခန္ဓာမှာလောင်စာနဲ့မီးပဲရှိတယ် ဒါကိုသိမှ ကလျာဏပုထုဇဉ်လို့ခေါ်နိုင်တယ်။ ဒါမသိသေးရင်''ဥမ္မတ္တက''ရူးပဲရှိသေးတယ်။
ဒီတော့အရူးမဖြစ်ချင်ရင် အားထုတ်ကြ...

၄၁။
ဘုန်းကြီးက ဘုရား၏ကိုယ်စားလှယ်
လုပ်ပြီးတော့ ဟောနေတာ၊
ဆရာဘုန်းကြီးဆုံးဖြတ်ချက်
ချတာကို ယုံရလိမ့်မယ်။

၄၂။
တရားနာကြပါလို့...
ဘုန်းကြီးကပြောတော့၊
ခင်ဗျားတို့က ဘုန်ကြီးဆီမှာ၊
တရားနာ များအောင်လို့ ထင်လိမ့်မယ်၊
လွဲ လိုက်တဲ့ ဖြစ်ခြင်း၊

ခင်ဗျားတို့ကိုမဟောရရင်၊
ဘုန်းကြီးဟာ ဘုန်းကြီးကျင့်နေဖို့ပဲ။

--------------------------

၂၄။(နိဂုံးတရား)

#အတောင်းအရမ်း ထူတဲ့ လူ ဆိုတာ
ဘာအမျိုးတုံး ဆို - #သူတောင်းစားမျိုး ဗျ။

#ဘုရားရှေ့မှာသွားပြီး_လျှာရှည်မနေကြနဲ့...

မိုးကုတ်ဆရာတော်ဘုရားသည်
ဤသို့သောအပြောမျိုး အဟောမျိုးများကြောင့်
တစ်ချို့က အောင့်သက်သက်ဖြစ်ကြကုန်၏
မှန်လွန်းနေ၍ အောင့်ခြင်းဖြစ်သည်။

ဒါကြောင့် ရင်းနှီးသော
ဒကာများကလာလျောက်ကြ၏
"အရှင်ဘုရားကိုကြဉ်မလို့တဲ့
သတိပြုတော်မူပါ ဟု
ဆိုသောအခါ "

"သူတို့က ခုမှ ကျုပ်ကိုကြဉ်ကြတာ
ကျုပ်က ကျုပ်ကို ကျုပ်
ကြဉ်ထားတာကြာပြီ" ဟု
နည်းနည်းလေးမှ မျက်နှာမပျက်
အေးအေးဆေးဆေးပင်မိန့်တော်မူ၏။

ကျောင်းအမကြီးဒေါ်ဒေါ်ဖုံ
ကလည်းလာလျောက်၏

"အရှင်ဘုရားကို မုန်းကြတယ်"

"သြော့့် ကျုပ်ကို မုန်းကြသတဲ့လား"

"တင်ပါ ဘုရား အရှင်ဘုရားရဲ့ ပြောပုံ ဆိုပုံ
တို့ကို မကြိုက်လို့ မုန်းကြသတဲ့ ဘုရား"

"သူတို့က ခုမှ မုန်းကြတာပါဗျာ ကျုပ်က
ကျုပ် ကိုကျုပ်  မုန်းနေတာကြာပြီ"

ဤသို့ပင် ဆရာတော်က
အေးအေးဆေးဆေး
ပြန်၍ မိန့်တော်မူပါသတဲ့...

*************************

အထက်တွင်ဖော်ပြထားသည့်
သစ္စာတရားများသည်
အရူးပျောက်စေတဲ့
ဆေးခါးကြီးတွေပါ...

သို့ပါ၍
မိုးကုတ်တရားနာကြသူများ...
မိုးကုတ်သာဝကများသည်လည်း
မိုးကုတ်ဆရာတော်ဘုရားကြီး၏
သံသရာလွတ် ဆေးခါးကြီး
သစ္စာတရားများကိုနာကြရ၍
ဆရာတော်ကြီးကို
မုန်းကြမှာလား... ?
ကြဉ်ထားကြမှာလား... ?..လို့
မေးလိုက်ပါရစေ...

တကယ်တမ်းတော့
မိမိတို့ သံသရာအကျိုးစီးပွားအတွက်
သစ္စာရေချိ ရေအေး တိုက်ကြွေးနေတဲ့
မိုးကုတ်ဆရာတော်ကြီးကို
မုန်းရမှာ , ကြဉ်ရမှာ မဟုတ်...,

အမှန် တကယ်
မုန်းရမှာ , ကြဉ်ထားရမှာက
မိမိကိုယ် မိမိသာလျှင်ဖြစ်ပါကြောင်း
ဆရာတော်ကြီး စကား
သက်သေထား၍
ဆိုလိုက်ပါရစေ ခင်ဗျာ...

ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော်ဘုရားကြီး
🙏🙏🙏

ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏

No comments:

Post a Comment