Friday, November 30, 2018

မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ

မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ
♠♠♠♠♠♠♠♠♠♠♠♠♠♠

   စာပေမှာ ဘဝနဲ့ပတ်သက်ပြီး နှစ်မျိုးခွဲခြား ပြောလေ့ရှိတယ်။ မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ။ အသက်ထင်ရှား ရှိနေတဲ့ အချိန်အတွင်းကာလကို မျက်မှောက်ဘဝလို့ ခေါ်တယ်။ မျက်မှောက်ဘဝကို ပါဠိစာပေမှာ `ဒိဋ္ဌဓမ္မ` လို့ သုံးတယ်။

   လက်ရှိဘဝ အဆုံးသတ်ပြီးတော့ နောက်ရလာတဲ့ဘဝကို တမလွန်ဘဝ လို့ ခေါ်တယ်။ တမလွန်ဘဝကို ပါဠိစာပေမှာ `သမ္ပရာယ` လို့ သုံးတယ်။ ဒါကြောင့် မျက်မှောက်ဘဝ ဆိုတာက တစ်ခု၊ နောင်ဖြစ်ရမယ့် တမလွန်ဘဝဆိုတာက တစ်ခုလို့ ဘဝနှစ်ရပ်ကို ခွဲခြားဖော်ပြလေ့ ရှိတယ်။

   ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာမှာ မျက်မှောက်ဘဝမှာ ရနိုင်တဲ့အကျိုးကို ဖြစ်စေတတ်တဲ့တရားနဲ့ တမလွန်ဘဝမှာ ရနိုင်မယ့်အကျိုးကို ဖြစ်စေတတ်တဲ့တရားလို့ ဒီလို နှစ်မျိုး ခွဲခြားပြီးဟောတယ်။ ဒိဋ္ဌဓမ္မဟိတ - မျက်မှောက်ဘဝမှာ အကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရား၊ သမ္ပရာယဟိတ - တမလွန်ဘဝမှာ အကျိုးဖြစ်ထွန်းစေမည့် အကြောင်းတရားလို့ ၂-မျိုး ရှိတယ်။ လောကလူတွေဟာ မျက်မှောက်ဘဝ အတွက်သာ အလုပ်လုပ်ကြရတာ မဟုတ်ဘူး၊ တမလွန် ဘဝအတွက်ပါ အလုပ်လုပ်ကြရတယ်။

   အတွေးအခေါ်မရှိတဲ့ တစ်ချို့လူတွေက တမလွန်အရေးကို စဉ်းစားလေ့ မရှိကြဘူး။ `မျက်မှောက်ဘဝမှာ ချမ်းသာရင်ပြီးရော၊ နောင်ဘဝ ကိုယ်သိတာမှ မဟုတ်ဘဲ` ဆိုပြီး တမလွန်ဘဝအရေးကို ပစ်ပယ်ထားကြတယ်။

   မြတ်စွာဘုရားက ----

   ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော၊
   ယော စတ္ထော သမ္ပရာယိကော၊
   အတ္ထာဘိသမယော ဓီရော၊
   ပဏ္ဍိတောတိ ပဝုစ္စတိ။

   ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော - မျက်မှောက်ဘဝမှာ ရရှိရမယ့်အကျိုး၊ ယော စတ္ထော သမ္ပရာယိကော - တမလွန်ဘဝမှာ ရရှိမယ့်အကျိုး၊ အတ္ထာဘိသမယာ ဓီရော - အဲဒီအကျိုး နှစ်မျိုးလုံးကို ရအောင်လုပ်နိုင်တဲ့ ပညာရှိကိုမှ၊ ပဏ္ဍိတောတိ ပဝုစ္စတိ တကယ့်ပညာရှိလို့ ခေါ်ပါတယ်။ ဒီလို ဟောတော်မူတယ်။

   ဆိုလိုတာက ဒီဘဝကောင်းစားရေး၊ နောင်ဘဝကောင်းစားရေးလို့ နှစ်မျိုးခွဲခြား စဉ်းစားရမယ်။ ဒီဘဝ ကောင်းစားရေး သက်သက်ကိုသာ လုပ်ပြီး နောင်ဘဝ ကောင်းစားရေး မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပညာရှိ မဟုတ်ဘူး။ အမြော်အမြင်ရှိသူ မဟုတ်ဘူး။ ဥပမာ - ဒီနေ့ စားရပြီးရော၊ မနက်ဖြန်အတွက် မစဉ်းစားဘူးဆိုတဲ့ လူမျိုးဟာ ပညာမဲ့သာ ဖြစ်တယ်။

   ကဲ … စဉ်းစားကြည့်ကြရအောင် ဒီကနေ့အရေး တစ်ခုသာ စဉ်းစားမယ်၊ မနက်ဖြန်အရေး မတွေးဘူးဆိုရင် ဘာဖြစ်နိုင်မလဲ၊ ကလေးငယ်တွေ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးထားတဲ့ ပုံပြင်ကလေး တစ်ပုဒ်ရှိတယ်။ အဲဒီမှာ `ပုရွက်ဆိတ် နဲ့ နှံကောင် အကြောင်း` ကြည့်။

   `ပုရွက်ဆိတ်ကလေးတွေဟာ အလွန်အလုပ်လုပ်တဲ့ အကောင်လေးတွေ၊ နားနေတယ်မရှိဘူး။ သူတို့ အသိုက်အအုံထဲမှာ အစာတွေ ဖြည့်တင်းလေ့ရှိကြတယ်။ အမြဲတမ်း အစာရှာပြီး အစာကို သိုမှီးသိမ်းဆည်းကြတယ်။ နေ့ရောညရော ပုရွက်ဆိတ်တွေဟာ အိပ်တယ်လို့ မရှိဘူး အလုပ်လုပ်တယ်။ တစ်နေ့ရှာ တစ်နေ့စား ဒီလိုမဟုတ်ဘူး၊ အစာအာဟာရ ရိက္ခာတွေကို စုဆောင်းထားလေ့ ရှိကြတယ်။ မိုးရာသီ မိုးတွေရွာတဲ့အခါမှာ အစားအစာဒုက္ခမရောက်ရအောင် ပုရွက်ဆိတ်တွေက ကြိုတင်ပြင်ဆင်ထားကြတယ်။

