ချစ်တယ်ဆိုတာ 💖💖
________________
တစ်ခါတုန်းက ကာသိတိုင်း၊ ပါဋလိပုတ်မြို့မှာ
အဿကဆိုတဲ့ ဘုရင်ကြီးတစ်ပါး ရှိခဲ့တယ်။
ဘုရင်ကြီးမှာ ဥပရီ ခေါ်တဲ့ သိပ်လှတဲ့ မိဖုရား
တစ်ပါးလည်း ရှိခဲ့ပါတယ်။ ဘုရင်ကြီးဟာ မိဖုရား
ဥပရီကို အရမ်းချစ်မြတ်နိုးတော်မူတယ် ။
မိဖုရား ဥပရီဟာ ငယ်ရွယ်ပြီး ချောမောလှပတဲ့
အပြင် မာနကလည်း ကြီးပါတယ်။ ပြီးတော့
လူတိုင်းကို မတူသလို မတန်သလို ဆက်ဆံလေ့
ရှိတယ်။ ဘုရင်းကြီးကလွဲရင် ကျန်တဲ့သူကို အထက်စီးကဆက်ဆံတယ်။ နှိမ်တယ်။ အနိုင်ကျင့်တယ်။
လူတိုင်းပေါ်အနိုင်ကျင့်တဲ့ မိဖုရားကြီး သေမင်းကိုတော့ အနိုင်မယူနိုင်ဘူးလေ။ ငယ်ရွယ်ဆဲ၊ နုပျိုနေဆဲ
အချိန်မှာပဲ သေမင်းခေါ်ရာ လိုက်ခဲ့ရတယ်။
သေဆုံးပြီးနောက် သူမရဲ့ အကုသိုလ်ကံတွေကြောင့်
မင်းဥယျာဉ်ထဲမှာပဲ နွားချေးပိုးထိုးမဘ၀ ရောက်သွား
ရတယ်။ မာနရဲ့လမ်းဆုံးက အပါယ်လေးဘုံးဆိုတာ
မိဖုရားတစ်ယောက် သိပုံ မပေါ်ခဲ့ပါဘူး။
ဘုရင်ကြီးဟာ ချစ်လွန်းလှတဲ့ မိဖုရားလေး ဆုံးသွား
လို့ မအိပ်နိုင် မစားနိုင်ဖြစ်ပြီး အချစ်နာကျနေခဲ့တယ်။
အတူရှိစဉ်က ပြောခဲ့ဖူးတဲ့ စကားတွေ၊ လျှောက်ခဲ့ဖူး
တဲ့ နေရာလေးတွေကို ပုံဖော်ရင်း
အလွမ်းသမားကြီး ဖြစ်သွားတယ်။
မိဖုရားလေးရဲ့ အလောင်းကို မီးသဂြှိုဟ်ခြင်း
မပြုဘဲ နေ့စဉ်နေ့တိုင်း မိဖုရားအလောင်းကို ကြည့်ပြီ ငိုနေခဲ့တယ်။ တိုင်းရေး ပြည်ရေးတွေလည်း မလုပ်နိုင်တော့ဘူး။
အဲ့ဒီအချိန်မှာ ဘုရားလောင်းရသေ့ကြီးဟာ
ဟိမ၀န္တာတောကနေပြီး အဘိညာဉ်တန်ခိုးနဲ့
ဘုရင်းကြီးရဲ့ ဥယျာဉ်ထဲကို ကြွလာခဲ့တယ်။
မင်းကြီးရဲ့ မိဖုရားလေးဟာ ဒီဥယျာဉ်ထဲမှာပဲ
နွားချေးပိုးထိုးမလေး ဖြစ်နေကြောင်း ပြောပြ
နားချပေမယ့် ဘုရင်းကြီးက မယုံဘူး။
ဒါနဲ့ ဘုရားလောင်းရသေ့ဟာ သူ့ရဲ့တန်ခိုးနဲ့
နွားချေးပိုးထိုးမလေးကို ခေါ်လိုက်တယ်။
ပြီးတော့ ဘုရင်ကြီးကြားအောင် "
မင်း ဘယ်သူလဲလို့ မေးလိုက်တယ်။
