Saturday, December 22, 2018

ရိုးမှ ဖြောင့်သော၊ ဖြောင့်လျင် ရိုးသော

“ ရိုးမှ ဖြောင့်သော၊ ဖြောင့်လျင် ရိုးသော “

“ တရားဆိုတာ သစ္စာတရား၊ အမှန်တရား၊ သစ္စာတရား အမှန်တရားကို လိုချင်ရင် သစ္စာရှိမှဖြစ်မယ်၊ မှန်မှပဲ ဖြစ်မယ်၊ ရိုးသားမှု အပြည့်ဝရှိရမယ်” ဟု ဆရာတော် ဦးဇောတိက၏ အဆုံးအမလေးတစ်ခု ဖတ်ဖူးသည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏ဟု တွင်တွင် ဆုတောင်းကြသည်၊ သို့ သော် အခြေခံဖြည့်ကျင့်ရမည့် သီလတရားများကို ဖြည့်ကျင့်ကြပါ၏လား၊ ရိုးသားကြပါ၏လား။

နေ့စဉ်ရွတ်ဆိုနေကြဖြစ်သော မေတ္တာသုတ်တွင် နိဗ္ဗာန်မျက်မှောက်ပြု၍ ငြိမ်းအေးစွာနေလိုသူတို့အ တွက်…

“ ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ၊”

“ ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို ဖောက်ထွင်းသိမြင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသူသည် ပြုကျင့်ရမည့် သိက္ခာသုံးပါး အကျင့်များကို ပြုကျင့်ရမည်၊ ထိုသူကား စွမ်းနိုင်ရမည်၊ ဖြောင့်မတ်ရမည်၊ အလွန် ဖောင့်မတ်ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ နူးညံ့ပျော့ပျောင်းရမည်၊ မာနမကြီးရ “

ဟု ဖြည့်ကျင့်ရမည့် ကိုယ်ကျင့်တရားများကို ညွှန်ပြထားသည်။

မေတ္တာသုတ်တွင် ရိုးဖြောင့်ခြင်းကို “ ဥဇူ စ သုဟုဇူ စ “ နှစ်ထပ်ပင် ကျော့ဟောထား၏။ ဖြောင့်မှန်ခြင်း သည် တခါတရံမှ ဖြောင့်မတ်ရမည်မဟုတ်၊ အရွယ်အပိုင်းအခြားအလိုက် ဖြောင့်မတ်ရမည်မဟုတ်၊ ဘဝတစ် လျောက်လုံး ဖြောင့်မတ်ရမည်၊ ကိုယ်နှင့် နှုတ်တွင်သာမက စိတ်ထဲတွင်ပင် မကောက်ကျစ်ရ ၊ ဖြောင့်မတ် ရမည်ဟု ဆိုလိုချင်၍ “ဥဇူ စ သုဟုဇူ စ - ရိုးဖြောင့်ရမည်၊ အလွန့်အလွန်ရိုးဖြောင့်ရမည်” ဟု ဟောထား ခြင်းဖြစ်သည်။ ( သပြေကန်ဆရာတော်- ပရိတ်ကြီး နိဿယသစ်)

သောတာပန်ဖြစ်ကြောင်း ပဓာနိယင်္ဂ တရားငါးပါးဖြစ်သော “ ဘုရား၌ယုံကြည်သော သဒ္ဓါတရားရှိခြင်း၊ ကျန်းမာခြင်း၊ မစဉ်းလဲမလှည့်ဖျား မိမိအဖြစ်မှန်ကို တင်ပြတတ်ခြင်း၊ အားထုတ်မှုရှိခြင်း၊ ပညာရှိခြင်း “ တို့တွင် ရိုးသားဖြောင့်မတ်မှုသည်လည်း တစ်ချက်ပါဝင်ပေသည်။

သို့သော် ကျွန်ုပ်တို့သည်ကား  မတ္တာသုတ်ကို အရွတ်အဖတ်တွင်သာ လမ်းဆုံးစေ၍ အကျင့်ဖြစ်သို့ ပြောင်းလည်းရန် အားမထုတ်ကြ။ ရိုးသားဖို့ ဝန်လေးတတ်ကြ၏။ မသိမသာကော၊ သိသိသာသာပါ လှည့်ဖျား မှုများ ဖြင့်သာ ပျော်မွေ့နေကြသည်။ ကိုယ်ကျိုးရှိမည်ဆိုလျင် ကောက်ကျစ်ရမည်ကို ဝန်မလေး။ လူအထင်ကြီး မည် ဆိုပါက ဟန်ဆောင်ခြင်းကိုလည်း ပြုတတ်၏။

