Friday, January 4, 2019

ပြည်သူ့ရင်ပြင် နှစ်ဦးဓမ္မသဘင် ဒုတိယနေ့ 2.1.2019

ပြည်သူ့ရင်ပြင် နှစ်ဦးဓမ္မသဘင်
ဒုတိယနေ့ 2.1.2019
🍃🍃🍃🍃🍃🍃🍃🍃🍃🍃

သတိ သမ္ပဇဉ်များဖြင့် နေထိုင်ခြင်း
ရင်ထဲမှအမုန်းတရားများကို ဖယ်ရှားခြင်း တရားတော်
🍃🍃🍃🍃🍃🍃🍃🍃🍃🍃

✿ သတိ သမ္ပဇဉ်များဖြင့် နေထိုင်ခြင်း
••••••••••••••••••••••••••••••••••••

နိုင်ငံတကာ နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံသား ရဟန်းရှင်လူအားလုံးဟာ
၂၀၁၈ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး

၂၀၁၉ တစ်နှစ်တာမှာ ဘာတွေလုပ်ကြမယ်
ဆိုတဲ့ အနာဂတ် မျှော်လင့်ချက်တွေ ထားပြီး ကြိုးစားကြရမယ့်အခါ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို နှစ်ဦးမှာ ခံယူ လိုက်နာပြီး မိမိတို့ အကျိုးစီးပွားတိုးတက်ဖို့ လုပ်သင့်တာတွေကို သိရှိလိုက်နာကြရပါမယ်။

"သတိရှိရှိ ဆင်ခြင်တုံတရားရှိရှိ နေထိုင်ရမယ်
ဆိုတာ ငါဘုရားရဲ့ အဆုံးအမဖြစ်တယ်"လို့ မြတ်စွာဘုရားက သတိပေးထားပါတယ်။

သတိရှိရှိနဲ့ ဆင်ခြင်တုံတရား
ရှိရှိနဲ့ နေထိုင်ရမယ်။

သတိရှိရှိနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့
ဘယ်လိုနေထိုင်ကြရမလဲ။

လူတိုင်း လူတိုင်းအတွက် အရေးကြီးဆုံးက ကျန်းမာရေး ပညာရေး စီးပွားရေး … စတဲ့
အချက် (၃)ချက်ပါဘဲ။

အဲဒီအချက်တွေကို သတိရှိရှိနဲ့ ဆင်ခြင်တုံတရားနဲ့ နေထိုင်ရပါမယ်။

ကျန်းမာရေး ပညာရေး စီးပွားရေး ဘာပဲ
လုပ်လုပ် သတိသမ္ပဇဉ်မပါဘဲ လုပ်ပါက အမှားဘက်ကို ရောက်သွားနိုင်ပါတယ်။

ဘယ်ကိစ္စမှာဘဲဖြစ်ဖြစ် သတိရှိရှိ ဆင်ခြင်
တုံတရားရှိရှိနဲ့ နေထိုင်ကြမယ်ဆိုရင်

ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တွေဘဲဖြစ်ဖြစ် ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ်

ဘယ်အမျိုးသားဘဲဖြစ်ဖြစ်
ဘယ်အမျိုးသမီးဘဲ ဖြစ်ဖြစ်

ကောင်းကျိုးချမ်းသာကို
ရရှိကြမှာဖြစ်ပါတယ်။

နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရော လူ့လောက
မှာ နေထိုင်ရင်း ကျန်းမာရေးကောင်းဖို့
စီးပွားတိုးတက်ဖို့ အသိပညာရဖို့အတွက်ရော

သတိနဲ့ သမ္ပဇည နှစ်မျိုးဟာ
အရေးအကြီးဆုံး ဖြစ်ပါတယ်။

ဤဘဝ နောင်ဘဝ ချမ်းသာသုခရဖို့အပြင် သံသရာဝဋ်က လွတ်ဖို့အတွက်လည်း သတိ
သမ္ပဇဉ်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင်များအတွက်ရော