တပည့်တော်မ အရင်ဘ၀က မိဖုရား ဥပရီပါဘုရား"
လို့ နွားချေးပိုးထိုးမလေးက ပြန်ဖြေတယ်။
ဘုရင်ကြီးလဲ အရမ်းအံသြသွားတယ်။
ပြီးတော့ ရသေ့ကြီးက " သင့်ရဲ့ အရင်ဘ၀က
ဘုရင်ကြီးနဲ့ အခုဘ၀က လင်တော်မောင်
နွားချေးပိုးထိုးကြီး နှစ်ယောက်ထဲက ဘယ်သူ့ကို
ပိုချစ်လဲ" လို့ မေးလိုက်ပြန်တယ်။
"အခုဘ၀က လင်တော်မောင် နွားချေးပိုးထိုးကြီးကို
ပိုချစ်ကြောင်း၊ အကယ်၍ လင်တော်မောင် နွားချေးပိုးထိုးကြီးက ဘုရင်ကြီးရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးလိုပါက ဆေးပေးခြင်းပါကြောင်း " ဖြေလိုက်
တယ်။
ရှင်းရှင်းလင်းလင်း ကြားလိုက်ရတဲ့ ဘုရင်ကြီးဟာ
အတော် ထိတ်လန့်သွားပါတယ်။ ပြီးတော့ အချစ်က
ဘာလဲ ဆိုတာ သဘောပေါက်သွားတယ်။
ကိုယ်ဖက်တွယ်ထားတဲ့ အချစ်ဆိုတာ ဘာမှမဟုတ်
ပါလား ဆိုတာ သိတော့ အငိုရပ်သွားတယ်။
အချစ်အတွက် အချိန်ကုန် မခံချင်တော့ဘူး။
အဿ ကမင်းကြီးဟာ အချစ်တွက် အငိုရပ်သွား
ပေမယ့် ဦ ဇင်းတို့ ပုထုဇဉ်တွေဟာတော့ အငို
မရပ်နိုင်ကြသေးပါဘူး။ အချစ်မရှိရင် ဘ၀မရှိဘူး
လို့ ထင်နေကြတုန်းပါပဲ။
အများနားလည်ထားတဲ့ အချစ်ဆိုတာ
ကိုယ်လိုအင်တွေ ဖြည့်စီးပေးရမယ်။ ကိုယ့်ကို
စိတ်ချမ်းသာအောင် ထားပေးမယ်။ အချစ်က
ကိုယ်ထားရာနေ ကိုယ်စေရာ သွားရမယ်ဆိုတဲ့
ကိုယ့်အတွက် ကိုယ်ကြည့်တဲ့ အချစ်မျိုး ပါ။
သူ့လိုအင်တွေ ကိုယ်ဖြည့်စီးပေးနိုင်ချိန်မှာ
ကိုယ့်အပေါ် အချစ်မိုးတွေ ရွာသွန်းနိုင်ပေမယ့်
သူ့အလို ကိုယ့်မဖြည့်စီး ပေးနိုင်တာတွေ
များလာတဲ့အခါ၊ သူ စိတ်ချမ်းသာအောင်
မထားနိုင်တော့တဲ့အခါ အချစ်ဆိုတာ
အစောက မိုးရေလိုပဲ ပျောက်ကွယ်သွားလိမ့်မယ်။
တစ်ချို့လူငယ်တွေ အချစ်နာကျတဲ့အခါ
ချစ်သူက ထားသွားတဲ့အခါ၊ ချစ်သူနဲ့ အဆင်မပြေတဲ့အခါ အဿသ က မင်းကြီးလို ဘ၀ကို အရှုံးပေးလိုက်ချင်ကြတယ်။ ဒီထဲက ရုန်းထွက်ဖို့ မကြိုးစားချင်ကြဘူး။အချစ်ကြောင့် တမှိုင်မှိုင် တထွေထွေ ဖြစ်နေတာ