နိဗ္ဗာန်လိုချင်သည်ဆိုသော စကားကိုကား ပါးစပ်ကမချ။

ရိုးသားခြင်း၏ ခွန်အားကို နားလည်၍ ရိုးသားချင်ပါသည်၊ ဖြောင့်မတ်အောင် ကျင့်ပါမည်ဟု ဆောက် တည် ထားပါသော်လည်း သတိလက်လွတ်မှုများ၊ လောဘ ဒေါသ ကိလေသာတို့၏ စွဲဆောင်မှုများကြောင့် သတိပျောက်ကာ မရိုးသားမှုနောက် လိုက်ပါသွားရသည့် အခါများကြုံတတ်ပါသည်။ ဝိပဿနာ အားထုတ်နေ ပါသည်၊ တရားကျင့်နေပါသည် ဆိုသော တရားသမားများတွင်ပင် ဤအခြေနေမျိုး တွေ့ရတတ်သည်။

ဓမ္မာစရိယဦးဌေးလှိုင်တို့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ကျင်းပသော ဂုရုကြီး ဦးဂိုအင်ကာ၏ ဝိပဿနာ ဆွေးနွေးပွဲတွင် စာတမ်းတင်သွင်းရန် ရောက်နေစဉ်က ဖြစ်သည်။

စာတမ်းတင်သွင်းရန် သုံးရက်လောက်လိုသေးသဖြင့် ဂုရုကြီးဦးဂိုအင်ကာမှ ငွေထုတ်ပေးကာ သူ၏ တပည့် အမေရိကန်နိုင်ငံသား မစ္စတာ  ဂျယ်ရီချက်ပွန်းကိုပါ လမ်းညွှန်အဖြစ်ထည့်ပေး၍ ဆရာကြီး ဦးဌေးလှိုင် တို့အား ဘုရားဖူး ထွက်စေခဲ့သည်။

မစ္စတာဂျယ်ရီချက်ပွန်းသည် ဂုရုကြီးဂိုအင်၏ ၁၀ ရက်တရားစခန်းပတ်ပေါင်း အကြိမ် ၇၀ ခန့် ဝင်ရောက် အားထုတ်ထားပြီး အိန္ဒိယသို့လည်း အကြိမ်ကြိမ်ရောက်ဖူးသူဖြစ်သည်။

သူသည် နဂိုက နေရာအတည်အကျမရှိ၊ ခြေဦးတည့်ရာလျောက်သွားနေသာ လမ်းသရဲ ဟစ်ပီ တစ်ဦ်း ဖြစ်သည်။ ဗုဒ္ဓဂယာအနီး ဂုရုကြီးဂိုအင်ဂါ၏ တရားစခန်းတွင် စမ်းသပ်၍ တရားထိုင်ကြည့်ရာမှ တရားအရသာ သိမြင်သွားခဲ့ပြီး အကြိမ် ၇၀ ထိ  ဝင်ရောက်အားထုတ်ခဲ့ခြင်း ဖြစ်သည်။

ဆရာကြီးဦးဌေးလှိုင်တို့ ဘုရားလှည့်လည်ဖူးရင်း “ အာဂျန္တာ “ မြို့သို့ ရောက်ရှိလာသည်။ အာဂျန္တာမှ ဘုံဘေသို့ ပြန်လျင် ခရီးစဉ်မိုင်ပိုနီးသည်။ ရှေ့မိုင်နည်းနည်းဆက်သွား၍ ဒလဂွန်းမြို့ ဘူတာမှ ဘုံဘေသို့ ရထားစီးရန် မစ္စတာဂျယ်ရီက စီစဉ်သည်။ အသွားအပြန်ကားလက်မှတ် ဝယ်ထားသော်လည်း နောက်ကြောင်း ပြန်ခရီးကို မလိုက်တော့ဘဲ ကားလက်မှတ်ခကို အဆုံးခံလိုက်သည်။