ဗုဒ္ဓဘာသာကို ကြည်ညိုပြီး မြတ်စွာဘုရား အဆုံးအမကို အထိုက်အလျောက် သိရှိ နားလည်သော်လည်း

ရိုးရာလူ့အသိုင်းအ၀ိုင်းကို မလွန်ဆန်
နိုင်ဘဲ နေရတဲ့သူတွေအတွက်ရော

သတိသမ္ပဇဉ်ဟာ အကျိုးများစေမှာ
ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ထန်းလျက်ဟာ ဘယ်သူစားစား ချိုသလို

ဓမ္မဆိုတဲ့ အမှန်တရားဟာလည်း လူမျိုးမရွေး ကျားမ မရွေး ယုံသူ မယုံသူမခွဲ ကျင့်သုံးရင် ကောင်းကျိုးပေးမှာ အမှန်ဖြစ်ပါတယ်။

ထို့ကြောင့် သတိသမ္ပဇဉ်ကို နေ့စဉ်
လေ့ကျင့်ဖို့ တိုက်တွန်းပါတယ်။

"ဗဟုဇန ဟိတာယ" အများအကျိုးရှိစေမယ်။
"ဗဟုဇန သုခါယ"အများချမ်းသာရစေမယ်
ဆိုတဲ့ တရားတွေ ဖြစ်ပါတယ်။

ယခုအခါ နိုင်ငံခြား တိုင်းပြည်များမှာ Mindfulness Training ဆိုပြီး သင် တန်းများ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

Mindfulness ဆိုတဲ့ သတိသက်သက် သာမက Comprehension ဆိုတဲ့ ဆင်ခြင်တုံပညာလည်း ရှိရပါမယ်။

သတိနဲ့ ပညာကို နေ့စဉ်အချိန်မှန် လေ့ကျင့် လာရင် အလုပ်မှာလည်း အမှားကင်းစင်လာ
ပါမယ်။

“မည်သည့် အလုပ်ကိုဘဲ လုပ်လုပ် သတိနဲ့လုပ်ပါ။ ကောင်းကျိုးချမ်းသာ
ရရှိစေမှာ မြေကြီးလက်ခတ်မလွှဲပါပဲ “

ပထမအနေနဲ့ “သတိသမ္ပဇဉ်ဖြင့်
နေထိုင်ခြင်း ” ပါဘဲ။

သတိတရားနဲ့နေထိုင်ရမယ့် အချက်တွေကတော့

မြတ်စွာဘုရားက သတိသမ္ပဇဉ်အားထုတ်ရာ (၇)ဌာနလို့ ဟောပြထားပါတယ်။

(၁) လူတွေဟာ လမ်းလျှောက်ရင် ရှေ့သို့
ခြေလှမ်းလှမ်းခြင်းနှင့် နောက်သို့ ဆုတ်ခြင်း
တို့ကို လုပ်တဲ့အခါမှာလည်း သတိရှိရှိနဲ့ လုပ်ရမှာဖြစ်ပါတယ်။

သတိလေးနဲ့ ရှေ့တိုးမယ် သတိလေးနဲ့ နောက်ဆုတ်မယ်ဆိုရင် အန္တရာယ်မဖြစ်ပဲ ကောင်းကျိုးချမ်းသာရမှာပါ။

(၂) လောကမှာ လူတွေဟာ မျက်စိရှိတော့ ရှေ့နောက်ဝဲယာ မြင်စရာအာရုံတွေကို ကြည့်ရှုရာမှာ အမှတ်တမဲ့နဲ့ မကြည့်ဘဲ

အမှတ်တရရှိရှိနဲ့ ကြည့်ရှုတဲ့
အလေ့အကျင့် ကို လုပ်ပေးရပါမယ်။

ကြည့်ရင် မည်သည့်အတွေးနဲ့ကြည့်လဲ အပြစ်ကင်းတဲ့ အကြည့် အပြစ်မရှိတဲ့ အကြည့်နဲ့ မြင်အောင် သတိရှိရှိနဲ့ကြည့် တတ်ရပါမယ်။

