ဝိနည်းဆိုတာ ဟန်လုပ်ရတာပဲ
-----------------------------------------
ဘုန်းကြီးကို
တီးတာ မှုတ်တာ မကြိုက်ဘူးလို့
ထင်နေကြတာ၊ ဘယ်ဟုတ်လိမ့်မလဲ၊
ဘုန်းကြီးက သိပ်ဝါသနာပါတာ၊
တီးတာ မှုတ်တာ ကြိုက်လွန်းလို့ ခက်နေတယ်၊
ငယ်ငယ်ကစပြီး ဘုန်းကြီးက ခပ်ရွှင်ရွှင် နေလာခဲ့တာ၊
ကြိုက်တာပေါ့၊
ဘုန်းကြီးက ရွှင်လန်းဝမ်းမြောက်တတ်တဲ့
သောမနဿနှင့် ပဋိသန္ဓေနေလာခဲ့သလား မသိဘူး၊
တီးတာ မှုတ်တာ သိပ်စိတ်ဝင်စားတယ်။
ငယ်ငယ်တုန်းကဆိုရင်
အရပ်က ဘုန်းကြီးပျံပွဲတစ်ခုမှာ
လောင်တိုက်တလားကြီးပေါ်ကို စက်သီးနှင့်ဆင်ထားပြီး
နတ်မြင်းပျံရထားကြီးနှင့် တက် က ရမယ့် အလုပ်ကို
ရွေးချယ်ထားကြလို့ က မယ်တောင် လုပ်သေးတယ်၊
နောက်တော့ မက ဖြစ်ပါဘူး၊
အဲလို ကြိုက်ခဲ့တာ။
ဒါပေမယ့်
ကြိုက်တိုင်း လုပ်နေလို့ တော်မလား,
ဝါသနာပါတိုင်း လုပ်နေလို့ သင့်မလား,
ဘုရားဝိနည်းတော်က ရှိသေးတယ်လေ။
ဘုန်းကြီးတို့တစ်တွေဟာ
ဘုရားသားတော်များ ဖြစ်ကြလို့
ကြိုက်တာ ဝါသနာပါတာကို အသာထား၊
ဘုရားစကားအတိုင်း နေကြရမှာ။
တီးတာ မှုတ်တာတို့
မကြိုက်လို့ တားနေတာမှ မဟုတ်ဘဲ,
မတော်လို့ တားနေတာ။
ပုထုဇဉ်သားတွေကပဲ, အာရုံဆို ခုံမင်တတ်ကြတာပေါ့၊
သို့သော် မတော်လျှင် တားရမယ်၊
မသင့်လျှင် စောင့်စည်းရမယ်၊ ဒါဟာ သီလပဲပေါ့၊
သီလဆိုတာ ကိုယ်နှင့်နှုတ်ကို စောင့်စည်းရခြင်းပဲ။
တချို့က ပြောတတ်ကြသေးတယ်၊
"ဟန်လုပ်တာပါကွာ" တဲ့၊
ဟုတ်တယ်လေ၊ ဟန်လုပ်တာပေါ့၊
ဝိနည်းဆိုတာ ဟန်လုပ်ရတာပဲ၊
ဟန်မလုပ်ဘဲ စိတ်ထဲရှိတဲ့အတိုင်း
လျှောက်လုပ်ကုန်ရင် မခက်ပေဘူးလား။
ဒါကြောင့်
စိတ်ထဲရှိတဲ့အတိုင်း (မနောကံဖြစ်တဲ့အတိုင်း)
အပြင်ဘက်ကို အစွန်းထွက်မလာစေနဲ့၊
ကျူးလွန်တဲ့ ကာယကံ, ကျူးလွန်တဲ့ ဝစီကံ
ဖြစ်မလာစေနဲ့လို့ စောင့်စည်းရတာ၊
ဒါ ဟန်လုပ်တာပေါ့၊ ဒါ သီလပဲ။
ဒီလို ဟန်လုပ်တဲ့ စောင့်စည်းမှု
" သံဝရသီလ "တွေ မရှိရင် ခက်မကုန်ပေဘူးလား၊
ပုထုဇဉ်သားတွေဆိုတာ
စိတ်ရိုင်းတွေ ကိန်းအောင်းနေတတ်ကြတယ်၊
ဒါတွေကို သီလနှင့် ထိန်းတာပဲ၊
ပညာချွန်းနှင့် အုပ်ရတာပဲ။
ပုထုဇဉ်စိတ်တွေဆိုတာ ဆင်ရိုင်းကြီးတွေလိုပဲ၊
ဒါကို အသိဥာဏ်ပညာနှင့် ထိန်းရတယ်၊
ဝိနည်း ပညတ်တွေနှင့် ထူးခတ်ထားရတယ်။
အရှင်ဇနကာဘိဝံသ။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
" တစ်ဘဝ သာသနာ "
Credit:ဓမ္မ
No comments:
Post a Comment