ဆရာကြီးတို့ အဖွဲ့က ခြောက်ယောက်ဖြစ်၍ လက်မှတ်ခြောက်စောင် ဆုံးရှုံးပေတော့မည်။ဆရာကြီးက  ကားသမား ကို သွားပြောကြည့်သည်။ ကားသမားက နောက်ကြောင်းပြန်လိုက်မည့် အခြားခရီးသည်တွေရှိ တယ်၊ လက်မှတ်ပေးပါ၊ ငွေပြန်အမ်းပါ့မည် ဆိုသည်။

ဆရာကြီးတို့ပျော်သွားသည်။
သို့သော် မစ္စတာဂျယ်ရီက ငြင်းသည်၊ လက်မှတ်ပြန်ပေး၍ ငွေပြန်ယူခြင်းကို လက်မခံ။ စာတန်းလေး တစ်ခုကို လက်ညှိုးထိုးပြသည်။

“ ဤ သင့်လက်ဝယ်ကိုင်ထားသော မီးရထားလက်မှတ်၊ ကားလက်မှတ်ကို အခြားသူများ လက်ဝယ်သို့ လွှဲပြောင်းကိုင်ဆောင်ခြင်း မပြုရ “ 
မစ္စာဂျယ်ရီက နှုတ်မှလည်း” အဒိန္နာဒါနာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ၊ မုသာဝါဒါ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ “ ဟုရွတ်ဆိုပြ၍ လက်မှတ်ကို ဆုတ်ဖြဲပစ်လိုက်လေတော့သည်။

ဆရာကြီးတို့ ပါးစပ်အဟောင်းသား။

ထိုအချိန်က အိန္ဒိယတွင်လည်း မှောင်ခိုလက်မှတ် ခေတ်စားချိန်ဖြစ်သည်။ ပုံမှန်ဈေးနှင့် ဝယ်ကာ မှောင်ခိုဈေးကွက်တွင် အမြတ်တင်၍ ပြန်ရောင်းချသော ဈေးကွက်ရှိနေသည်။ ဆရာကြီးတို့ လက်မှတ်ပြန် ရောင်းပါကလည်း အမြတ်ရမည်ဖြစ်သည်။ မိမိလည်း မလိုက်ဖြစ်၊ အမြတ်လည်းရမည်၊ ခိုးသည်ဟုလည်း မယူဆမိသဖြင့် ငွေကြေးကို ဆရာကြီးတို့ မက်မောမိခဲ့သောကြောင့် လက်မှတ်ပြန်ရောင်းရန် လုပ်ခဲ့မိခြင်း ဖြစ်သည်။

ဒလဂွန်းဘူတာတွင် ရထားလက်မှတ်ဝယ်သောအခါ ဝယ်မရဖြစ်နေသည်။ ဆရာကြီးတို့ သက် တောင့် သက်သာ စီးနင်းလိုက်ပါနိုင်ရန်အတွက် မစ္စတာဂျယ်ရီသည် အပင်ပန်းခံတိုးဝှေ့၍ Upper လက်မှတ် ဖြတ်သည်။ ကုန်နေသည်ဆို၍ မရ။

နောက်တစ်နေရာ ထပ်တိုး၍ ရိုးရိုးတန်းလက်မှတ် ဝယ်ပြန်သည်။ ကုန်ပြီဟု ဆိုပြန်သည်။

ခက်ချေပြီ။ ဝိပဿနာ Seminarသို့ အချိန်မီမရောက်ပါက မျက်နှာပျက်စရာ ဖြစ်မည်။ ဂုရုကြီး ဂိုအင်ကာမှ ထိုပွဲတွင် စာတမ်းဖတ်ရန် ဖိတ်ကြား၍ လာခြင်းဖြစ်ရာ အချိန်မမီပါက နိုင်ငံခြားသားများအလည်တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်တော့မည်။

ထိုအချိန် အနားတွင် သေနတ်ကိုင် စောင့်နေသော ရဲက ” Upper လည်းရှိတယ်၊ ရိုး ရိုးထိုင်ခုံ လည်း ရှိတယ်၊ Under table စနစ်နဲ့ သွားရမယ်၊ မုန့်ဖိုးပေးပြီး ကြည့်ကျက်လုပ်လိုက်ရင် အဆင်ပြေသွားမယ် “ ဆိုသည့်အကြောင်း ပြောလာသည်။