ကြည့်မိချိန်မှာ သတိမကပ်ရင် အတွေးနဲ့ ကြံစည်မှုတွေ ပျံ့လွင့်နေပါမယ်။

အမြင်အာရုံပေါ် သတိကပ်လိုက်နိုင်ရင်တော့ ဖြစ်လာမယ့် လောဘ ဒေါသကိုလည်း ရှောင် လိုက်နိုင်ပြီး

စိတ်အစဉ်မှာ လှုပ်ရှားဖောက်ပြန်မှုတွေ မဖြစ်အောင် ထိန်းနိုင်သွားပါမယ်။

(၃) လက်တွေ ကွေးတာ ဆန့်တာလုပ်ရာမှာ ကျန်းမာရေးအတွက်ဘဲဖြစ်ဖြစ် ညောင်းလို့ဘဲ ဖြစ်ဖြစ်လုပ်ရာမှာ သတိလေးထားပြီး ကွေးတာ ဆန့်တာကို အလေ့အကျင့်လုပ်ရပါမယ်။

လက်ခြေကွေးရာ ဆန့်ရာမှာလည်း သတိသမ္ပဇဉ်ရှိရပါမယ်။ လုပ်ပါများရင် အလေ့အကျင့် ရလာမှာဖြစ်ပါတယ်။

(၄) ကိုယ်ဝတ်တဲ့ အ၀တ်ကို ၀တ်ဆင်ရာ မှာလည်း သတိရှိရှိ  ဆင်ခြင်တုံတရားရှိရှိနဲ့ ၀တ်ဆင်ရပါမယ်။

ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု ပစ္စည်းဥစ္စာကို ယူတဲ့အခါမှာလည်း သတိထားပြီးယူမှ တစ်ပါးသူရဲ့ ပစ္စည်းဥစ္စာကို မှားပြီးမယူမိမှာပါ။

သတိလေးမထားရင် ကိုယ်ဝတ်တဲ့ အဝတ်
အစားက ကပိုကယိုဖြစ်ပြီး အမြင်မတင့်တယ် စေပါဘူး။

ထို့အတူ ပစ္စည်းဥစ္စာကို ယူတဲ့အခါမှာလည်း ကပျာကယာ ယူလိုက်မိရင် သူတပါးရဲ့ ပစ္စည်းဥစ္စာကို မှားပြီးယူတတ်ပါတယ်။

ထို့အတွက် သတိ ဆင်ခြင်တုံ
တရားရှိဖို့လိုပါတယ်။

(၅) အစာစားရာ ရေသောက်ရာမှာလည်း သတိသမ္ပဇဉ် ရှိရပါမယ်။

သတိလွတ်ပြီး စားသောက်မိတဲ့အခါ သီးတတ်ပါတယ်။ မစားသင့်တာတွေကို  စားမိတတ်ပါတယ်။

အရိုးစူးတာ အရိုးမျက်တာတွေ
ဖြစ်တတ်ပါတယ်။

စားသောက်ရာမှာ သတိထားတဲ့ အကျင့်လေး
ဟာ သာမာန်အားဖြင့် အကျိုးမဖြစ်ဘူးလို့ ထင်တတ်ကြပါတယ်။

တကယ်တော့  ရေကိုတောင် မသောက်သင့် ချိန်မှာ သောက်မိလို့ သေရသူတွေလည်း ရှိပါတယ်။

အေးလွန်း ပူလွန်းတဲ့ရေကို သောက်တာဟာ လည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ကိုယ့်ခန္ဓာနဲ့ သင့်တော်တာကို ရွေးချယ် စားတတ်တာလည်း လေ့ကျင့်ခန်းလို လုပ်ယူရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော် ၉ပါးထဲက
ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်လာ
စရဏ ၁၅ ပါး ထဲမှာ …