   အေး .. နှံကောင်ဆိုတဲ့ အကောင်ကတော့ အဲဒီလို ပြင်ဆင်ထားခြင်း မရှိဘူး။ ဒီနေ့ရ ဒီနေ့စား၊ စားစရာတွေ သူ့အဖို့ မကုန်လောက်ဘူးလို့ ဒီလိုထင်တယ်။ မိုးတွေရွာလို့ ရေတွေ လွှမ်းသွားတဲ့အခါ နှံကောင်ဟာ စားစရာ မရှိတော့ဘူး။ စားစရာမရှိတော့ အစာငတ်ပြီး သေဆုံးရတယ်။`

   နှံကောင်က မနက်ဖြန်အရေး မတွေးဘူး၊ ဒီကနေ့အရေးပဲ တွေးတယ်တဲ့ .. နော်။ ပုရွက်ဆိတ်ကလေးတွေက ဒီနေ့ အရေးတွင်မကဘူး မနက်ဖြန်အရေးပါ တွေးတယ်။ ဒီကနေ့လည်း ဝအောင် စားမယ်၊ မနက်ဖြန်အတွက်လည်း ရှိစေရမယ်။

   မြတ်စွာဘုရားက မျက်မှောက်ဘဝမှာ ရရှိတဲ့အကျိုး၊ တမလွန်ဘဝမှာ ရရှိနိုင်တဲ့အကျိုး၊ အဲဒီ အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားရမယ်။ အဲဒီလို အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားယူမှ တကယ့် ပညာရှိပုဂ္ဂိုလ်လို့ ဒီလို ဟောတယ်။

   အဲဒီတော့ ဘုန်းကြီးတို့တတွေဟာ မျက်မှောက်ဘဝ အကျိုးအတွက်လည်း အလုပ်လုပ်ကြရမယ်၊ တမလွန်ဘဝ အကျိုးအတွက်လည်း ပြင်ဆင်ထားကြရမယ် ….။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(တမလွန်ဘဝက ဆွေမျိုးများအရေး တရားတော်မှ)

bwar99.blogspot.com

အနိစ္စထင်မှတရားမြင်မည်

သီရိမာဝတ္ထု

လောက၌လူသားတို့သည်နှစ်သက်ဖွယ်ရာအာရုံများနှင့်တွေ့ကြုံရလျှင်မေ့လျှော့ကာ၊
ထိုနှစ်သက်ဖွယ်အာရုံများနှင့်ယစ်မူးပျော်မွေ့နေတတ်ကြပေသည်။