ကောက်ရိုးတမျှင်တော့ တွေ့ပြီ ဆို၍ ဆရာကြီးတို့ပျော်သွားသည်။ မစ္စတာ ဂျယ်ရီကို ဒီလောက်မှ အသုံး မကျရကောင်းလားဟု ဆူငေါက်၍ ရဲသားပြောသည့်အတိုင်း စီစဉ်ခိုင်းလိုက်သည်။ မစ္စာဂျယ်ရီကား ငြင်း ဆန်သည်။ လဘ်မထိုးနိုင်၊ လာဘ်ပေးလာဘ်ယူ မလုပ်နိုင်။

ဤညရထားဖြင့် မလိုက်နိုင်ပါက မနက်ဖြန် စာတမ်းဖတ်ပွဲသို့ ဘယ်နည်းနှင့်မျှ မမီနိုင်တော့။ ထိုအခြေ နေမျိုးတွင်တောင်မှ မစ္စတာဂျယ်ရီက ငြင်းဆန်နေသည်။

“ အဒိန္နာဒါနာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ “
ဟု ရွတ်ပြသည်။

ဆရာကြီးတို့အဖွဲ့ မစ္စတာဂျယ်ရီကို ဒုတိယအကြိမ် လက်မြှောက်အရှုံးပေးလိုက်ရသည်။ Upper လည်း အဆင်မပြေ၊ ရိုးရိုးတန်းတန်းကလည်း မရ၍ ၊ ထိုင်ခုံမဲ့အဖြစ် ကြမ်းပြင်တွင် ဖြစ်သလိုထိုင်၍ လိုက်ပါခဲ့ ရတော့သည်။

သူတာဝန်ခံခေါ်လာသော မြန်မာနိုင်ငံမှ ဧည့်သည်ပညာရှင်များကို အဆင်ပြေအောင် မလုပ်ပေးနိုင် သဖြင့် များစွာစိတ်မကောင်းသောကြောင့် မစ္စာဂျယ်ရီ၏ မျက်နှာသည် ညှိုးငယ် နေပေသည်။

ရထားပေါ်တွင် ဆရာကြီးက “ ဂျယ်ရီ…အခွင့်ရေးတွေကို စွန့်ပြီး သီလကို အဲဒီလို ပြတ်ပြတ်သားသား စောင့်တဲ့ ဝက်စတန် ဥပသကာကို ငါ တစ်ယောက်မှ မတွေ့ဖူးဘူးကွာ “ ဟု ပြောမှ မစ္စတာဂျယ်ရီ၏ မျက်နှာ ဝင်းပလာပါသည်။(ဓမ္မာစရိယ ဦးဌေးလှိုင် ၏ အိုဘယ့် ..ခရီးသည်)

ကျွန်ုပ်တို့ဆိုလျင်ကော ဤကဲ့သို့ စောင့်ထိမ်းနိုင်ပါမည်လော။ မိမိကိုယ်ကို မညာတန်း ဆန်းစစ်သင့်ပါ သည်။

တရားသမားတစ်ဦးအတွက် ရိုးဖြောင့်ခြင်းသည် မဖြစ်မနေ လိုကိုလိုအပ်သော အချက်ဖြစ်သည်။ ရိုးသားမှုရှိမှ စိတ်သည် လွတ်လပ်မှုရပေလိမ့်မည်။ လွတ်လပ်သော စိတ်ဖြင့်သာ အမှန်တရားကို ရှာဖွေနိုင်ပါ သည်။

ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်းကို လူတိုင်းနှစ်သက်ကြမည် ဖြစ်သော်လည်း ကိုယ်တိုင် ရိုးသားဖြောင့်မတ်  ရန်ကား အတော်မလွယ်ကူသော အရာဖြစ်နေပြန်သည်။

တကယ့်အရိုးသား အဖြာင့်မတ်ဆုံး လူသားသည်ကား အရိယာများ ဖြစ်သည်။ ပထုဇဉ်လူသားသည် စိတ်မချရသေးပေ။ အရိယာသည်ကား သီလနှင့် အသက်ယှဉ်လာလျင် သီလကို အပျက်မခံတော့။ အသက်ကို သာ အသေခံသွားတော့သည်။

မြတ်စွာဘုရားရှင်လက်ထက်တော်က သာမာဝတီ မဖုရားကြီးတွင် ခုဇ္ဇုတ္တရာဆိုသော ကျွန်မတစ် ယောက်ရှိ၏။ ခုဇ္ဇုတ္တရာသည် သုမနပန်းသည် ထံမှ နေ့တိုင်းပန်းဝယ်၍ သာမာဝတီအား ဆက်သရ၏။  ခုဇ္ဇုတ္တရာ သည် ပန်းဖိုး ရှစ်အသပြာရသော်လည်း လေးအသပြာဖိုးသာဝယ်၍ ကျန်လေးအသပြာကို နေ့စဉ် ခိုးယူထားသည်။

