Sunday, December 9, 2018

ဗုဒ္ဓသာသနာနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်

ဗုဒ္ဓသာသနာနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
======================

©        ထေရ၀ါဒဗုဒ္ဓဘာသာ ၀င် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကို လည်း ကိုးကွယ်နေကြသည်။ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။

ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသောကျင့်စဉ်ကိုလည်းအမျိုးမျိုးပြောဆို နေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။

©       ထွက်ရပ်ပေါက်နှစ်မျိုးအနက် အသေထွက်ဆိုသည်မှာ လက်ရှိဘ၀က သေလွန်ပြီးသော်လည်းလောကဝေါဟာရအရသာ သေလွန်သည် ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။

အရှင်ထွက်ဆိုသည်မှာ လောက ဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်းအခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။

©      အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ် ဘ၀အဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။ အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာအရှင်မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။

# သေလေးပါးမှာ…

(၁) အရှင်မဟာကဿပ (ဝေဘာရတောင်ထက်)
(၂) ရှင်မဟာသံသာရ (ဥတ္တမတောင်)
(၃) ရှင်ဥပေက္ခေ (မကုလတောင်)
(၄) ရှင်ဓမ္မသာရ (မကုလတောင်) တို့ ဖြစ်ကြသည်။ ထိုရဟန္တာများသည် လူ့ဝေါဟာရအရပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက်ရှင်သန်နေသည်။တန်ခိုးအစွမ်းရှိနေသည်ဟု ယုံကြသည်ကြသည်။

#      ရှင်လေးပါးမှာ…

(၁)       တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊

(၂)      မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊

(၃)    အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊

(၄)      အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေဆက်လက်ရှင်နေဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။

©        ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသောထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခ၀တီဘုံ၌ ထာဝရပျော်စံနေသည်ဟုယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရ၀ါဒီ သုတေသီများက မှတ်ချက် ပြုကြသည်။

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာ ....

±    ရှင်အဇ္ဇဂေါဏ၊
±    ရှင်မထီး၊
±    ဘားမဲ့၊
±    ဘိုးဘိုးအောင်၊
±    ဘိုးမင်းခေါင်၊
±     ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။

©        ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့တို့မှာ ထေရ၀ါဒအနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက် သည်ဟု ဆိုသည်။ ရှင်မထီး နှင့် ဘားမဲ့တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။

ထိုပုဂ္ဂိုလ်များ သည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ၀င်စားလာကြသည် ယနေ့တိုင်ဓာတ်စီးဝင်ခြင်း၊ လူသတ္တ၀ါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။

©    ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ) တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ထိုပုဂ္ဂိုလ်များသည်လည်းသေလွန်သည်မဟုတ် ခန္ဓာသစ် ဘ၀သစ်သို့ မသေဘဲ ထုံကူးကာ၊ ၀င်စားနေသည်ဟုယူဆကြသည်။

ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့်မကိုက်ညီကြောင်းမြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။ ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီးရောက်သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက်နတ်သော်လည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊ဖြစ်သွားဖွယ်ရှိသည်ဟု ဝေ ဖန်ချက်များပေးခဲ့ကြသည်။

©      " မြတ်ဗုဒ္ဓရှိတော်မူစဉ်က တစ်နေ့ သောညဦးရန်အချိန်တွင် နတ်သားတပါးက မြတ်ဗုဒ္ဓအား မေးမြန်းလျှောက်ထားလေသည်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားရဲ့သာသနာတော်မှာ ရဟန္တာသော်၎င်း အခြားသောရဟန်းသံ ဃာသည်၎င်း အရှင်ဘုရားရဲ့ ဟောဖော်ညွန်ပြတဲ့တရားဓမ္မတွေကိုကျင့်ကြံအားထုတ်ပြီးတော့နေမည်ဆိုလျှင် အသက်ရှင်လျှက် ၂၀၀ သို့ ၁၀၀၀ နေနိုင်ပါသလား ဘုရားလို့ လျှောက်လေသည်။

     ထိုအခါမြတ်ဗုဒ္ဓက  အသင်ဒကာတော်နတ်သား ငါဘုရားရဲ့သာသနာမှာမဂ္ဂင် ၈ ပါး သစ္စာ ၄ပါးကျင့်တရားတွေကိုကျင့်ပြီးတော့ နေမယ် ဆိုရင်ရဟန္တာတွေရှိနေအုံးမှာပဲ သာသနာလည်းရဟန္တာ မဆိတ်သုန်းသမျှ ငါဘုရားရဲ့သာသနာရှိနေဦးမယ် သို့ သော်လည်းပဲ ငါဘုရားရဲ့ သာသနာမှာနေမယ်ဆိုရင်အသက်တမ်းအားဖြင့် ၁၆၀ထက်ပိုပြီးတော့မရှိဘူး တကယ်လို့များ အသက်တမ်း ၁၆၀ ထက်ကျော်လွန် သွားတဲ့သူရှိနေရင် ရှိရင် အဲဒီပဂ္ဂိုလ်ဟာ ငါဘုရားရဲ့သာသနာတွင်းသားမဟုတ်ဘူး ငါဘုရားသာသနာဝင်မဟုတ် ဘူးလို့ဟောကြား တော်မူခဲ့ပါပေတယ်။ "

©     စာရေးသူသိသလောက်မှတ်သလောက်ပြောရရင် ရှင်ဗာကုလသည်ပင်လျှင် မွေးကတည်းက နာချိတဲ့ရောဂါတောင်မရှိဘူး အခြားသောရောဂါမျီုးကိုမဆိုထားနဲ့ သို့ပါသော်ညားလည်း မြတ်ဗုဒ္ဓသာသနာတွင်းဝင်လာတဲ့နောက် အသက် ၁၆၀ တွင် နိဗ္ဗာန်သို့စံမြန်းရပေသည် ။

စာဖတ်သူဒကာဒကာမအပေါင်းတို့လည်းပဲထိုသူတို့ကားမြတ်ဗုဒ္ဓသာသနာအပြင်ပကဆိုတာနားလည်သဘောပေါက်မည်ထင်ပါသည် စာဖတ်သူသည် မြတ်ဗုဒ္ဓသာသနာကိုတကယ်ကြည်ညိုလေးစားကိုးကွယ်တယ်ဆိုပါလျှင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်အောင်ကြီုးစားပြီးတော့သာသနာကိုထောက်ပံ့နိုင်တဲ့သူများဖြစ်အောင် ကြီုးစားပြီး တော့နေထိုင်ကြပါလို့တိုက်တွန်းအပ်ပါသည်။

                      (အရှင်မုနိန္ဒ)
#crd zaw naing tun

No comments:

Post a Comment