ထို့ကြောင့် မိမိပြုလုပ်ပြောဆိုနေထိုင်ရာ၌အစွန်းမရောက်ဖို့ရန်လိုအပ်ပေသည်၊ သို့မှသာ
အမှားနည်း၍ ကောင်းသောအပြုအမူများ ကိုပြုလုပ်ရန်အခွင့်လမ်းများဖြစ်လာနိုင်ပေမည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါတွင် ရဟန်းတစ်ပါးသည်
အမျိုးသမီးတစ်ဦး၏ အလှအပ၊ရူပါရုံ၌ သတိမေ့လျှော့ကာ တပ်မက်နှစ်သက် စွဲလန်းပြီး
ဆင်းရဲဒုက္ခဖြစ်ခဲ့ရလေသည်။ထိုရဟန်းကား အလှ၏အနိစ္စတရားကိုစိတ်မှာမထင်၍
တရားသဘောကိုမမြင်ဘဲ အဆင်းအာရုံ၌နှစ်သက်စွဲလန်း စိတ်ပင်ပန်းခဲ့ရရှာ၏။
ထိုအဖြစ်ကား- မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အလှမယ်ဖြစ်သော 'သီရီမာ'ဟူသော
အမျိုးသမီးသည်မြတ်စွာဘုရားရှင်သည်ဟောကြားတော်မူခဲ့သော တရားဒေသနာ
တော်ကို နာကြားရသဖြင့်၊သောတာပန်ဖြစ်ခဲ့ရသည်။ထိုအချိန်မှစ၍ ရတနာမြတ်သုံးပါးကို
ိုကြည်ညိုလှ၍ ၊အိမ်သို့ရဟန်းတော်ရှစ်ပါးကို နေ့စဉ်ပင့်ဖိတ်ပြီးဆွမ်းလောင်းလှူ ကုသိုလ်
ပြုလုပ်သည်။
အလှမယ်သီရိမာ၏အိမ်သို့ ဆွမ်းခံကြွရောက်မည့်ရဟန်းများကို ထေရ်စဉ်ဝါလိုက် ရွေးပြီး
နေ့စဉ်ဆွမ်းခံကြွစေ၏။တနေ့သောအခါတွင် သီရိမာအိမ်တွင် ဆွမ်းခံကြွခဲ့ရသော ရဟန်း
တစ်ပါးသည် ရာဇဂြိုဟ်မြို့မှသုံးယူဇနာမျှဝေးသောတောကျောင်းတစ် ကျောင်းသို့ရောက်သွား
လေသည်။
ကျောင်းရှိရဟန်းများသည်အဝေးမှရောက်ရှိလာသော အဂန္တုကရဟန်းနှင့်စကားဆွေးနွေး
ပြောကြားရာရာဇဂြိုဟ်မြို့၏နေထိုင်စားသောက်ရေးအခြေအနေများကိုလည်းမေးမြန်းဆွေး
နွေးဖြစ်ကြလေသည်။ထိုအခါ အာဂန္တုကရဟန်းက ရာဇဂြိုဟ်မြို၌ စားသောက်ရေး(ဆွမ်းရေး)
အခက်အခဲမရှိပုံနှင့် အလှမယ်သီရီမာ ၏ အိမ်၌ မိမိဆွမ်းခံရောက်ခဲ့ရပုံအခြေအနေတို့ကိုပါ
ဆွေးနွေးပြောကြားလေသည်။
သီရီမာသည် စေတနာသဒ္ဓါတရားကောင်းပြီး ရုပ်ရေအဆင်းမှာလည်းအလွန်လှပကြောင်း
နှင့် သီရိမာ၏အလှကိုလည်းဖွဲ့ဆိုချီးမွမ်းပြောဆိုသောအခါ တောကျောင်း၌နေသော ရဟန်ငယ
်တစ်ပါးမှာ သီရိမာကိုအလွန်တွေ့မြင်ချင်နေလေသည်၊ထိုနေ့မှာပင် သီရိမာ၏အလှကို တွေ့မြင်
လိုလှသောရဟန်းငယ်သည်သပိတ်၊သင်္ကန်းတို့ကိုပြင်ဆင်ယူဆောင်ပြီး ရာဇဂြိဟ်မြို့သို့
ထွက်လာခဲ့ရာ နောက်တစ်နေ့ဆွမ်းခံချိန်မရောက်မှီ ဝေဠုဝန်ကျောင်းတော်သို့
ရောက်ခဲ့လေသည်။
ဆွမ်းခံချိန်ရောက်သောအခါ သီရီမာ၏ အိမ်သို့ ဆွမ်းခံရန် ရဟန်းတော်ရှစ်ပါးအားထေရ်စဉ်
ဝါလိုက်ရွေးချယ်ရာ တောကျောင်းမှရောက်လာသော ရဟန်းငယ်အားလည်းရွေးချယ်ခံရပြီိး
ဆွမ်းခံလိုက်ပါသွားရလေသည်။
သီရီမာကား- ထိုနေ့တွင် ရုပ်တရက် ရောဂါဝေဒနာကျရောက်လာပြီးအိပ်ယာမှ မထနိုင်ဘဲဖြစ်
်နေလေသည်။သို့ဖြစ်၍ ရဟန်းတော်များအားကိုယ်တိုင် ဆွမ်းလုပ်ကျွှေးပြုစုရန်မတတ်နိုင်ဘဲ၊အိမ်ဖော်
များကိုသာ ဆွမ်းပြုစုလုပ်ကျွေးစေသည်။ဆွမ်းလောင်းလှူပြုစုပြီးသောအခါ သီရီမာသည် အိမ်ဖော်
အမျိုးသမီးတို့အားသူမကိုပွေ့ချီစေပြီး ရဟန်းတော်များရှေ့သို့ရောက်လာ၍ ရှိခိုးလေသည်။
ဟောင်းနွမ်းသောအဝတ်၊နေမကောင်း၍ နွမ်းလျှဖြစ်နေသောကိုယ်ဖြင့် လာရောက်၍ ရှိခိုးသော
သီရိမာအမျိုးသမီးကိုမြင်လျှင် ရဟန်ငယ်သည်-"ဤအမျိုးသမီးသည် မကျန်းမာ၍ ဆင်ယင်
ထုံးဖွဲ့လိမ်းခြယ်သထားခြင်းမပြုဘဲ လျှက်ပင် ဤမျှလှပနေပေသေးသည်၊ကျန်းမာစွာဖြင့်
ကောင်းစွာဆင်ယင်ခြယ်သထားပါလျှင်၊သူ၏အလှသည်ဆိုဘွယ်မရှိအလွန်လှပနေမည်"ဟု
တွေးနေမိပြီး သီရိမာ၏အလှ၌ တပ်မက်စွဲလန်းခြင်း ပြင်းစွာဖြစ်လျှက်ကျောင်းသို့ပြန်လာခဲ့၏။
ရဟန်းငယ်သည်ကျောင်းသို့ပြန်ရောက်သောအခါ သီရီမာ၏အလှကို စွဲလန်းသောစိတ်ကြောင့်
ဆွမ်းကိုပင်မစားနိုင်တော့ဘဲ ကျောင်းခန်းထဲသို့ဝင်၍ အိပ်နေလေသည်။
သီရိမာအလှမယ်သည်လည်း ရောဂါဝေဒနာနှိပ်စက်လေသောကြောင့် ထိုည၌ပင် ကွယ်လွန်
သွားလေသည်။
ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် အလှမယ်သီရိမာ ကွယ်လွန်သွားကြောင်းကို မြတ်စွာဘုရား
ရှင်ထံသို့ လူလွှတ်၍ လျှောက်ကြားစေသည်။ မြတ်စွာဘုရားရှင်သည် သီရိမာ၏ရုပ်အလောင်း
ကောင်ကို ချက်ချင်းမီးသဂြိုဟ်ခြင်းမပြုသေးစေဘဲ၊အစောင့်အရှောက်များဖြင့် သုသာန်၌ထားစေ
ရန်မိန့်တော်မူလေသည်။
လေးရက်မြောက်သောနေ့တွင် ဗိမ္ဗိသာရမင်းကြီးသည် များစွာသော မြို့သူမြိုးသားများနှင့်အတူ
တစ်ကွသီရိမာ၏ရုပ်အလောင်းကောင်ကို သဂြိုဟ်ရန်သုသာန်သို့ရောက်လာခဲ့လေသည်။
မြတ်စွာဘုရားရှင်သည်လည်း ရဟန်းသံဃာတော်များနှင်အတူသုသာန်သို့ကြွရောက်တော်မူလာခဲ့လေသည်။သီရိမာ၏
အလှကိုစွဲလန်း၍ လေးရက်တိုင်တိုင် ဆွမ်းမစားဘဲအိပ်နေရာမှ"သီရိမာထံသွားကြမည်"ဟူ
သောစကားကိုကြားလျှင်ပင် ချက်ချင်း အိပ်ယာမှအလျှင်မြန်ထကာ ရဟန်းများနှင့်အတူ မြတ်စွာဘုရားရှင်၏နောက်တော်မှလိုက်ပါလာခဲ့လေသည်။
သုသာန်သို့ရောက်လျှင် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များက သီရိမာ
ရုပ်အလောင်း၏ညာဘက်မှလည်းကောင်း၊ဗိမ္ဗိသာရမင်းကြီးနှင့် လူပရိတ်သတ်များက ဘယ်ဘက်မှလည်းကောင်းနေရာအသီးသီးယူကာရပ်နေကြလေသည်။
ထိုအချိန်တွင် အလှမယ်သီရိမာ၏ကိုယ်သည် ဖူးဖူးရောင်လျှက် ပုတ်ပွပြီး အရည်များယိုစီးကာ
စက်ဆုပ်ရွံရှာဖွယ်ရာ အတိဖြစ်နေလေပြီ။ထိုစက်ဆုပ်ရွံရှာ ဖွယ်အတိဖြစ်နေသော
သီရိမာ၏အလောင်းကောင်ကိုကြည့်၍ မြတ်စွာဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးအား -
"ဒကာတော်မင်းကြီး-ဤသီရိမာသည် အသက်ရှင်လျှက်ရှိစဉ်က မည်မျှအဖိုးထိုက်တန်လေသနည်း"
ဟု မေးလေသော်-"အရှင်ဘုရား-ဤသီရီမာ အမျိုးသမီး နှင့် ပျော်ပါးလိုကြသော ယောင်္ကျားများက
တစ်နေ့လျှင် အသပြာတစ်ထောင် ပေး၍ ပျော်ပါးကြရပါသည်ဘုရား"ဟုလျှောက်လေသည်။
ဒကာတော်မင်းကြီး"ယခုအခါ အသပြာတစ်ထောင်ပေး၍ ပျော်ပါးမည့်သူ ရှိပါသေးသလား"
အရှင်ဘုရား-"အသပြာတစ်ထောင်မဆိုထားနှင့် အလကားအခမဲ့ ပေးသော်လည်း ယူကြတော့မည့်
သူမရှိတော့ပါ"ဟု ၊ဗိမ္ဗိသာရမင်းကြီးက ဤသို့ လျှောက်ထားလေသောအခါ၊
မြတ်စွာဘုရားသည်- သုသာန်သို့စုဝေးရောက်ရှိလာကြကုန်သော ရဟန်ပရိတ်သတ်၊လူပရိတ်
သတ်တို့အား-
"အို- သူတော်ကောင်းပရိတ်သတ်တို့- အဝတ်တန်ဆာ ပန်းနံ့သာစသည်တို့ဖြင့် လှပတင့်တယ်
ရှု့ချင်စဖွယ်ပြင်ဆင်ထားသော အရုပ်နှင့်တူသည့် ဤကိုယ်ကောင်ကို ရှု့ကြည့်ကြကုန်လော့၊စင်စစ်
ဤကိုယ်ကောင်သည်အနာရောဂါမျိုးစုံတို့၏ကျရောက်စုဝေးရာဖြစ်၏။အရိုးပေါင်းသုံးရာတို့ဖြင့်
တည်ဆောက်ထားသော ဤကိုယ်ကောင်သည်အခါမလပ် နာကျင် နှိပ်စက်တတ်၏၊လူအများက စိတ်ကူးအမျိုးမျိုးဖြင့်၊ သာယာစုံမက်နှစ်သက်နေကြသော်လည်း ဤ ကိုယ်ကောင်သည်
ခိုင်ခံ့တည်မြဲမှု့လုံးဝမရှိပေ"ဟု တရားဒေသနာတော်ကိုဟောကြားလေသော်- သီရိမာ၏
အလှကိုနှစ်သက်စွဲလန်းနေသော ရဟန်းသည် တရားတော်နာကြားရပြီး သီရိမာ၏အလှ၌
အနိစ္စသဘောကိုထင်မြင်လာပြီး တရားသဘောကိုတွေ့မြင်ရ၍ သောတာပတ္တိဖိုလ်သို့ဆိုက်
ရောက်တည်သွားလေသည်။