ကိုပဲ အရသာ ခံပြီး ၊ အချစ်သူရဲကောင်း ဘွဲ့ကိုပဲ
သာယာချင်တတ်ကြတယ်။
ကိုယ်ကသာ မမေ့နိုင် မမုန်းနိုင်ဖြစ်နေတာလေ
ဟိုက နွားချေးပိုးမလေးလို နောက်တစ်ယောက်
နဲ့ ပျော်ချင်ပျော်နေနိုင်တာပဲ မဟုတ်လား။
ကိုယ်ကသာ သစ္စာရှိရှိ စောင့်နေတာ ဟိုက နောက်တစ်ယောက်နဲ့ အဆင်ပြေချင် ပြေနေနိုင်တာပဲလေ။
အချစ်ဆိုတာ သွေးစာနေတဲ့ ကျွတ်တစ်ကောင်လိုပဲ။ အသံကြားရာ နီးစပ်ရာ တွယ်ကပ်တတ်တဲ့ သဘောရှိတယ်။ ကိုယ် မရှိလို့ ၊ ကိုယ်နဲ့ ဝေးနဲ့ သူအဆင်ပြေပါ့
မလားလို့ တွေးမနေနဲ့ ။ အတွေးတွေက လူကို
ပင်ပန်းစေတယ်။ လူကို ပူလောင်စေတယ်။
အဓိက ပြောချင်တာကတော့ အချစ်ကြောင့် ဘ၀ကို
မထိခိုက်စေချင်တာ။ အချစ်ကြောင့် ဘ၀တတ်လမ်း
တွေ ပိတ်မသွားစေချင်တာ။ အချစ်ကြောင့် ဘ၀ကို
ရေစုန် မမျှောပစ်စေချင်တာ။
မြတ်စွာဘုရင်ရှင်ရဲ့ ညီတော်နန္ဒမင်းသားဟာ
ဇနပဒကလျာဏီဆိုတဲ့ အချစ်နဲ့ ဝေးရလို့ အဲ့ဒီ
အချစ်ကြောင့် မပျော်မရွှင် ဖြစ်ခဲ့တယ်။
အချစ်ကြောင့်ဘ၀ဟာ အဓိပ္ပါယ်
မဲ့သလို ခံစားခဲ့ရဖူးတယ်။
ပြီးတော့ မင်းသမီးထပ်သာတဲ့
နတ်သမီးတွေကိုလည်း တွေ့ရော
မင်းသမီးကို မေ့ပြီး နတ်သမီးမှ
နတ်သမီး ဖြစ်သွားပြန်တယ်။ အဲ့ဒီ
နတ်သမီးတွေကို လိုချင်တဲ့ စိတ်၊ နတ်သမီးတွေကို
ချစ်တဲ့ စိတ်ကြောင့်ပဲ တရားလမ်းကြောင်းပေါ်
ပြန်ရောက်သွားတယ်။
ကုသိုလ်တွေ လုပ်ဖြစ် သွားတယ်။ နောက်ဆုံး
အသိဥာဏ် ရင့်ကျက်ချိန် ရောက်တော့
ရဟန္တာဖြစ်ကာ နိဗ္ဗာန်ပါ စံဝင်ခဲ့တယ်။
အဲ့ဒါကြောင့် မချစ်နဲ့လို့ မပြောပါဘူး။ ချစ်ပါ။
အချစ်ကြောင့် ဘ၀ ပိုအောင်မြင့်လာအောင်၊
အချစ်ကြောင့် ဘ၀ ပိုတိုးတတ်လာအောင်၊
အချစ်ကြောင့် ဘ၀ ပိုပြီး ကုသိုလ်တွေ
လုပ်ဖြစ်လာအောင်၊ အချစ်ကြောင့် ဘဝ
ပိုအေးချမ်းလာအောင်ချစ်စေချင်၊ ဖြစ်စေချင်တာပါ။
ဥုး ၀ိစိတ္တ (ကျွန်းကုန်း)
သီတဂူ ကေတုမတီ ဗုဒ္ဓတက္ကသိုလ်
အညတရ ဘိက္ခု
No comments:
Post a Comment