Monday, December 17, 2018

ကိုယ်နာသော်လည်း စိတ်မနာတဲ့နည်း

❝ ကိုယ်နာသော်လည်း စိတ်မနာတဲ့နည်း
■■■■■■■■■■■■■■■■■■■■■

   ကောင်းတဲ့ဝေဒနာကိုပဲ ခံစားခံစား ဆိုးတဲ့ဝေဒနာကိုပဲ ခံစားခံစား ခံစားတဲ့အလုပ်ကို ဝေဒနက္ခန္ဓာကလုပ်တာ။ ငါက လုပ်တာမဟုတ်ဘူးလို့ သေချာသိသွားရင် ကိုယ်သာနာတယ် စိတ်မနာဘူး။ ဒါကြောင့် ဝေဒနာကြောင့် သေရသော်လည်း အပါယ်မကျဘူး။ နိဗ္ဗာန်ပဲ ရောက်တယ်။ ကောင်းတဲ့ဝေဒနာကို ခံစားခံစား၊ မကောင်းတဲ့ဝေဒနာကို ခံစားခံစား၊ ခံစားတဲ့ သဘောတရားကို ငါလို့အယူမှားတဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာကိုယ်ပျက်စီးချိန်ရောက်ရင် တစ်နည်း သေတဲ့အချိန်ရောက်ရင် ကိုယ်လည်းနာတယ်။ စိတ်လည်းနာတယ်။ အဲဒီ ပုဂ္ဂိုလ်များကျတော့ သေရင် အပါယ်လည်းကျတယ်။

      ဆရာတော်နှစ်ပါးနဲ့ဥပမာပေးမယ်။ ပထမတစ်ပါးက တနင်္သာရီတိုင်းထဲကပဲ။ သက်တော်ရှစ်ဆယ့်ခြောက်မှာ ပျံလွန်တော်မူတယ်။ ပျံလွန်တော်မူခါနီးအချိန်တုန်းက အဲဒီဆရာတော်ကြီးနားကို ရောက်သွားတဲ့အခါ အမေရေအမေရေနဲ့ အော်ဟစ်ညည်းညူနေတာကို တွေ့ရတယ်။ နောက် အော်ဟစ်ညည်းညူရင်းပဲ ပျံလွန်တော်မူသွားတယ်။ ဘယ်မှာ အသေကောင်းနိုင်တော့မှာလဲ။ အပါယ်ကျဖို့ဟာ များမှာပေါ့။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် ခန္ဓာငါးပါးကို ငါလို့ အယူအဆမှားတဲ့အတွက်ကြောင့် ကိုယ်လည်းနာပြီး စိတ်လည်းနာသွားတာပဲ။

     နောက်တစ်ပါးကတော့ ပခုက္ကူသဲပုံတောရ ဆရာတော်လို့ခေါ်တယ်။ နိသဇ်ဓုတင်ဆောင်တဲ့အတွက်ကြောင့် လျောင်းခြင်း၊ ဣရိယာပုထ်ကိုပယ်ထားတယ်။ သွားတယ်၊ ရပ်တယ်၊ ထိုင်တယ်၊ ဒီသုံးမျိုးနဲ့ပဲ အားထုတ်တယ်။ ပျံလွန်တော်မူမယ့်ညကဆိုရင် ဆရာဝန်က ဆေးသွင်းလိုတဲ့အတွက်ကြောင့် ခေတ္တလျောင်းပေးပါလို့ ပြောတာတောင် နားမထောင်ဘူး။ ညလုံးပေါက်ထိုင်လျက်ပဲ၊ မနက်မိုးလင်းလို့ သွားကြည့်တဲ့အခါ ထိုင်လျက်ပဲ ပျံလွန်တော်မူနေတာကို တွေ့ရတယ်။ ညည်းညူအော်ဟစ်ဖို့ဝေးရော ပျံလွန်တော်မူသွားတာတောင် မလျောင်းဘူးမဟုတ်လား။ အဲဒါ ဘာကြောင့်လဲဆိုတော့ ခန္ဓာငါးပါးကို ငါမဟုတ်ဘူးလို့ သေချာသိထားတဲ့အတွက် ကိုယ်သာနာပြီး စိတ်မနာတဲ့အတွက်ကြောင့်ပဲ။