တနေ့တွင် သုမနပန်းသည် မြတ်စွာဘုရားအမှုးရှိသော သံဃာတော်များကို ပင့်၍ ဆွမ်းလုပ်ကျွေး၏။ ထိုအချိန်တွင် ခုဇ္ဇုတ္တရာ ပန်းဝယ်ရန် ရောက်နေ၏။  မြတ်စွာဘုရားရှင်မှ အနုမောဒနာတရား ဟောကြားသော အခါ ခုဇ္ဇုတ္တရာလည်း နာကြားရ၍ သောတာပတ္တိဖိုလ် တည်လေသည်။

သောတာပန်အရိယာဖြစ်သွားသော ခုဇ္ဇုတ္တရာသည် ထိုနေ့တွင် ရှစ်အသပြာဖိုးလုံး ပန်းဝယ်သွား၏။ ခါတိုင်းထက် ပန်းများနေသဖြင့် သာမာဝတီမိဖုရားမှ မေးသောအခါ နေ့စဉ်လေးအသပြာဖိုးသာဝယ်၍ လေးအ သပြာကို ခိုးယူထားမိကြောင်း အမှန်အတိုင်း ဝန်ခံပြောကြားလိုက်သည်။( ဓမ္မပဒ အဋ္ဌကထာ)

ဤကား အရိယာတို့၏ အားဖြစ်သည်။ မိဖုရား အမျက်တော်ရှလျှင် အသက်ကိုပင် ပေးရဖွယ် ရှိသော် လည်း အဒိန္နာဒါနာ ကံ၊ မုသာဝါဒါ ကံ ကို အသက်နှင့်ရင်း၍ စောင့်ရှောက်သွားသည်။ နဂိုကျူးလွန်မိ သည်များကိုလည်း ရိုးဖြောင့်စွာပင် ဝန်ခံလိုက်သည်။

သံဃဂုဏ်တော်ကိုးပါးတွင် “ ဥဇုပ္ပဋိပန္နော - ရိုးဖြောင့်စွာ ကျင့်ကြံတော်မူခြင်း “ ဟု ရှိပါသည်။ အရိယာသံဃာတော်များသည် သူတစ်ပါးအထင်ကြီးအောင်၊ လာဘ်လာဘရအောင် ဟန်ဆောင်မှုများဖြင့် မာယာသာဌေယျ အမှုမျိုးကို မကျူးလွန်တော့ပေ။

မိမိတွင် အပြစ်ရှိနေပါလျက် မရှိဟန်ဆောင်ခြင်းကို မာယာဟု ခေါ်၍ မိမိတွင် မရှိသောဂုဏ်ကို ရှိလေ ဟန် ဆောင်ခြင်းကို သာဌေယျ ဟုခေါ်ပါသည်။

လာဘ သက္ကာရ သိလောက အတွက် လိမ်လည်လှည့်ဖြား မုသားဆိုခြင်းကို မပြုရုံမျှမက မိမိအသက် ၊ မိမိမိဘ ဆွေမျိုးအသက် အတွက်ပင် ငဲ့၍ဖြစ်စေ သီလကို ဖောက်ဖျက် ကျူးလွန်ခြင်းမရှိပေ။

မြတ်စွာဘုရားရှင်လက်ထက်တော်တွင် အဓိမုတ္တသာမဏေသည် ဦးရီးတော် သံကစ္စထေရ်ထံတွင် သာမဏေပြု၍ ဝိပဿနာပွားများအားထုတ်သော် ရှင်သာမဏေအဖြစ်နှင့်ပင် အရဟတ္တဖိုလ် တည်သည်။ တစ်နေ့ တွင် ဦးရီးတော်အား ရဟန်းအဖြစ် ပြုပေးပါရန် လျောက်ထားသောအခါ အသက်နှစ်ဆယ် ပြည့်၏မပြည့်၏ ကို အတိကျ မသိရသဖြင့် အမိအဖတို့ထံ မေးမြန်းရန် စေလွှတ်လိုက်သည်။