(၁၁။ဇရာဝဂ်၊၂-သီရိမာဝတ္ထု၊)

#MgShweOo
Ngaoh

အသောက၏ နောက်ဆုံးဆုတောင်း

အသောကမင်းကြီးဟာ
အလွန်အားနည်းစွာနဲ့
ညောင်စောင်းပေါ်မှာ
လဲလျောင်းနေပါတယ်။
ယခင်က ...
အကြော ပြိုင်းပြိုင်းထပြီး
သန်မာ တောင့်တင်းကာ
ကြွက်သားတွေဖောင်းဖုနေခဲ့တဲ့
လက်မောင်းကို
ခုတော့ ကိုယ်တိုင်
အနိုင်နိုင်မနေရတဲ့
အနေအထားရောက်နေပြီ။

“အရှင်မင်းကြီး”
“အေး … ဘယ်သူများလဲ”
“အမတ်ကြီး ရာဓာဂုတ္တပါဘုရား”
အမှန်တော့ ...
အသောက မမြင်တော့ဘူး။
အမြင်တွေမှုန်ဝါးပြီး
ဘယ်သူ မှန်းတောင် မသိပါဘူး။

“မင်းကြီး …
မင်းကြီးရဲ့ ဆီးဖြူသီးတစ်ခြမ်းကို
သံဃာတော်တွေက
စေတီ တစ်ဆူတည်ဖို့
ဆုံးဖြတ် လိုက်ကြပါတယ်ဘုရား”
“သာဓု … သာဓု … သာဓု”
အသောကရဲ့
လေသံက အရမ်းကို တိုးလွန်းလှတယ်။

“ရာဓာဂုတ္တ”
“ခစားလျက်ရှိကြောင်းပါဘုရား”
“ငါ့ရဲ့ နောက်ဆုံးအချိန် နီးလာပြီ”
“ဗုဒ္ဓကို နှလုံးသားထဲမှာ သွင်းထားလိုက်ပါဘုရား”...
“ငါ့နှလုံးသားထဲမှာ ဗုဒ္ဓကအမြဲရှိတယ်”

“အမတ်ကြီး”...
“ဘုရား”
“ဟောဒီ ဇမ္ဗူဒိပ်မြေပြင်တစ်ဝန်းကို
မည်သူပိုင်သနည်း”....
“အရှင်မင်းကြီးပိုင်ပါတယ်”
“ကောင်းပေစွ။

ငါ့ဆီမှာ လှူစရာ
ဘာမှ မကျန်တော့ဘူး။
ငါ ဒီမြေကို တကယ်ပိုင်သေးလား”
“ပိုင်ပါသေးတယ်ဘုရား”...