"ဘောဇနေ မတ္တညုတာ"ဆိုတဲ့ အစားအစာကို သင့်မသင့်နဲ့ စားသင့်တဲ့ အတိုင်းအတာသိခြင်း
ဆိုတာ ပါပါတယ်။

တွေ့လာတဲ့အစာကို အာသာငန်းငန်း စားရင် ရောဂါဖြစ်ပြီး ဒုက္ခရောက်တတ်ပါတယ်။

မြန်မာတွေက ကံကောင်းလို့ သက်ရှည် ကျန်းမာတယ် ထင်တတ်ကြပါတယ်။

တကယ်တော့ ဥတုနဲ့ အာဟာရက သက်ရှည် ကျန်းမာဖို့ အဓိကအချက်တွေ ဖြစ်ပါတယ်။

အကောင်းဆုံးဥပမာက ဂေါတမ မြတ်စွာ ဘုရားဟာ ကဿပမြတ်စွာဘုရားနဲ့
ဘုရားဖြစ်ဖို့ ပြုခဲ့တဲ့ကံတွေ တူပါတယ်။

ဒါပေမယ့် ကဿပမြတ်စွာဘုရား ပွင့်ချိန်
ဥတုနဲ့ အာဟာရဟာ နှစ်ပေါင်း ၂သောင်း အသက်ရှည်နိုင်လောက်တဲ့အတွက်

ကဿပ မြတ်စွာဘုရားဟာ နှစ်ပေါင်း
၂သောင်း အသက်ရှည်ခဲ့ပါတယ်။

ဂေါတမမြတ်စွာဘုရား ပါရမီပြည့်ချိန် ဥတုနဲ့ အာဟာရတွေဟာ နှစ် ၁၀၀ တန်းထိပဲ
sustain ထောက်ပံ့နိုင်တဲ့အတွက်

ဂေါတမမြတ်စွာဘုရား သက်တော် ၈၀
အထိပဲ  သက်တော်ရှည်ခဲ့ပါတယ်။

ဒါ့ကြောင့် ကံချင်းတူပေမယ့် ဥတုနဲ့အာဟာရ ကွာတာကြောင့် သက်တမ်းများလည်း ကွာကြ ပါတယ်။

(၆) ကျင်ကြီး ကျင်ငယ် အညစ်အကြေး
စွန့်ရာမှာ သတိသမ္ပဇဉ် ရှိရပါမယ်။

ကိုယ့်ခန္ဓာက ထွက်တဲ့ အညစ်အကြေးကို သတိထားပြီး ပြန်ကြည့်ရပါမယ်။

အရောင်ပုံမှန်ပဲလားဆိုတာ သတိထားသူ
အတွက် အစာအိမ်သွေးကြောပေါက်လို့ မစင်မဲမဲသွားတာ မြင်တာနဲ့ ဆင်ခြင်နိုင်ပြီး

ဆေးရုံဆေးခန်းကို အချိန်မီသွားနိုင်တာကြောင့်
ဒီအကျင့်ဟာ မွေးယူရမယ့် အကျင့်ကောင်းလို့ မြတ်စွာဘုရား လမ်းညွှန်ထားတာ ဖြစ်ပါတယ်။

(၇) လမ်းလျှောက်တာ ရပ်တာ အိပ်တာ
နိုးကြားတာ စကားပြောတာ ဆိတ်ဆိတ်
နေတာ ဆိုတဲ့ အမူအရာတိုင်းမှာ သတိ
သမ္ပဇဉ် ကပ်ရပါမယ်။

ကိုယ်ဟာ လမ်းလျှောက်နေတာလား ထိုင်နေတာလား အိပ်နေတာလား စကားပြောနေတာလား ဆိုတာတွေကို အမှတ်တမဲ့ မနေဘဲ

