Monday, December 3, 2018
မှတ်သားဖွယ်ရာ သင်္ဂါယနာ ၆-တန်
မှတ်သားဖွယ်ရာ သင်္ဂါယနာ ၆-တန်
သင်္ဂါယနာ ၆-တန် ။ ။ ဘုရား၇ှင် ဟောကြားတော်မူခဲ့သော ပိဋကတော် ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမှန်ကို ရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ် အတည်ပြုခြင်းမျိုး။
(၁) ပဌမ သင်္ဂါယနာ-   သုဘရဟန်းကြီး၏ ဗုဒ္ဓ အ၀ဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန်ဝင်စံပြီးသည်နောက် ဓာတုဘာဇနနေ့၌ စည်းဝေးရောက်လာတော်မူကြကုန်သော (၇၀၀၀၀၀) ခုနှစ်သိန်းမျှသော သံဃာတော် အရှင်မြတ်တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ခီဏာသ၀ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော် မူပြီးနောက် အခြံအရံသံဃာတော် ၇၀၀၀၀၀-နှင့် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ် သာသနာသက္ကရာဇ် 
၁-ခုနှစ်ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစတင်၍ တပေါင်းလပြည့်နေ့အထိ ၇-လတိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင် ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင် 
အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော်မူကြလေ သည်။
(၂) ဒုတိယ သင်္ဂါယနာ-   ဘုရင် အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ် အနှစ်တရာရောက် သာသနာ သက္ကရာဇ် (၁၀၀) တရာခုမြောက်သော် ၀ဇ္ဇီတိုင်းသား အလဇ္ဇီ ရဟန်းများ၏ အဓမ္မ၀တ္ထုဆယ်ပါး မတရားပေါ်ပေါက်ပြန်၍ (၉၀၀၀၀) ကိုးသောင်းကုန်သော သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက် အရ ဘုရင် ကာလာသောက မင်းမြတ်နှင့်တကွ အရှင် မဟာယသထေရ် အမှူးပြု ပဋိသမ္ဘိဒါပတ္တ ရဟန္တာ(၇၀၀) ခုနှစ်ရာ ရွေးတော်မူလျက် အခြံအရံ သံဃာတော် ၁-သန်း၂-သိန်းနှင့် ဝေသာလီပြည် ၀ါလုကာရုံ ကျောင်းတော်ကြီး၌ နှုတ်ရွက် ခါ ရှစ်လ တိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူကြသည်။
 (၃) တတိယ သင်္ဂါယနာ- သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ရောက်သောအခါ ပါဋလိပြည်ကြီး
ရှင်ဘုရင် အသောက မင်းမြတ် လက်ထက် ဗာဟိရက တိတ္ထိယတို့သည် ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကုန်လျက် မိမိတို့ မူလအယူ မိစ္ဆာဝါဒ ကိုသာ ကျင့်ကြံ သုံးသပ် နေကြပြန်သောကြောင့် (၆၀၀၀၀) ခြောက်သောင်းသော မဟာသံဃာ့ အစည်းဝေး
သဘင်ကြီးက ဆုံးဖြတ်ချက်ချကာ အသောက ဘုရင်မင်းတရားကြီး ကူညီချက် အရ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်နာယကပြု၍ ရဟန္တာ(၁၀၀၀) တစ်ထောင် ရွေးချယ် စီစစ်ပြီးလျှင် အရံသံဃာ ၆