“ဒါဆိုရင် ...
သံဃာတော်တွေရှိရာ
ကျောင်းတော်ဘက်
ငါ့ကိုယ်ကို စောင်းပေးပါလား”

အမတ်ကြီး ရာဓာဂုတ္တက
မင်းကြီးကို .... !
တစ်ဘက်စောင်းပေးလိုက်ချိန် မှာ ..
မင်းကြီးက လက်အုပ်ချီလိုက်ပြီး..

“တပည့်တော်သည်
တပည့်တော်ပိုင်ဆိုင်သည့်
ဇမ္ဗူဒိပ်မြေပြင် အားလုံးကို
သံဃာတော် အရှင်မြတ်တို့အား
လှူဒါန်းပါသည်ဘုရား”

အားလုံးသော
မင်းမှူးမတ်အပေါင်းက
သာဓုသုံးကြိမ်ခေါ်ကြတယ်။

အသောကမင်းကြီးရဲ့
နောက်ဆုံး ဆုတောင်းဟာ
အလွန်ကြည်ညို ဖွယ်ကောင်းတဲ့
ဆုတောင်းပါ။

“ဘုရားတပည့်တော်သည်
ဤသို့ လှူဒါန်းရသည့် ...
ကောင်းမှုကံ စေတနာတို့ကြောင့်
နတ်ပြည်သို့လည်း မရောက်လိုပါ ၊
ဗြဟ္မာ့ပြည်ကိုလည်း မရောက်လိုပါ ၊
မင်းစည်းစိမ်ကိုလည်းမခံစား လိုပါ ၊
မင်းစည်းစိမ်ဆိုသည်မှာ ..
ရေပွက်ပမာ
ခဏတာမျှဆိုတာ သိပါပြီဘုရား ..

တပည့်တော်သည် ..
လှူဒါန်းရသော
ကုသိုလ်ကောင်းမှု
စေတနာကံကြောင့်
အရိယာသံဃာများ
တန်ဖိုးထားကြသည့်
မိမိစိတ်ကို
မိမိ ထိန်းချုပ်နိုင်သောပုဂ္ဂိုလ်
ဘဝဆက်တိုင်း ဖြစ်ရပါ လို၏ဘုရား”..

မင်းကြီးဟာ ...
ဒီဆုကိုတောင်းပြီးတော့
နောက်ဆုံးထွက်သက်ကိုချကာ
ဇီဝိန်ချုပ်ငြိမ်းသွားပါတော့တယ်။

အသောကရဲ့
နောက်ဆုံးဆုတောင်းဟာ
“ကိုယ့်စိတ်ကိုကိုယ်
ထိန်းချုပ်နိုင်တဲ့
ပုဂ္ဂိုလ်ဖြစ်ပါရစေ” တဲ့။

လောကမှာ ...
ဘာအရေးကြီးသလဲ
သြဇာလား?
အာဏာလား?
စည်းစိမ်လား?
တန်ခိုးလား?
ဂုဏ်လား ?
ငွေလား ?
ရာထူးလား ?
ဗုဒ္ဓဘာသာဝင်များ စဉ်းစားပါ။ ။

သီတဂူဆရာတော်ဘုရားကြီး🙏🙏🙏

ကြီးမားသော ပညာဉာဏ်ကို ဖြစ်စေတတ်တဲ့ အကျင့်တရား

❝ ကြီးမားသော ပညာဉာဏ်ကို ဖြစ်စေတတ်တဲ့
အကျင့်တရား ... ❞

ပုဂံခေတ်ကပဲ၊
အသက်ြကီးမှ စာပေသင်တာဟာ
တတ်မြောက်နိုင်သေးတယ်လို့
စာပေသင်ကြားရေးနဲ့ ပတ်သက်ပြီးတော့
“စိတ်ဓာတ်တွေ မကျကြဖို့” ဆိုပြီး
စံနမူနာပြသွားတဲ့ ..
"ဦးကျပွေ့ (ဦးကျည်ပွေ့)” ဆိုတာလည်း ပဲ
စံနမူနာယူရမယ့် ပုဂ္ဂိုလ် တစ်ဦးပဲ။

မြန်မာနိုင်ငံမှာ ပြောလေ့ရှိကြတယ်။
“အသက်ကြီးမှ ဘာလုပ်မှာတုန်း
သင်နေလို့ ဘာအကျိုးရှိမှာတုန်း” လို့
ပြောတဲ့ သူက ရာခိုင်နှုန်း တော်တော်များများ။

“ပညာဆိုတာ အိုတယ်” လို့မရှိဘူး။

မြန်မာနိုင်ငံမှာ ဆဋ္ဌသံဂါရတနာတင်ပွဲတုန်းက
ကမ္ဘောဒီယားက ဆရာတော်ကြီးတစ်ပါး 
ကြွလာတယ်။ ကမ္ဘောဒီယားဆရာတော်ကြီးက
"သက်တော် (၈၀)” ရှိနေပြီ။

အဲဒီဆရာတော်ကြီးက မြန်မာနိုင်ငံမှာလာရင်း
သူဘာလုပ်နေတုန်းဆိုတော့ ..
"အင်္ဂလိပ်စာ” သင်နေတယ်၊ ဖတ်နေတယ်။
တချို့ကိုယ်တော်တွေက သွားပြီးတော့
စကားပြောရင်း လျှောက်တယ် ...။

"ဆရာတော် ဘာဖတ်နေလဲ"

"အင်္ဂလိပ်စာသင်နေတယ်
အင်္ဂလိပ်စာကျက်နေတယ်"

“ဆရာတော် သက်တော် (၈၀) ရှိနေပြီ။
အင်္ဂလိပ်စာဘာလုပ်ဖို့တုန်း"