ကိုယ့်သဏ္ဍာန်မှာ ဖြစ်နေတာတွေကို
သတိရှိရှိနဲ့ လေ့ကျင့်ခန်းလို လုပ်ကြည့်ပါက

ကိုယ့်လုပ်တဲ့ အရာတိုင်းကို
တွေးတော ဆင်ခြင်တတ်လာပါမယ်။

သတိနဲ့အလုပ်ကို အာရုံစူးစိုက်ပြီး
သမ္ပဇည ပညာနဲ့ အကျိုးအပြစ်
ဆင်ခြင်သုံးသပ်မယ်ဆိုရင်

လူတိုင်းအတွက် အကျိုးရှိမယ့်
သြ၀ါဒ ဖြစ်ပါတယ်။

ကျန်းမာရေး  ပညာရေး  စီးပွားရေး
တိုးတက်ဖို့ရာ သတိသမ္ပဇဉ်နဲ့
နေထိုင်ရပါမယ်။

သတိသမ္ပဇဉ်ရှိလာရင် ဝီရိယနဲ့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။

အရေးကြီးဆုံးက မည်သည့်အလုပ်ကိုပဲ
လုပ်လုပ် လုံ့လဝီရိယနဲ့ အားစိုက်ထုတ်ရင် အောင်မြင်မှု ရရှိမှာဖြစ်ပါတယ်။

✿ ရင်ထဲမှအမုန်းတရားများကို ဖယ်ရှားခြင်း
•••••••••••••••••••••••••••••••••••••••••

ဒုတိယ အချက်အနေနဲ့ “ ရင်ထဲမှ အမုန်းတရားဖယ်ရှားခြင်း" ပဲဖြစ်ပါတယ်။

ရင်ထဲက အမုန်းတရား ဖယ်ရှားခြင်းက လူ့အသိုင်းအ၀ိုင်းထဲမှာ အရေးကြီးဆုံးပဲ
ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာစကားမတူတဲ့
လူမျိုးပေါင်း ၁၃၅ မျိုး ရှိပါတယ်။

မကြာသေးမီက ပျူလူမျိုးက ဆင်းသက်လာ တယ်ဆိုတဲ့ "တောင်သာ"ဆိုတဲ့ လူမျိုးပါ ထည့်ရေရင် ၁၃၆ မျိုးတောင် ရှိပါတယ်။

ဘယ်လိုပင် လူမျိုးတွေကွဲပေမယ့် တစ်မြေ တည်းနေ တစ်ရေတည်းသောက်သူတွေ ဖြစ်ကြပါတယ်။

တစ်မြေတည်းပေါ်မှာ နေထိုင်ပြီး တစ်ရေထဲ သောက်နေကြတာဖြစ်လို့ သာတူညီမျှဘ၀မှာ တရားမျှမျှတတနဲ့ ရပ်တည်နေထိုင်ရေး ရှိဖို့
လိုပါတယ်။

လူမျိုးတိုင်းဟာ "ဓမ္မေဏ"တရားမျှတမှု
"သမ္မေဏ" မျှမျှတတရှိမှု ဆိုတဲ့

“တရားမျှတမှုရှိပြီး မျှမျှတတ
ရှိရန် လိုအပ်ပါတယ်”

ရင်ထဲက အမုန်းတရားတွေကို မဖယ်ရှားနိုင်ရင် အေးအတူ ပူအမျှ မနေထိုင်နိုင်ကြပါဘူး။

အဖွဲ့အစည်း သမဂ္ဂဆိုသည်မှာ အတူအကွ လုပ်ကိုင်ဆောင်ရွက်ခြင်း စိတ်တူကိုယ်တူ
ရှိခြင်း

ဥပဒေကို လေးလေးစားစား
လိုက်နာ နေထိုင်ကြမယ်ဆိုရင်

ကမ္ဘာပေါ်မှာ အခြားနိုင်ငံတွေက
မြန်မာနိုင်ငံကို အတုယူအားကျ
စံပြအဖြစ် ခံယူလာတဲ့ နိုင်ငံဖြစ်လာမှာပါ။

