Tuesday, January 15, 2019

နိဗ္ဗာန်မရဘဲနဲ့ နိဗ္ဗာန်ချမ်းသာတာကို သိနိုင်သလား

နိဗ္ဗာန်မရဘဲနဲ့ နိဗ္ဗာန်ချမ်းသာတာကို သိနိုင်သလား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★  နောက်နံပါတ် (၄၉) ခုမြောက် မေးခွန်းကလည်း နိဗ္ဗာန် နဲ့ ပတ်သတ်တဲ့ မေးခွန်းတစ်ခု “နိဗ္ဗာန်န သုခပဥှ” နိဗ္ဗာန်က ချမ်းသာတယ် ဆိုတာနဲ့ ပတ်သတ်ပြီး မေးတာ။ “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန် သည် အကောင်းဆုံး ချမ်းသာလို့ မြတ်စွာဘုရားကဟောတယ်နော်။

★  အဲဒီတော့ နိဗ္ဗာန် ချမ်းသာတယ် ဆိုတာနဲ့ ပတ်သတ်ပြီး သူက မေးတာ မဟုတ်ဘူး။ ဒီနေရာ သူမေးတာက ဘယ်လိုတုန်း ဆိုတော့ မိလိန္ဒမင်းကြီးက နိဗ္ဗာန်မရဘဲနဲ့ နိဗ္ဗာန်ချမ်းသာတာကို သိနိုင်သလား။ ဒီမေးခွန်း မေးတာနော်။

★  “ယော န လဘတိ နိဗ္ဗာနံ ဇာနာတိ သော သုခံ နိဗ္ဗာနံ” နိဗ္ဗာန်တော့မရဘူး ဒါပေမယ့်လို့ သူဟာ နိဗ္ဗာန်ကို ချမ်းသာတယ်လို့ သိနိုင်သလား။ ကိုယ်မရဘဲနဲ့ ချမ်းသာတယ်လို့ သိနိုင်သလား။ နိဗ္ဗာန်မရတဲ့ ပုဂ္ဂိုလ် သည် နိဗ္ဗာန်ချမ်းသာတယ်လို့ သိနိုင်သလားလို့ ဒီမေးခွန်းကို မေးတဲ့ အခါကျတော့ ရှင်နာဂသေန ကဖြေတယ်။

★  သိနိုင်တယ်တဲ့။ ကိုယ်မရပေမယ့်လို့ နိဗ္ဗာန်ချမ်းသာတယ် ဆိုတာ သိနိုင်တယ်။ အဲဒီတော့ သိနိုင်တယ်ဆိုတော့  “ကထံ ဘန္တေ ဇာနာတိ” ဘယ်လို့လုပ် သိတာတုန်း။ သိပုံသိနည်းကို ရှင်းပြပါလို့ ဆိုတော့ အဲဒီမှာ ရှင်နာဂသေန ကရှင်းပြတယ်။

★  သူကမေးခွန်း တစ်ခုမေးလိုက်တယ်။ မေးခွန်းတစ်ခု မေးပြီးတော့ သူ့အဖြေပေးမယ်။ အဲဒီတော့ မေးခွန်းက ဘယ်လိုမေးတုန်း ဆိုလို့ရှိရင် လူတစ်ယောက်ဟာ လက်တွေခြေတွေကို အဖြတ်ခံရတယ်။ အဲဒီလိုဖြတ်လိုက်တဲ့ အခါ အဖြတ်ခံရတဲ့လူက လက်ခြေ အဖြတ်ခံလိုက်ရတဲ့ အခါ ဆင်းရဲတယ်ဆိုတာ သူမသိဘူးလား ဆိုတော့ အဖြတ်ခံရတဲ့ လူက သိတာပေါ့နော်။ သိတယ်။

★  ကိုယ့်လက်ကိုယ့်ခြေကို ဖြတ်လိုက်လို့ရှိရင် နာလိုက်တဲ့ ဆင်းရဲဒုက္ခကို သူသိတယ်။ ကောင်းပြီ။ အဖြတ်ခံရတဲ့ လူကသိတယ် ဘေးကနေရပ်ကြည့် နေတဲ့လူတစ်ယောက်ကရော လက်ခြေဖြတ်ရင် နာတယ်ဆိုတာရော သူမသိနိုင်ဘူးလားလို့  မေးတဲ့အခါ....

★  သူများတွေ လက်တွေခြေတွေကို အဖြတ်ခံရလို့ရှိရင်တဲ့ ဘေးကကြည့်နေတဲ့လူက မသိဘူးလားလို့ဆိုရင်   သိတယ်တဲ့။ ကိုယ့်အဖြတ်မခံရပေမယ့်လို့ သိတယ်။ ဘယ်လို  သိတာတုန်းဆို လက်ခြေအဖြတ်ခံရတဲ့သူက အော်ဟစ်ပြီးတော့ ငိုကြွေးတဲ့အသံကိုကြားပြီးတော့ အဲဒီ ကြည့်ပြီးတော့ နေတဲ့သူကလည်းပဲ လက်ခြေဖြတ်တယ်ဆိုတာ တအားနာလို့နေမှာ။