သန်းနှင့် ထိုနှစ် နယုန်လမှ စ၍ တပို့တွဲလ အထိ ကိုးလ တိုင်တိုင် ပါတလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ နှုတ်ရွတ်ခါ တတိယ သင်္ဂါယနာတင်တော်မူကြသည်။
မှတ်ချက်။ ။ သီရိစတုရင်္ဂဗလ မြန်မာ ပညာရှိ ဦးဘေ အလိုအားဖြင့်သာသနာတော် ၂၃၄-ခုနှစ်မှာ တတိယသင်္ဂါယနာ တင်တော်မူသည်ဟု ယူ၏၊ ပရိုဖက်ဆာ ဆရာလွန်းခေါ် မစ္စတာ မောင်မှိုင်း အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း အလိုအားဖြင့် ၂၃၅-ဟု ယူ၏၊ ရေး၏၊ စီစစ်ကြပါကုန်။
(၄) စတုတ္ထ သင်္ဂါယနာ- သာသနာတော် သက္ကရာဇ် (၄၅၀) လေးရာ့ငါးဆယ်သို့ ရောက်သောအခါ လင်္ကာဒီပ သီဟဠ တည်းဟူသော သီဟိုဠ်ခေါ် သိဃုဠ် ကျွန်းကြီးသခင် ဘုရင် ၀ဋ္ဋဂါမဏိ မင်းတရား ကြီး လက်ထက် ပိဋကသုံးပုံ ကို အာဂုံဆောင်ကြကုန်သော ရဟန္တာ အရှင်မြတ်တို့ သည် နောင် အနာ ဂတ် ကာလ၌ သတ္တ၀ါတို့သည် သတိ ပညာ ဆုတ်ယုတ်ကုန် လတံ့၊ နှုတ်တက် အာဂုံ မဆောင်ရွက် မကျက်မမှတ်နိုင် လတံ့တို့ကို မြင်တော်မူကြ၍ သာသနာတော်၏ အသက် မပျောက်မပျက် တည် ရှိနိုင် စေရန် ကြံစည်တွေးဆကာ (၅၀၀) ငါးရာသော ရဟန္တာ အရှင်မြတ်တို့ ပေထက် မှာရေး လျက် 'ပေထက္ခာရာ'ခေါ်စတုတ္ထ သင်္ဂါယနာကို မဟာ သံဃရာဇာကြီးမှူးလျက် သီဟိုဠ်ကျွန်း မလယဇနပုဒ် အာလောက လိုဏ်ဂူ၌ တင်တော်မူကြပြန်သည်လည်းတကြိမ်။
 (၅) ပဉ္စမသင်္ဂါယနာ-   ကောဇာ သက္ကရာဇ် ၁၂၃၃-ခု၊ သာသနာတော် (၂၄၁၅)ခုနှစ် ရောက်ပြန် ရာ မြန်မာနိုင်ငံတော် ရတနာပုံ နေပြည်တော်ကြီးကို စည်ထီး နန်းအိမ်နှင့်တကွ ပဌမ လက်မွန် တည်ထောင်တော် မူခဲ့သော ဘုရင် မင်းတုံးမင်းတရားကြီး သည် ဘုရားရှင် ဓမ္မစက်ပေရွက်နှင့် မလျော် ဟု ဆင်ခြင်ပြီးကာ သာသနာငါးထောင် (၅၀၀၀) ကုန်အောင်တည်စေနိုင်ခြင်းငှါ၊ ကိုးဖြာ န၀ရတ် ကျောက်မြတ် အ၀င် ဖြူစင်သန့်ရှင်းသော သလင်းကျောက်ရတနာ အပြင်ဝယ်အက္ခရာတော် ထင်ပြီးလျှင် ရွှေမင်းရွှေစုတ်နှင့် ရေးသားခတ်နှိပ်တော် မူ၍ အုဌ်ပြသာဒ်များအတွင်း သွတ်သွင်းခါ ထားတော် မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာ ဆရာကြီးရှစ်ပါးကို ရှေးဖျားရှေးဦး အမှူးဉပကာ (၂၄၀၀)နှစ်ထောင်လေးရာ ကုန်သော သီလ၀န် ဂုဏ၀န် ကလျာဏ ပုထုဇဉ် သံဃာတော်အရှင်မြတ်
တို့နှင့် တကွ ပဉ္စမသင်္ဂါယနာ တင်တော်မူခဲ့သည်လည်း တကြိမ်အားဖြင့် ပေါင်း၅-ကြိမ်ဖြစ်သတည်း။
 (၆) ဆဋ္ဌသင်္ဂါယနာ၊   သစ္စာလေးဆူ အောင်လံ ထူလျက် ပြိုင်သူဖက်ကင်း တရားမင်းဖြစ်တော် မူသော ဗုဒ္ဓရှင်တော် ဘုရားသည်၄၅-နှစ်(၄၅-၀ါ)အတွင်း ဟောကြားတော်မူအပ်သော တရားတော် တို့ကို ကြွသွား နိဗ္ဗာန် စံဝင်တော်မူပြီးနောက်၊ ၂၄၉၈-နှစ်ကြာသောအခါ ......