ရင်ထဲက အမုန်းတရား(၂)ခုကို
ဖယ်ရှားရပါမယ်။

ရင်ထဲက အမုန်းတရား(၂)ခုက
“ဣဿာ”နဲ့ “ မစ္ဆရိယ” တို့ဖြစ်ပါတယ်။

"မစ္ဆရိယ"

သိကြားမင်းက မြတ်စွာဘုရားကို လောကမှာ သတ္တ၀ါတွေဟာ ဘေးရန်ကင်း စိတ်ချမ်းသာ ချင်ပါလျက်နဲ့ ဘာ့ကြောင့်များ ရန်သူဝိုင်းပြီး ဘေးရန်များလို့ စိတ်ဆင်းရဲနေကြရပါသလဲလို့  မေးလျှောက်လာပါတယ်။

မြတ်စွာဘုရားက "မစ္ဆရိယ"ဆိုတဲ့ တရားဆိုး ကြောင့်ပဲလို့ အဖြေပေးလိုက်ပါတယ်။

"မစ္ဆရိယ"ဆိုတာ သောတာပန်ဖြစ်မှ ပယ်နိုင်
တဲ့ တရားဆိုးဖြစ်ပြီး ပုထုဇဉ်တွေမှာတော့ နည်းနည်း သင့်ရုံ များများရှိနေကြဆဲပါ။

ကောင်းတာကို ကိုယ်ပဲ ရချင်
သူများမရစေချင်တာ မစ္ဆရိယပါပဲ။

နှမျော တွန့်တိုတယ်လို့
ဆရာများက သုံးကြပါတယ်။

မစ္ဆရိယဆိုတာ ကိုယ့်ရင်ထဲမှာရှိလား မရှိလားဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်ရမှာဘဲဖြစ်ပါတယ်။

မစ္ဆရိယစိတ်ဆိုတာ ထူးခြား
အံ့ဖွယ် အခြေအနေကောင်းတွေ
သူများဆီမှာ မရှိစေချင်တဲ့သဘောပါ။

ကိုယ်ပဲချမ်းသာချင်တယ်။
ကိုယ်ပဲအောင်မြင်ချင်တယ်။ သူတစ်ပါး မရစေချင်တာပါပဲ။ မစ္ဆရိယ(၅)မျိုးရှိပါတယ်။

(က) အာဝါသ မစ္ဆရိယ
နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး
တွန့်တိုတာပါ။

ဘတ်စ်စကားပေါ် နှစ်ယောက်ထိုင်ခုံကို
ပေါင်ကားပြီး ထိုင်တာ အထုပ်ချပြီး နေရာဦးတာမျိုးတွေပါ။

(ခ) ကုလ မစ္ဆရိယ
အပေါင်းအသင်းမိတ်ဆွေကို တွန့်တိုတာပါ။

ကိုယ်နဲ့ပေါင်းတဲ့ အပေါင်းအသင်း ခင်မင်တဲ့
သူကို အခြားသူနဲ့ပေါင်းသင်းမှာ မလိုလားတာ

ကိုယ့်ထက် အခြားသူကို
ပိုခင်သွားမှာ စိုးတာမျိုးပါ။

(ဂ) လာဘ မစ္ဆရိယ
ကိုယ်ရထားတဲံ့ ပစ္စည်း အခွင့်အရေးမျိုး
သူများရသွားမှာ တွန့်တိုတာမျိုးပါ။

(ဃ) ၀ဏ္ဏ မစ္ဆရိယ
သူများချီးမွမ်းမှုကို တွန့်တိုတာပါ။

လူတကာက ကိုယ့်ကိုဘဲ ချီးမွှမ်းစေချင်တာ။ ကိုယ့်ရှေ့မှာ တစ်ပါးသူ အလုပ်ကြိုးစားလို့ တော်လို့ ချီးမွမ်းရင်