★  သူငိုတယ်ဆိုတာကို အဲဒီတော့ လက်ခြေ အဖြတ်ခံရတဲ့ ဒုက္ခကို အဲဒီအဖြတ်ခံရလူရဲ့ ငိုကြွေးသံကိုကြားပြီးတော့ ဘေးက ရပ်ကြည့်နေတဲ့လူက ကိုယ်ကိုတိုင် အဖြတ်ခံရတာ မဟုတ်သော်လည်း ဒုက္ခကိုသိပါတယ်။

★  နိဗ္ဗာန်ဆိုတာ ကလည်း အဲဒီအတိုင်းပဲတဲ့ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်တွေက “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဆိုတာဟာ သိပ်ချမ်းသာတယ်လို့ ပြောတယ်။ သူတို့ပြောတဲ့ အသံကိုကြားပြီး နိဗ္ဗာန်ကို ချမ်းသာတယ်လို့ ဒီလိုသိနိုင်ပါတယ်လို့ ဒီလိုဖြေတာနော်။ ဒါဟာ နိဗ္ဗာန်ချမ်းသာတာနဲ့ ပတ်သတ်ပြီးတော့ ဖြေတဲ့ အဖြေ။

★  အဲဒီတော့ နိဗ္ဗာန်နဲ့ ပတ်သတ်ပြီးတော့ မှတ်သားစရာလေး တစ်ခုကတော့ နိဗ္ဗာန်ကို ချမ်းသာတယ်လို့ ပြောတာဟာ #သုခ လို့ပြောတာ ဝေဒနာနဲ့ ပတ်သတ်တဲ့စကား မဟုတ်ဘူး။ လူတွေကတော့ ချမ်းသာတယ်တို့ ဆင်းရဲတယ်တို့ပြောလို့ရှိရင် စိတ်ခံစားမှုနဲ့ ပြောကြတာနော်။

★  စိတ်ထဲမှာ ခံစားရတာ။ ပျော်တယ်တို့ မပျော်ဘူးတို့ စိတ်ညစ်တယ်တို့ မညစ်ဘူးတို့ဆိုတာ စိတ်ခံစားမှုနဲ့ ပြောတာ။ အဲဒီတော့ နိဗ္ဗာန်ကို ချမ်းသာတယ်လို့ ပြောတာဟာ စိတ်ရှိတဲ့ ခံစားတဲ့ ဝေဒနာ မရှိဘဲနဲ့၊ မရှိတဲ့ မရှိရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုလုပ်ပြီးတော့ သုခလို့ ပြောနိုင်တာတုန်းလို့ ဆိုတဲ့ မေးခွန်းဟာ လေးနက်တဲ့ မေးခွန်းတစ်ခုဖြစ်တယ်ပေါ့။

★  ရှင်သာရိပုတ္တရာက တရားပွဲတစ်ခုမှာ ဟောတယ် …

“ နိဗ္ဗာနံ သုခ နိဗ္ဗာနံ သုခမိဒံ နိဗ္ဗာနံ”
“အေး ငါ့ရှင်တို့ နိဗ္ဗာန်ဟာ သိပ်ချမ်းသာတယ်” လို့ ပြောတဲ့အခါမှာ...

★  တရားနာနေတဲ့ ဥဒါယီ ဆိုတဲ့ ကိုယ်တော်ကြီးက ထမေးတယ်...

“အရှင်ဘုရား အဲဒီ နိဗ္ဗာန်မှာ ခံစားတဲ့ ဝေဒနာ မရှိဘူး မဟုတ်လားတဲ့။ ဘာကြောင့် ချမ်းသာတယ်လို့ ပြောနိုင်တာတုန်း” လို့။

★  ရှင်သာရိပုတ္တရာက ရိုးရိုးလေးဘဲ ဖြေလိုက်တယ်...

"အဲခံစားမှု ဝေဒနာ မရှိလို့ဘဲ ချမ်းသာတယ်" လို့ ပြောတာတဲ့။

★ ဆိုလိုတာက ခံစားမှု ရှိနေသေးရင် ချမ်းသာတယ်လို့ ပြောလို့ မရဘူး။ လူတွေ ကသာ သုခဝေဒနာ ကို ချမ်းသာတယ်လို့ ထင်ကြတာကို။ တကယ်ကတော့ ခံစားမှု ရှိနေခြင်းဟာ ရှိခြင်းသည် မရှိခြင်း ဘက်ကိုရောက်မှာ သေချာတယ်ပေါ့။ တည်မြဲမှာမှ မဟုတ်တာ။

★  ဒါကြောင့်မို့ ခံစားမှု မရှိခြင်းသည်ပင်လျှင် နိဗ္ဗာန်ဟာ မရှိလို့ဘဲ ချမ်းသာတယ်လို့ ရှင်သာရိပုတ္တရာက ဒီလိုရှင်းပြခဲ့ဘူးတယ်ပေါ့။

🔺 ဝေဒနာ မရှိခြင်းကြောင့် နိဗ္ဗာန်ဟာ ချမ်းသာတယ်လို့ဆိုတာ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၁၉)’ တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။

📷 credit  Ye Htet Act

No comments:

Post a Comment