     တချို့ဆရာတော်များဆိုရင် မိမိကို အသေသတ်မည့်ရောဂါကို ရဟန္တာဖြစ်အောင်တောင် အသုံးချလိုက်သေးတယ်။ သီဟိုဠ်ကျွန်း စေတီယတောင်မှာ မထေရ်နှစ်ပါး သီတင်းသုံးပြီး တရားအားထုတ်နေကြတယ်။ တစ်ပါးကဝါကြီး၊ တစ်ပါးက ဝါငယ်တယ်။ ဝါကြီးတဲ့မထေရ်ကခြောက်ဆယ်အရွယ်လောက်ရှိပြီး၊ ဝါငယ်တဲ့ မထေရ်က လေးဆယ်အရွယ်လောက်ရှိလိမ့်မယ်ထင်တာပဲ။ တစ်ခါတော့ မထေရ်ကြီးမှာ ဥပ္ပလကဝါတလို့ခေါ်တဲ့ လေရောဂါဖြစ်တယ်။ အဓိပ္ပါယ်က နှလုံးသားကိုဝမ်းဗိုက်အပြင်သို့ခွဲထွက်ပြီး၊ ထုတ်တတ်သောလေလို့ အဓိပ္ပါယ်ရတယ်။ သေရမည့်ရောဂါဆိုတော့ အလွန်ပြင်းထန်တာပေါ့။ မထေရ်ကြီးဟာ တစ်ချက်တစ်ချက် သတိလွတ်ပြီး ညည်းညူသံတွေ ထွက်သွားတယ်။

     ဒါကို မထေရ်ငယ်ကကြားတော့ သာမန်လေရောဂါလောက်လို့ထင်ပြီး သတိလှမ်းပေးတယ်။ " အရှင်ဘုရား ဘယ်နေရာက နာတာလဲ "။ ဒီလိုမေးတာ ရိုးရိုးမေးတာမဟုတ်ဘူး။ တရားသဘောနဲ့မေးတာ။ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ် ဆိုတာ ရောဂါပဲ။ ရုပ်တွေဖောက်ပြန်တာပေါ့။ ခံစားတယ် ဆိုတာက ဝေဒနာပဲ၊ ရုပ်ဆိုတာလည်း သဘောတရားပဲ။ ခံစားတယ် ဆိုတာလည်း သဘောတရားပဲ။ ပရမတ်ဖြစ်တဲ့အတွက် ဘယ်နေရာဆိုပြီး ပညတ်နဲ့ နာမည်တပ်လို့ ဘယ်ဖြစ်နိုင်မှာလဲ အဲဒီလို တွေးမိတဲ့အတွက်ကြောင့် မထေရ်ကြီးဟာ တရားသတိ ပြန်ဝင်သွားတယ်။

     " ဘယ်နေရာလို့ ပြောလို့မရပါဘူးဘုရား။ ရုပ်ဖောက်ပြန်ပြီး ဝေဒနာက ခံစားတဲ့သဘောတရားလေးပါ " လို့ ပြန်လျှောက်လိုက်တယ်။ ဒီတော့ မထေရ်ငယ်က ပြန်ပြောတယ်။ " အဲဒီလို အမှန်ကိုသိလျှင် ညည်းညူစရာ မလိုပါဘူးဘုရား။ သည်းခံနိုင်ရမှာပေါ့" တဲ့။ အဲဒီအခါမှာ မထေရ်မြတ်ကြီးကလည်း ရောဂါဒဏ်ကို သည်းခံပြီး ခန္ဓာငါးပါး အနတ္တလို့ ရှုပွားနေရင်းက ဝမ်းဗိုက်ကြီးဟာကွဲထွက်သွားပြီး၊ အူတွေ၊ အသဲတွေ၊ အဆုတ်တွေ၊ နှလုံးသားတွေ၊ ကလီစာတွေဟာ ခုတင်ပေါ်ကိုပုံကျသွားတယ်။ ဒီအချိန်မှာ လေးမဂ် လေးဖိုလ်လည်း ရသွားပြီး သက်တမ်းလည်း ကုန်ဆုံးသွားပါတယ်။

     ဗိုက်ကွဲသော်လည်း ပြုံးနိုင်သူ
------------------------------

     ပျံလွန်တော်မူခါနီးမှာတောင် မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတဲ့ မထေရ်ငယ်ကို ဒီလောက်သည်းခံရင် တော်လောက်ပါပြီနော်လို့ ပြုံးပြုံးလေး မိန့်တော်မူသွားသေးတယ်။အမှန်က သေလောက်တဲ့ရောဂါမဟုတ်ဘူးထင်လို့ မထေရ်ငယ်က ပေါ့ပေါ့လေး သတိသွားပေးခဲ့တာ။ ကလီစာတွေ ထွက်ကျပြီး ပျံလွန်တော်မူသွားတာကိုတွေ့ရမှ အတော်ကြီးပြင်းထန်တဲ့ ရောဂါဆိုတာသိသွားတယ်။

မေတ္တာရှင် ( ရွှေပြည်သာ )
တစ်ရာထက်မြတ်သော တစ်ရက်မှ-

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

No comments:

Post a Comment