"သူတော်ပါတယ် ဒါပေမယ့်"ဆိုပြီး
မလိုလားတဲ့ သဘောကို ပြောတော့
တာပါဘဲ။

သူများကို တော်တယ်လို့ ချီးကျူးသံ
မကြားချင်ဘူး။ "ဒါပေမယ့်"ဆိုတာလေး
ခံပြီး ပြောရင်တော့ မစ္ဆရိယဝင်ပြီပေါ့။

(င) ဓမ္မ မစ္ဆရိယ
ကိုယ်တတ်တဲ့ အတတ်ပညာကို လျှို့ဝှက်ထားတာ။

မြန်မာပြည်မှာ မုန့်ဖုတ်နည်း ချက်ပြုတ်နည်း ဆပ်ပြာလုပ်နည်း စသဖြင့် တတ်ကြပေမယ့်

"အာစရိယ မုတ္ထိ" ဆိုတဲ့ ဆရာ့လက်ဆုပ် လျို့ဝှက်ချက် ချန်ပြီး သင်တတ်ကြပါတယ်။

ဗမာဆေးနည်းတွေဆိုရင် Top Secret ဆရာစား ချန်ထားကြတတ်တဲ့အတွက် ဆရာသေရင် ဆေးနည်းပါ ပျောက်ကုန် ကြပါတယ်။

ကောင်းတဲ့ ပညာရပ်တွေကို အများသိအောင် ဖြန့်ဖြူးပေးရမယ်။ မစ္ဆရိယနောက်က တွဲလာ
တာက“ဒေါသ” ပါဘဲ။

မြတ်စွာဘုရား လက်ထက်တော်တုန်းက ဥတေနမင်းနဲ့ ၀ါသုဝဒတ္တာ မိဖုရားရဲ့သား ဗောဓိမင်းသားဟာ …

"သုသုမာရဂီရိ" ဆိုတဲ့ မြို့မှာ မြို့စားဖြစ်စဉ် "ကောကနုဒ" အမည်ရတဲ့ ပြသာဒ်တော်ကို

အဆန်းတကြယ် ဆောက်လုပ်ပေးတဲ့ လက်သမားရဲ့ မျက်စိကိုဖောက်ပြီး

သူ့လို သူများကို လိုက်မဆောက်
ပေးနိုင်အောင် တွန့်တိုခဲ့ပါတယ်။

ခွေးနှစ်ကောင်ကြား အမဲရိုးပစ်ချပေးလိုက်ရင် အမဲရိုးလုကြရင်း ရလိုက်တဲ့ ခွေးကလည်း မာန်တက်

မရလိုက်တဲ့ ခွေးကလည်း ဒေါသထွက်လို့ ရန်ဖြစ်ကိုက်ခဲကြတာ မစ္ဆရိယတရားကြောင့် ပါပဲ။

လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား လက်နက်ကိုင် ဆဲရေး ကုန်းတိုက် ရန်ဖြစ်နေတာလည်း မစ္ဆရိယကြောင့်ပါပဲ။

မစ္ဆရိယရှိသူမှာ ကိုယ့်အောင်မြင်မှုကို
သူတစ်ပါးမမြင်အောင် ဖက်တွယ် ဖွက်ထားတတ်ပါတယ်။

မရသေးတာကို ကြိုတင်လျို့ဝှက်
တတ်တဲ့ သဘောရှိပါတယ်။

သူတစ်ပါးကို အသိမပေးလို လာမယှဉ်စေလို တွန့်တို ဆုတ်နစ် ဖုံးကွယ်တတ်တဲ့သဘောလို့ ဉာဏ်ယှဉ်သိကြရပါမယ်။