လမ်းခရီးတောလမ်းတနေရာတွင် ဗလိနတ်စာ တင်မြှောက်ရန် သားကောင်ရှာမရဖြစ်နေသော ခိုးသား တို့နှင့် တွေ့လေသည်။ ခိုးသားတို့သည် အဓိမုတ္တသာမဏေကို သတ်၍ ဗလိနတ်စာတင်မြှောက်ရန်အတွက် ဖမ်းယူသည်။ သာမဏေသည် မိမိကို သတ်ဖြတ်ရန်ပြုလုပ်နေကြသော ခိုးသားတို့ကို ကြောက်ရွံ့ခြင်း အလျင်းမရှိဘဲ ကြည်လင်သော မျက်နှာထားဖြင့်သာ ကြည့်နေသည်။

ထိုအခြင်းရာကို ခိုးသားခေါင်းဆောင်က အလွန်အံ့သြသည်။ လူတို့သည် သေဘေးနှင့် တွေ့သော အခါ ဆောက်တည်ရာမရာ ကြောက်လန့်တကြား အော်ဟစ်ရုန်းကုန်နေသည်များကိုသာ သူတွေ့ဖူးသည်။ သာမ​ဏေကဲ့သို့ သေဘေးကို အေးအေးလူလူ ရင်ဆိုင်နေသာ သူမျိုး မတွေ့ဖူးပေ။ နှုတ်ကပင် ထုတ်၍ ဘာကြောင့် မကြောက်တာလဲ ဟု တအံ့တသြ မေးလေသည်။

“ သင်္ခါရ တရားတို့၏ ပျက်စီးခြင်းကို ဟုတ်တိုင်းမှန်စွာ သိပြီးသောကြောင့် ကြောက်လန့်မရှိ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီဖြစ်၍ သေခြင်းကို အခံရခက်သော ရောဂါဝေဒနာတို့ ကုန်ဆုံးသွားသကဲ့သို့သာ မှတ် ယူ ပါသည်” ဟု သာမဏေ၏ ရဲရဲတောက်စကားကို ကြားရသောအခါ ခိုးသူကြီးမှာ မသက်ရက်တော့ဘဲ ပြန်လွှတ် လိုက်သည်။

သို့သော် ဤတောထဲတွင် သူတို့ရှိကြောင်း မည်သူမျှ မပြောရန် သာမဏေထံမှ ကတိတစ် ခုတောင်း သည်။ သာမဏေကလည်း မပြောပါဟု ကတိပေးသည်။

မိဘတို့ အိမ်သို့ရောက်သောအခါ အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံနိုင်ပြီ်ဖြစ်ကြောင်း သိရသည်။ အမိ အဖ ဆွေမျိုးများသည် ဦးရီးတော် သံကစ္စထေရ်ကိုလည်း ဖူးတွေ့ချင်၍ သာမဏေနှင့်အတူ လိုက်လာကြ၏။ တောတွင်းသို့ ရောက်သောအခါ ခိုးသားများမှ သာမဏေ၏ မိဘ ဆွေးမျိုးတစ်သိုက်ကို ဖမ်း၍ နှိပ်စက်သည်။
သာမဏေ၏ မိခင်သည် ဤတောထဲတွင် ခိုးသားတွေရှိနေတာကို မပြောရကောင်းလားဟု သာမဏေ ကို ဆူပူအပြစ်တင်၏။

ခိုးသားများအားလုံး အထိတ်တလန့် အံ့သြခြင်းမက အံသြခြင်းဖြစ်သွားသည်။ အသက်ငယ်သော်လည်း ကတိတစ်ခုအတွက် မိမိအသက် မိဘ ဆွေမျိုးများအသက်နှင့်ရင်း၍ တည်သည့်သာမဏေကို တကယ့်သူတော် သူမြတ်ဖြစ်ပါပေတယ်ဟု ချီးကျူးလျက် သူတို့၏အပြစ်ကို ဝန်ချတောင်းပန်တော့သည်။(ထေရအပဒါန်)

ခိုးသားတို့ပင် အံ့သြသည်မဟုတ်၊ ဤဇာတ်ကြောင်းကို ဖတ်မိသောအခိုက် မိမိသည်လည်း အလွန်အံ့ သြသွားသည်။ “ မြတ်စွာဘုရားရှင်ရဲ့ သားတော်ပီသလိုက်တာ၊ ရိုးသားလိုက်တာ၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော ဆိုတဲ့ သံဃဂုဏ်နှင့် ညီလိုက်တာ” ဟု ချက်ချင်း လက်အုပ်ပင်ချီမိသည်။