(၁) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ် ငါးရပ်တို့ကို အထပ်ထပ် အဆင့်ဆင့် ရေးကူး၍ လာကြရာ ၌သတိ ချွတ်ယွင်းရေးမှားခြင်း ဟုဆိုအပ်သော ပမာဒလေခ(ပါဠိပျက်) များကို အထူးသန့် ရှင်း စင်ကြယ်စေလိုသောကြောင့် ၎င်း၊
(၂) ထိုစင်ကြယ်သော ပိဋကတ်တော်များ ကို စက်တင် ပုံနှိပ်၍ ကမ္ဘာ အရပ်ရပ်သို့ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်း၊
(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့် တကွ ဗုဒ္ဓဘာသာနိုင်ငံ အားလုံးတို့က သာသနာတော်ကို စုပေါင်း အားပေး ချီးမြှောက်လိုသောကြောင့်၎င်း ၊ ဤ ဆဋ္ဌသံဂါယနာပွဲသဘင်ကြီးကို တင်တော်မူကြ သည်ဟူ၍     မြန်မာ, ယိုးဒယား, ကမ္ဗောဇ, သီဟိုဠ်, လော, ဟူသည့် ထေရာဝါဒ ငါးနိုင်ငံရှိ သံဃာတော် အရှင်မြတ်တို့ ၏ ဆုံးဖြတ်တော်မူချက်အရ-..............
ကမ္ဘာ့နိုင်ငံတော် အရပ်ရပ်မှကြွ လာတော် မူကြသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ်အကျော် အမော်ဆရာတော် သံဃာတော် (၁၄၄) ပါး၊ ပေါင်း သံဃာတော်(၂၆၁၇)ပါးတို့သည် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ရ မန္တလေးမြို့ညောင်ရမ်း ဆရာတော်ဘုရားကြီးအား သံဃထေရ် မဟာဝိနာယ က အရာထား၍ ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်နေ့  တိုင် အောင် ၂-နှစ် ပတ်လုံး နိကာယ်ငါးရပ် ပိဋက သုံးပုံ ပါဠိတော်များကို သံဂါယနာတင်တော်မူခဲ့ ကြသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓ သာသနာ အဖွဲ့ကြီး၏ သံဂါယနာ မှတ်တမ်းမှ ယူပြသည်။
မှတ်ချက်။ ။   ပါဠိတော် သံဂါယနာ  တင်အပြီး အဋ္ဌကထာ, ဋီကာ, များကိုလည်း ၁၃၂၃-ခုနှစ်၊ တပို့တွဲ လဆန်း ၁၂-ရက်နေ့ အထိအဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ဆရာတော် ဦးသူရိယ အမှူး ရှိသော သံဃာတော်တို့သည် သံဂါယနာ တင်တော်မူကြကုန်၏ဟု မှတ်ရာသေးသည်။
