Monday, January 14, 2019
မြတ်ဗုဒ္ဓရဲ့ ပရဟိတ
=============
ဗုဒ္ဓဆိုတာ ပရဟိတရဲ့ သင်္ကေတပါ။
သစ္စာလေးပါး အမှန်တရားကို
ကိုယ်ကိုယ်တိုင်လည်း သိ၍
သူတစ်ပါးတို့ကိုလည်း သိအောင်
ဟောနိုင်စွမ်းသူကို ဗုဒ္ဓလို့ ခေါ်တာလေ ….။
ဘုရားဖြစ်ပြီးတဲ့နောက်
ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်အထိ
တရားဓမ္မတွေ မနားမနေ ဟောကြားပေးနေတာ
သတ္တဝါတွေအတွက် အကြီးမြတ်ဆုံးသော
ပရဟိတအလုပ် လုပ်တော်မူတာပါပဲ။
တစ်လောကလုံးမှာ ပရဟိတစိတ်ဓာတ်အရှိဆုံးနဲ့
ပရဟိတ အလုပ်နိုင်ဆုံးပုဂ္ဂိုလ်ဟာ
ဗုဒ္ဓ မြတ်စွာဘုရားပါ ….။
မြတ်ဗုဒ္ဓရဲ့ ပရဟိတဟာ
အရေအတွက်အားဖြင့်ရော၊
အရည်အသွေးအားဖြင့်ပါ
တစ်လောကလုံးမှာ အကြီးကျယ်ဆုံးပါပဲ။
တရားဂါထာလေး တစ်ပုဒ်၊
တစ်ကြိမ် တစ်ခါဟောလိုက်ရုံနဲ့
ကျွတ်တမ်းဝင်သွားကြတဲ့ သတ္တဝါတွေ
အသေင်္ချေအနန္တ ရှိပါတယ်။
အရည်အသွေးအားဖြင့်လည်း စားဝတ်နေရေး၊
ကျန်းမာရေး စတဲ့ လောကီကောင်းကျိုးတွေ
ပြည့်စုံသွားရုံမျိုး မဟုတ်ပါဘူး။
တစ်လောကလုံးမှာ
အကောင်းဆုံးဖြစ်တဲ့ ချမ်းသာ၊
ဘယ်တော့မှ မပျက်စီးနိုင်တဲ့
ထာဝရချမ်းသာနိဗ္ဗာန်ကို
အပြီးတိုင် ဆိုက်ရောက်ပြီး
သံသရာရဲ့ ဆင်းရဲဒုက္ခအားလုံးကနေ
လွတ်မြောက်သွားကြတာပါပဲ ….။
ပရဟိတက
ကရုဏာအရင်းခံတဲ့ ပရဟိတနဲ့
ပညာအရင်းခံတဲ့ ပရဟိတဆိုပြီး
နှစ်မျိုး ရှိပါတယ်။
စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့
လူမှုလိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးတဲ့ ပရဟိတက
ကရုဏာအရင်းခံတဲ့ ပရဟိတပါ ….။
ရတနာသုံးပါး ပူဇော်မှု၊
ပရိယတ်ပဋိပတ် အားပေးမှု၊
အသိပညာ၊ အတတ်ပညာ သင်ကြားပေးမှု စတဲ့
ဓမ္မဆိုင်ရာ၊ ပညာဆိုင်ရာ လိုအပ်ချက်တွေ
ဖြည့်ဆည်းပေးတဲ့ ပရဟိတကတော့
ပညာအရင်းခံတဲ့ ပရဟိတပါ ….။
ဘယ်သူဖြစ်ဖြစ် လူမှန်ရင်
ကရုဏာရော ပညာပါ ပြည့်စုံမှ
မြင့်မြတ်တဲ့လူလို့
သတ်မှတ်နိုင်ပါတယ်။
ကရုဏာအရင်းခံ ပရဟိတရော
ပညာအရင်းခံ ပရဟိတပါ
ပရဟိတနှစ်မျိုးစလုံး လုပ်မှ
ဘုရားသာသနာနဲ့
တွေ့ရကျိုးနပ်ပါလိမ့်မယ် …..။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments:
Post a Comment