တန်ဖိုးမထားတတ်တဲ့ ပုဂ္ဂိုလ်က
ဘာလုပ်ဖို့တုန်း ဆိုတာကိုပဲ ကြည့်နေတယ်။

အဲဒီ ဆရာတော်ကြီး ပြောလိုက်တဲ့ စကားကလည်း
မှတ်သားစရာ အလွန်ကောင်းပါတယ်။

"ကိုယ်တော် ပညာဆိုတာ တစ်နေ့ရ၊
တစ်နေ့သုံးရင် နည်းသလား။
ဘာပညာ ပဲဖြစ်ဖြစ်၊ ပညာဆိုတာ ယူရတယ်။
အသက်ကြီးသွားတယ်ဆိုတာ မရှိဘူး။
တစ်နေ့ အသက်ရှည်ရင် ..
တစ်နေ့ အသိဉာဏ်တစ်ခုရတယ်။

ဒီဘဝမှာ ပညာမသင်ခဲ့ဘူး ဆိုလို့ရှိရင်
နောက်ဘဝ ပိုပြီးတော့ တတ်ဖို့ မရှိတော့ဘူး။

ဒီဘဝ သင်လိုက်တဲ့ ပညာဟာ (On line)
ဖြစ်သွားတယ်။ ပညာမသင်တဲ့ ပုဂ္ဂိုလ်
နောက်ဘဝ သူ့ဟာသူ တတ်လာမှာ
မဟုတ်ဘူး ...။

ဒီဘဝ သင်သွားတဲ့ ပုဂ္ဂိုလ် ဟာ
နောက်ဘဝ ပိုလွယ်သွားတယ်။
ပျောက်သွားတာ မဟုတ်ဘူး။

“မူလတန်း ပညာ” သင်ထားတဲ့ ပုဂ္ဂိုလ်သည်
"အလယ်တန်းပညာ” တတ်ဖို့ လွယ်သွားတယ်။

"အလယ်တန်းပညာ” သင်ထားတဲ့ ပုဂ္ဂိုလ်ဟာ
အထက်တန်းတက်ဖို့ လွယ်သွားတယ်။

အထက်တန်းပညာသင်ထားတဲ့ ပုဂ္ဂိုလ်ဟာ
University တက္ကသိုလ် ပညာလွယ်သွားတယ်။
ပျောက်သွားရင် ဘယ်လွယ်မလဲ ...။

အဲဒီလိုပဲ ..
သံသရာခရီးသွားနေတဲ့ အချိန်မှာ
ဒီဘဝသင်ထားတဲ့ ပညာသည်
နောက်ဘဝမှာ ပိုလွယ်ကူမှု ရှိတယ်၊ လို့
ဒီလိုဆိုလိုတယ်။ ပျောက်သွားတာမဟုတ်ဘူး။

ဒါမျိုး အလားသဏ္ဌာန်တူတာနဲ့ တစ်ပြိုင်နက်
အသိဉာဏ်ပေါ်လာတာပဲ။
ဒါကြောင့်မို့လို့ ပညာဆိုတာ
အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ
ဆည်းပူး လေ့လာနေကြရမယ်” တဲ့။

“ပါရမီ” ဆိုတာလည်း ဒီလိုဆည်းပူးရတယ်။
“တို့ကတော့ ပါရမီနုသေးတာပဲ” လို့ပြောပြီးတော့၊
ဒီအတိုင်းနေတဲ့ ပုဂ္ဂိုလ်တွေက ပါရမီက
သူ့ဟာသူ “သရက်သီး” ရင့်သလို
ရင့်လာလိမ့်မယ်လို့များ အောက်မေ့လို့လား မသိဘူး။

သရက်သီးကတော့ သူ့ဟာသူ သရက်ပင်က
သီးပြီး၊ ရင့်ကောင်း ရင့်လာလိမ့်မယ်။
ပါရမီကတော့ မဖြည့်ဘဲ၊ သူ့ဟာသူ
ရလာမှာမဟုတ်ဘူး ...။

"ပညာပါရမီ” နဲ့ ပတ်သက်ပြီးတော့
မှတ်သားစရာလေးတစ်ခုကတော့
ဒီကနေ့ခေတ်မှာ “ပညာဒါန” ဆြိုပီးတော့
ပညာကို ရည်စူးပြီးတော့ ..
ပညာသင်ဖို့ အားပေးတာတွေကို
“ပညာဒါန” လို့ခေါ်ကြတယ်။
အဓိက မကျလှဘူး ...။

အကျိုးမပေးဘူး လို့ မဆိုလိုဘူး။
သို့သော် “အထောက်အကူ” ပဲဖြစ်မယ်။

သူတစ်ပါး ပညာတော်အောင် ဆိုပြီးတော့ 
စရိတ်စက ထောက်ပံ့တဲ့ ပုဂ္ဂိုလ်ဟာ
နောင်ဘဝ ရောက်လို့ရှိရင်
ကိုယ့် ပညာသင်ကြားရေးအတွက်
အထောက်အကူ ပေးမှာပဲ။
ဒီအကျိုးပဲရမယ်။ “ပညာတတ်ဖို့” မဟုတ်ဘူး။

ပညာ အတွက် အထောက်အကူ ကုသိုလ်လုပ်ရင်
ပညာအတွက် အထောက်အကူပဲရမယ်။

“ဉာဏ်ကောင်းချင်တယ်၊ တော်ချင်တယ်”ဆိုရင်
ဒီဘဝမှာ သင်ရမယ် ...။

ဒါကြောင့်မို့၊ မြတ်စွာဘုရားက
“မဟာပညာသံဝတ္တ နိကပဋိပဒါ”လို့ ခေါ်တဲ့
ကြီးမားသော ပညာကို ဖြစ်စေတတ်တဲ့
အကျင့်တရား ဆိုတာ ဘာလဲတဲ့။

ပညာရှိ ပုဂ္ဂိုလ် တွေကို ချည်းကပ်ပြီး
အရှင်ဘုရား (သို့မဟုတ်)
လူ ဆိုလို့ရှိရင်လည်း လူပေါ့ ...

