Tuesday, December 11, 2018

ကမ္မဋ္ဌာန်းဆရာရွေးတတ်စေရန်

ကမ္မဋ္ဌာန်းဆရာရွေးတတ်စေရန်
•••••••••••••••••••••••••
( ပါချုပ်ဆရာတော်ဘုရား )

ဗမာပြည်မှာ ကမ္မဌာန်းဆရာဆိုပြီး ကမ္မဌာန်းပြကြတဲ့အထဲမယ် စာတတ်ဖို့ မလိုပါဘူး .. အတွေ့ကြုံရှိရင် ပြီးတာပဲလို့ ပြောတဲ့ ပုဂ္ဂိုလ်မျိုးတွေကလည်း နည်းတာမဟုတ်ဘူး ..။

တရားအားထုတ်တာတောင်မှပဲ စာခံနေလို့ တရားမတက်ဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသေးတယ် ..

အဲဒီလိုဆိုတော့ စာ နဲ့ တရားက တခြားစီလို့ အဓိပ္ပါယ်ရောက်သွားတယ်ပေါ့ ..

စာဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဘုရားဟောတဲ့ တရား ..။ အဲဒီ ဘုရားဟောတဲ့တရားနဲ့မှ မညီညွတ်ရင် ဘယ်လိုလုပ်ပြီးတော့ မှန်ကန်တဲ့လမ်းကြောင်း ရောက်မလဲ ..

အဲဒါကြောင့်  စာခံတယ်ဆိုတာ မပြောသင့်တဲ့ စကားတခုပဲ .. စာတတ်ဖို့မလိုဘူး ဆိုတာလဲ မပြောသင့်တဲ့ စကားတခုပဲ ။ တကယ်တော့ စာတတ်တာကို အကြောင်းပြုပြီး "မာနခံတယ်" လို့ ပြောရင် မှန်တယ် .. ။ ( စာ - ၆ )

ကိံသုကောပမသုတ္တံ ဆိုတာ အားလုံးကြားဖူးကြလိမ့်မယ် .. " ပေါက်ပင်ဥပမာ" နဲ့ မြတ်စွာဘုရားဟောထားတာ ။

ရဟန်းတပါးကို သွားမေးတယ် .. မေးတဲ့အခါကျတော့ တရားရှုတဲ့အခါမှာ ဘာကို ရှုရမလဲ ., သူကလဲ သူရှုခဲ့တဲ့ လမ်းစဉ်ကိုပြောတာ .. " အေး- ဓာတ်ကြီးလေးပါးကို ရှု " ....

နောက်တပါးသွားမေးတဲ့အခါကျတော့ သူကျင့်ခဲ့တဲ့ လမ်းစဉ်ပဲ ပြောတာ .. " ခန္ဓာငါးပါးရှု " .. ဒီလိုပြောပြန်တယ် ..

နောက်တခါကျတော့ " အာယတနခြောက်းပါကို ရှု " လို့ပြောတယ် .. တဦးနဲ့တဦး ပြောတာမတူသည့်အတွက်  ကြားရတဲ့ ပုဂ္ဂိုလ်မှာ သံသယတွေ ဖြစ်လာတယ် ..။

မြတ်စွာဘုရားရှင်က ရှင်းပြတယ် ..,

ပေါက်ပင်ဆိုတာ ရာသီဥတုအလိုက် ပေါက်ပင်ရဲ့ ပုံပန်းသဏ္ဌာန်ပြောင်းလဲတယ် , အရွက်ခြွေနေတဲ့ အချိန်မှာ ပေါက်ပင်ကြီးကို သွားကြည့်ရင် သစ်ပင်ခြောက်ကြီးလိုပဲ .. ရိုးတန်တွေချည်းပဲ .. တရွက်မှ မရှိဘူး .. အပွင့်ကလည်း တပွင့်မှ မရှိဘူး .., ပေါက်ပင်ဆိုတာ ဘယ်လိုဟာလည်းလို့ မေးတဲ့အခါ အဖြေအမျိုးမျိုးရှိတယ် ..။

"ပေါက်ပင်ဆိုတာ အရွက်မရှိတဲ့ ရိုးတံတွေနဲ့အပင်"လို့ပြောတယ် ..

"ပေါက်ပင်ဆိုတာ တပင်လုံး ရဲရဲနီနေတဲ့ အပွင့်တွေနဲ့ " လို့ပြောပြန်တယ် ..။

သို့သော် ပေါက်ပင်ဟာရိုးတံချည်းပဲလို့ ပြောတဲ့အခါမှာ အရွက်ခြွေတဲ့အချိန်ဆို မှန်တယ် .. အပွင့် ပွင့်နေတဲ့အချိန်မှာ သွားကြည့်ရင်  အပွင့်နီတွေနဲ့ ဖုံးနေတယ်ဆိုတာ မှန်တယ် ..။  ဟော ...  အရွက်ထွက်တဲ့အခါ ပေါက်ပင်ဆိုတာ အရွက်ဖားဖားနဲ့ စိမ်းစိမ်းနဲ့ အင်မတန်မှ ကျက်သရေရှိတယ်လို့ ပြောရင်လည်း မှန်ပြန်တာပဲ ..

အဲဒီလို ရာသီအလိုက် ခွဲခြားမမြင်နိုင်ဘူးလို့ ဆိုလို့ရှိရင် သံသယပွါးစရာ အငြင်းပွါးစရာ ဖြစ်တာပေါ့ ..။ (စာ-၁၄/၁၅)

ပြောရမှာက ဓာတ်လည်း ရှုနိုင်တယ် , ခန္ဓာလည်း ရှုနိုင်တယ် . အာယတနလည်းရှုနိုင်တယ်ပေါ့ ., စာတတ်တဲ့ ပုဂ္ဂိုလ်ကြတော့ ဘယ်ဟာဖြစ်ဖြစ် ရှုလို့ရတယ်လို့ အကုန်လုံးကို ညွှန်နိုင်တယ် .., ဒီလို ဆိုလိုတာ ။

လောကမှာ အငြင်းပွါးနေတဲ့ လူတွေဟာ တစိတ်တဒေသ ကိုသာ ကြည့်ပြီး အငြင်းပွါးနေတာတဲ့ .. အကုန်လုံးကိုမြင်လို့ရှိရင် ငြင်းစရာတခုမှ မရှိဘူး .. ။ ( စာ-၁၆ )

ဒေါက်တာနန္ဒမာလာဘိဝံသ - ကမ္မဋ္ဌာန်းဆရာ စာအုပ်မှ ထုတ်နူတ်ရေးသား၍ ပူဇော်ပါသည် ။

အပြည့်စုံဖတ်ရှုမှတ်ယူ ပူဇော်နိုင်ရန် စာအုပ်ဒေါင်းယူရန်လင့်ခ်

http://dhammadownload.com//File-Library/Dr-Nandamalabhivamsa/90-Dr-Nandamalabhivamsa-KaMaHtanSaYar.pdf

မေတ္တာဖြင့်

တရားရွာ

No comments:

Post a Comment