မိမိတို့၏ အဖြစ်အပျက်နှင့် ယှဉ်တွေးမိသောအခါ မျက်နှာပူမိသည်။ ရှက်ရွံ့စိတ်လည်း ခံစားမိသည်။

ထိုဇာတ်ကြောင်းလေးက ရင်ထဲ အတော်စွဲသည်။ မနက်အိပ်ရာထ မျက်နှာသစ်တိုင်း “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ “ သရဏဂုံ သုံးပါးကို ရွတ်ဆို၍ မျက်နှာသစ်ကျင့် လုပ်ထားသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာပြီမသိ။

ယခုအခါ သရဏဂုံသုံးပါး ရွတ်ဆိုမိတိုင်း “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ရွတ်ဆိုမိလျင် အရဟံဂုဏ်တော်ကို အာရုံပြုမိ၍ သြော်..ဘုရားရှင်က ကိလေသာမရှိတော့ဘူး၊ ဘယ်လောက်အေးချမ်းလိုက်မလဲနော်၊ ဆိတ်ကွယ် ရာအရပ်မှာတောင် မကောင်းမှုကို ပြုတော်မမူဘူး၊ ကြံစည်တော်ကို မမူတော့တာတဲ့၊ ငါတို့နဲ့ ကွာပါ့ကွာ၊ အေးပေါ့ ဒီဂုဏ် အရည်အသွေးတွေ ရှိနေမှတော့ လူနတ်ဗြဟ္မာတို့ရဲ့ ကိုးကွယ်မှုကို ခံယူထိုက်ပြီပေါ့ “ ဟု အရဟံ ဂုဏ်တော်ကို အာရုံပြုမိသည်။

“ ဓမ္မသရဏံ ဂစ္ဆာမိ ဟု ရွတ်ဆိုမိသောအခါ သန္ဒိဋ္ဌိကော…ကိုယ်တိုင်သိနိုင်တယ်တဲ့၊ အကာ လိကော…အချိန် လည်းမဆိုင်း ချက်ချင်းအကျိုးပေးသတဲ့၊ သြပနေယျိကော…အေးပေါ့ ဒီတရားမျိုးမှ ကိုယ် နဲ့မကွာ ဆောင်မ ထားရင် ဘယ်တရားသွားဆောင်ထားမလဲ” ဟု ဆင်ခြင်ဖြစ်သည်။

“ သံဃံ သရဏံ ဂစ္ဆာမိ ရွတ်ဆိုမိတိုင်း အဓိမုတ္တသာမဏေဇာတ်ကြောင်းကို အမှတ်ရမိပြီး ရိုးသားလိုက်တာ၊ ရိုးသားလိုက်တာဟု ဥဇုပ္ပဋိပန္နဂုဏ်ကို အောက်မေ့မိသည်။

တရားရှာရာတွင် ရိုးသားမှု ရှိကိုရှိမှဖြစ်မည်ဟု ယုံကြည်သည်၊ ကိုယ်တိုင်လည်း ရိုးသားချင်သည်။ သို့သော် အပြည့်အဝ မရိုးသားနိုင်သေးမှန်းလည်း သိနေသည်။ ကိုယ့်ကိုယ်ကို အားမရ။

ဟစ်ပီတစ်ယောက်ကိုပင် ပြောင်းလဲနိုင်စွမ်းရှိသော တရား။ ဟစ်ပီတစ်ယောက်လောက်မှ စောင့်ထိန်း နိုင်စွမ်း မရှိသေးသော မိမိတို့၏ သီလ။

သူတော်ကောင်းများ၏ ရိုးဂုဏ်ကို အာရုံပြု၍ ထိုစိတ်ဓာတ်မျိုးရရှိအောင် ဓာတ်ကူးကာ ကြိုးစားချင်စိတ် တော့ အမှန်ရှိနေပါ၏။ ရှိနေပါ၏။

တနေ့နေ့တော့ အပြည့်အဝ ရိုးသားနိုင်ကောင်းပါရဲ့။ ရိုးသားနိုင်ကောင်းပါရဲ့။

အရှင်ပညာသီရိ ( ရမ္မာကျွန်း )

No comments:

Post a Comment