ဆဋ္ဌသံဂါယနာ - ဧချင်း
 မင်းချင်းတို့လေ။ ။ သိရီသြဘာ၊ ထောမနာတည်း၊ ကောဇာတွက်စစ်၊ သက္ကရာဇ်ကား၊ ဆဧက်- တြိဧက်၊ ခေတ်ကောင်းဖြစ်ခဲ့၊ ရှင်ချစ်မြတ်စွာ၊ သာသနာမူ၊ ဓ၊ ဇာ၊ ၀၊ ရ၊ ကဆုန်လ၏၊ ပုဏ္ဏာတိထီ ၊ နေ့စန္ဒီဝယ်၊ နာရီဆယ့်နှစ်၊ မွန်းတည့်ဖြစ်၏၊ စွန်းလစ်ဗာရာသ်၊ မိနစ်မှတ်လော၊ ကောင်းမြတ်ချိန်ခါ၊ မင်္ဂလာဝယ်၊ မြန်မာကရင်၊ ရှမ်း ကချင်နှင့်၊ ပေါ်ထင်တူပြိုင်၊ မွန်ရခိုင်တည့်၊ တောင်ပိုင်ထင်ရှား၊ ချင်း ကယားတို့၊ ကိုယ်စားဥက္ကဌ၊ သမ္မတဟု၊ ဌာနရာထူး၊ ဦးဘဦးနှင့်၊ ကြီးမှူးဉပလုပ်၊ ၀န်ကြီးချုပ်ဟု၊ သရုပ်တန္တု၊ စန်းဣန္ဒုသို့၊ ဦးနုဘွဲ့ချီး၊ ခေါင်းဆောင်ကြီးတို့၊ ဦးစီးနာယက၊ ပါဝင်ကြသား၊ ဗုဒ္ဓသာသနာ၊ ဘွဲ့သညာဖြင့်၊ သြဘာသံဟီး၊ အဖွဲ့ကြီးက၊ ခိုင်ဖြီးလေးဝ၊ ပစ္စယဖြင့်၊ ဆဋ္ဌမဟာ၊ ဒါယကာဟု၊ သဒ္ဓါစင်ဖြူ ၊ တာဝန်ယူခဲ့၊ ဇမ္ဗုရန်ကုန်၊ မြို့ဒဂုန်တွင်၊ ၀သုန်မောဠိ၊ အံ့ဘွယ် ရှိသား၊ သီရိမင်္ဂလာ၊ ကုန်းတော် သာ ၀ယ် ၊ ကမ္ဘာဧတွင်၊ စေတီယင်၏၊ ၀န်းကျင်အနီး၊ လိုဏ်ဂူကြီး၌၊ ဘုန်းမီး နေလ၊ မြတ်ဗုဒ္ဓ၏ ၊ ထေရ ၀ါဒ ၊ ဂိုဏ်းစုံမှလျှင်၊ ရဋ္ဌဂုရု၊ ဘွဲ့သေတ္တုဖြင့်၊ ဂုဏ်ဉပဆောင်စွမ်း၊ အခေါင်လွှမ်းသည့် ၊ ညောင် ရမ်း တဆူ၊ ဦးထိပ်မူလျက်၊ ၀ိဓူဇာနည်၊ မဟာထည်(ထေရ်)တို့၊ ငါးပြည်ထောင်စုံ၊ ဓမ္မာရုံဖြင့်၊ အာရုံဖြောင့်ဖြောင့်၊ ယွင်းမနှောင့်ပဲ၊ နှစ်ထောင့်ငါးရာ၊ မြတ်သံဃာလျှင်၊ ရွှေဗျာဒိတ်>မက်၊ ဓမ္မစက်ကို၊ ငွေထက္ခရာ၊ စက်အလွှာ၌၊ ကောင်းစွာပိုင်ပိုင်၊ ၂-နှစ်တိုင်အောင်၊ သံဉပိင်ညီမျှ၊ ရွတ်တင်ကြသည်၊ ဆဋ္ဌသံဂါယနာ တည့်လေး၊ သူတော်ကောင်းဖေါ်ရွေ့ မင်းချင်းတို့လေ။ 
ရွှေကွန်းထိပ်တင်ရေးသည်။ (မန္တလေး သာသနာဝင်ကျမ်း၊ မိုးကောင်း သာသနာဝင်မှ။)
Crd:::
#MgShweOo
Ngaoh
No comments:
Post a Comment