သွားရောက်ပြီးတဲ့အခါကျတော့ -

  ● ဒါက ဘယ်လိုခေါ်တာတုန်းဗျ၊
  ● အပြစ်ရှိတဲ့ တရားက ဘယ်လိုတုန်း၊
  ● အပြစ်ကင်းတဲ့ တရားက ဘယ်လိုတုန်း၊
  ● ဒါက လုပ်သင့်တဲ့ ဟာလား၊
  ● ဒါက မလုပ်သင့်တဲ့ ဟာလား၊

မသိသေးတဲ့ အခြင်းအရာတွေကို
စူးစမ်းလေ့လာ မေးမြန်းမှတ်ယူတာကမှ
“ပညာပါရမီ” အစစ်ပါ ...။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(ဓမ္မလက်ဆောင်)

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူ

💧အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူ💧

🌾🌾🌾
အကုသိုလ်တွေထဲမှာ ဘယ်အကုသိုလ်က အင်အားအကြီးဆုံးလို့ ကြားဖူးသလဲ။ မိစ္ဆာဒိဋ္ဌိပါ။ မှန်တယ်။ မိစ္ဆာဒိဋ္ဌိက အကုသိုလ်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာအကောင်းဆုံးအရာဖြစ်တယ်။ မှားနေတဲ့အမြင်မှာအခြေခံပြီးတော့ မှားတာတွေတွေးမယ်။ မှားတာတွေပြောမယ်။ မှားတာတွေလုပ်မယ်။ ကုသိုလ်တွေထဲမှာ ဘယ်ကုသိုလ်က အားအကြီးဆုံးလဲ။ သမ္မာဒိဋ္ဌိပါဘုရား။ မှန်တယ်။ ကုသိုလ်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်နော်။

🌾🌾🌾
တရားအားထုတ်တာဟာ မှန်ကန်တဲ့အမြင်ကိုရဖို့ အားထုတ်တာ။ တရားအားထုတ်လို့ဖြစ်လာတဲ့အသိဥာဏ်က ပိုပြီးတော့စိတ်ရဲ့စွမ်းအားကို ကြီးအောင်လုပ်ပေးနိုင်တယ်။ ဒါသေချာတယ်။ လက်တွေ့စမ်းကြည့်လိုက်။ ကိုယ်တွေ့သိသွားမှာပဲ။ ဘယ်ဟာက စိတ်ဓာတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေသလဲ။ ဘယ်ဟာက အသိဥာဏ်ကို ပိုပြီးမြင့်စေသလဲ။ ဘယ်ဟာက စိတ်ရဲ့အင်အား၊ စိတ်ရဲ့energy စိတ်ရဲ့စွမ်းအင်သတ္တိတွေကို ပိုပြီးတော့ကြီးမားစေသလဲဆိုတာသိရအောင် လက်တွေ့လုပ်ကြည့်လိုက်ပါ။
             
🌾🌾🌾
စိတ်ကြည်လင်သန့်ရှင်းအေးချမ်းပြီးတော့ သမာဓိသိပ်ကောင်းလာရင်ကိုပဲ ဒီစိတ်ဟာ တော်တော်အင်အားကြီးတဲ့စိတ်ပဲလို့ ကိုယ့်ဟာကိုယ်ခံစားလို့ရတယ်။ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ကိုယ်ခံစားလို့ရတယ်။ ကိုယ့်စိတ်အင်အားကြီးလာတာကိုခံစားရတာ သိပ်ကောင်းတယ်။ သိပ်နေလို့ကောင်းတယ်။ ဒါ့ကြောင့် နေလို့ကောင်းချင်ရင် စိတ်အင်အားကြီးအောင် လုပ်နေရမယ်။ ကုသိုလ်စိတ်ဖြစ်နေအောင်လုပ်ပြီး ကုသိုလ်စိတ်ဖြစ်နေတာကို ပြန်သိနေရမယ်။ အကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ်ဖြစ်နေတာကို သိနေရမယ်။ ကုသိုလ်စိတ်ဖြစ်နေတာကိုမသိရင်၊ အကုသိုလ်စိတ်ဖြစ်နေတာကိုမသိလို့ရှိရင် ပညာတတ်မဟုတ်သေးဘူး။ ကိုယ့်စိတ်ကိုမှ ကိုယ်မသိလို့ရှိရင် တခြား ဟိုအကြောင်း ဒီအကြောင်းတွေသိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး။

🌾🌾🌾
ကုသိုလ်မှန်းသိပြီးတော့ အဲဒီကုသိုလ်ကိုလုပ်ရင်းနဲ့ စိတ်ဓာတ်အင်အားကို ကြီးသည်ထက်ကြီးလာအောင် မြင့်သည်ထက်မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ ပညာတတ်ပဲ။ ဒီနည်းကိုမှမသိရင် ပညာရေးမှာမပြည့်စုံသေးဘူး။ ချို့တဲ့နေတဲ့လူလို့ပဲ ပြောလို့ရမယ်။ ဒါ့ကြောင့် ဘုန်းကြီးတို့ပညာတတ်ချင်လို့ တရားကိုလေ့လာတာ။ မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ဘူးနော်။⚡️⚡️

💧ရှင်းရှင်းလင်းလင်း တိတိကျကျ သိနေတဲ့စိတ်💧

🌾🌾🌾
တရားကြောင့် သတိ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်ကအသက်ဝင်တယ်။ အဲဒီတော့ လူတစ်ယောက်ကို ဘုန်းကြီးကကြည့်လိုက်ရင် သိတယ်။ မျက်လုံးကိုကြည့်ရင်လည်း သိတယ်။ အမူအရာကိုအကဲခတ်လိုက်ရင်လည်း သိတယ်။ ခု စကားပြောနေရင်း မျက်လုံးလေးတွေကိုကြည့်လိုက်ရင် သိတယ်။ စိတ်ဝင်စားနေတယ်။ ပြောတာကို သဘောပေါက်နေတယ်။ စိတ်ထဲမှာအသက်ဝင်လာတယ်ဆိုရင် မျက်လုံးထဲမှာ ပေါ်လာတယ်။ မျက်လုံးကလည်း ခပ်မှေးမှေး အိပ်ငိုက်နေတယ်။ ဘာပြောပြော သဘောမပေါက်ဘူးဆိုရင် ဒီလူဟာ အသက်မဝင်ဘူးနော်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်လည်း သတိထားကြည့်တယ်။ တစ်ခုခုကို စိတ်ဝင်စားပြီးတော့လုပ်နေရင် ကိုယ့်ဥာဏ်ကိုသုံးနေရရင် အသက်ဝင်နေတယ်။

🌾🌾🌾
ဥာဏ်ကို သုံးရင်း သုံးရင်းနဲ့ ဥာဏ်ပိုထွက်လာတယ်။ အရင်တုန်းကမသိတာတစ်ခုကို သိလာတယ်။ မလုပ်တတ်တာတစ်ခုကို လုပ်တတ်သွားတယ်။ သဘောမပေါက်တာတစ်ခုကို သဘောပေါက်သွားတယ်။ အဲဒီလိုပဲ တရားအားထုတ်ရင်းနဲ့လည်း ဒီအတိုင်းပဲ။ တရားအားထုတ်ရင်းနဲ့ အရင်တုန်းကမမြင်တာတစ်ခုကို ရှင်းကနဲ မြင်လိုက်တယ်။ အရင်တုန်းက စာထဲမှာဖတ်ဖူးထားလို့ သိသလိုလိုဖြစ်နေတာတစ်ခုကို ကိုယ့်ဥာဏ်နဲ့ သိလိုက်တယ်။ မှန်လိုက်တာ။ ဘုရားဟောတာ မှန်လိုက်တာဆိုပြီး သဘောတွေကျလိုက်တာ။ ပီတိတွေဖြစ်နေတာ။ အဲဒီအချိန်မှာ စိတ်က တော်တော်အသက်ဝင်နေတယ်။ ထုံထိုင်းထိုင်းကြီး မဟုတ်တော့ဘူး။ အသိဥာဏ်ထုံထိုင်းနေတာ မဟုတ်ဘူး။ စိတ်ဓာတ်ကထုံထိုင်းနေတာ မဟုတ်ဘူး။ ဘာကိုမှစိတ်မဝင်စားပဲနဲ့ သိသလိုလို မသိသလိုလို ဖြစ်နေတာမဟုတ်ဘူး။ တကယ်ကို အသက်ဝင်နေတာပဲ။

🌾🌾🌾
တစ်ခုခုကို တကယ်ကိုရှင်းရှင်းလင်းလင်း တိတိကျကျ သိနေရတဲ့စိတ်ဟာ အင်မတန်အဆင့်မြင့်မားတာပဲ။ အဲဒါ သိပ်လည်းအရသာရှိတယ်။ အဲဒီလိုစိတ်မျိုးဖြစ်လာပြီဆိုရင် ငါ့ဘဝမှာ အသက်ရှင်နေတာရဲ့အဓိပ္ပာယ်နဲ့ အရသာဟာ ဟောဒီစိတ်မျိုးဖြစ်မှပဲ တကယ်ပီပြင်တာပဲ။ ဒီလိုစိတ်မျိုးနဲ့ပဲနေသွားချင်တယ်လို့ပဲ တွေးမိတယ်။ တစ်ခါတစ်လေ စိတ်က ထုံထိုင်းသလိုဖြစ်ပြီး ဘာမှစိတ်မဝင်စားသလို ဖြစ်နေတဲ့အခါမျိုးမှာ အဲဒီစိတ်ကိုကြည့်ပြီးတော့ ဒီလိုစိတ်မျိုးနဲ့အသက်ရှင်နေရတာ အသက်ရှင်နေရတယ်လို့တောင် မထင်တော့ဘူး။ လူသာမသေတာ ဘဝက သေသလိုဖြစ်သွားပြီ။
              အဲဒီလို ဘာကိုမှစိတ်မဝင်စား၊ ဘာကိုမှတကယ်မသိပဲနဲ့ စက်ရုပ်ကြီးတစ်ခုလို ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်၊ စိတ်ကမပါပဲနဲ့လုပ်နေရတာမျိုး တာရှည်မလုပ်နိုင်ဘူး။ အဲဒီလိုဘဝမျိုး တာရှည်မနေနိုင်ဘူး။ ဘာပဲလုပ်ရလုပ်ရ စေတနာကောင်းကောင်းနဲ့ စိတ်ပါလက်ပါအသိဥာဏ်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ကြီး လုပ်လိုက်ချင်တယ်။ အဲဒီလိုလုပ်ရမှပဲ ဘဝဟာ အသက်ရှင်ရတာအဓိပ္ပာယ်ရှိတယ်။

🌾🌾🌾
တရားအားထုတ်ရင်လည်း ဒီအတိုင်းပဲ။ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်အားထုတ်ပြီး တစ်ခုခုကိုသိရရင် ပျော်စရာကောင်းလိုက်တာ။ အကျိုးများလိုက်တာ။ ဒီလိုမျိုးသိရလို့ ငါ့ဘဝအဓိပ္ပာယ်ရှိတာ။ ဒီလိုမျိုးသိရလို့ အကျိုးများနေတာ။ ကျေနပ်နေတာ။ ဒီလိုမှမသိရရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ သိရလို့ကျေနပ်တာဟာ အင်မတန်အဆင့်မြင့်တယ်။ သိပ်ပျော်နေတယ်။ အသက်ဝင်ပြီးတော့ ပျော်နေတာနော်။ သိရတဲ့ပီတိကြောင့် အသက်ဝင်နေတာ။ စားရလို့ကျေနပ်တာနဲ့ မတူဘူး။ ပစ္စည်းတွေရလို့ကျေနပ်တာနဲ့ မတူဘူး။👌🏼👌🏼

💢ဆရာတော်ဦးဇောတိက💢
   🌱(မဟာမြိုင်တောရ)🌱
                     ၏
  💧အသက်ရှင်နေလျှက် ဘဝသေနေသူ💧
💧ငါ့ဘဝကိုအကောင်းဆုံးဘယ်လိုနေမလဲ💧
          စာအုပ်မှ ကူးယူဖေါ်ပြပါသည်။