မစ္ဆရိယကို “ စာဂ” နဲ့ ရှင်းထုတ်ရမယ်။ ငါတစ်ယောက်တည်း ချမ်းသာဖို့
အောင်မြင်ဖို့ မဟုတ်ဘူး။

အများချမ်းသာဖို့ အောင်မြင်ဖို့ ဆောင်ရွက်ပေးရမယ်။

"ဣဿာ"

သူတစ်ပါးရဲ့အောင်မြင်မှုတွေကို  အသိအမှတ်မပြုဘဲ မျက်နှာလွှဲ
နေတာ “ဣဿာ” ပါဘဲ။

သူတစ်ပါးရဲ့ ပြည့်စုံအောင်မြင်မှုကို ကြားပြီး ရင်ထဲမှာ အမုန်းတရားတွေ ပွားလာတာ အင်္ဂလိပ်လို Jealous လို့ခေါ်တယ်။

လောကလူသားတွေ ရင်ထဲ အဖြစ်များတဲ့ တရားဆိုးတွေပါပဲ။ ကောင်းကျိုးမပေးတဲ့ တရားတစ်ခုပါပဲ။

ဣဿာကို လျှော့ချထိန်းချုပ်နိုင်မယ့် နည်းကတော့ မုဒိတာပွားပေးရတာပါပဲ။

သူတစ်ပါး အောင်မြင်ကြီးပွားချမ်းသာ
တာကို ၀မ်းမြောက်ပေးရတာပါ။

သူတော်တာ သူအောင်မြင်တာ
သူကြိုးစားလို့။

သူ့လိုတော်အောင် အောင်မြင်အောင် ငါကြိုးစားရမယ် ဆိုတာပါဘဲ။

လူတွေက အတွေးအခေါ်ချင်း
မတူညီကြပါဘူး။

မိသားစုအချင်းချင်းလည်း
မတူညီကြပါဘူး။

ဒါပေမယ့် တစ်မိုးအောက်ထဲမှာနေပြီး မကောင်းတဲ့အရာတွေကို ပယ်ပြီး

သတိတရားလေးနဲ့ မကောင်းတာတွေကို
သိပြီး ဒါတွေကတော့ မစ္ဆရိယစိတ်
ဣဿာစိတ်တွေဘဲလို့ သတိထားရမယ်။

သူလည်း သောတာပန်ဖြစ်မှ
ပယ်နိုင်မယ့် တရားပါ။

ဣဿာနဲ့ မစ္ဆရိယဟာလည်း တိုင်းပြည်တိုင်း လူမျိုးတိုင်းအတွက်  Major Condition နှစ်ခု ဖြစ်ပါတယ်။

သတိ သမ္ပဇဉ်အမြဲရှိပြီး အမုန်းတရားနှစ်ခုကို ဖယ်ရှားနိုင်ရင် ကြီးပွားတိုးတက်ပါမယ်။

အောင်မြင်လာသူဟာ အခြားသူများကို
လည်း လက်တွဲခေါ်နိုင်ရပါမယ်။

နိုင်ငံတစ်နိုင်ငံမှာ အဖွဲ့နှစ်ဖွဲ့ရှိပြီး
တစ်ဖွဲ့က အောင်မြင်ရင်

နောက်တစ်ဖွဲ့က ဘာလုပ်လုပ်
အကောင်းမမြင်။

အကောင်းမပြောဆိုတာ
ဣဿာခေါ် မနာလိုဖြစ်တာပါပဲ။

တကယ်ဆို တစ်လှေတည်း စီးသူတွေမှာ ရေယိုရင် ဘယ်သူစီးတဲ့နေရာက ယိုယို ၀ိုင်းဝန်းဖာထေးကြရမှာ ဖြစ်ပါတယ်။

ငါ့နေရာက ပေါက်တာမဟုတ်လို့ ဖာတဲ့အခါ ငါမပါနိုင်ဘူး၊ ရေခပ်ထုတ်ရာ ငါမပါနိုင်ဘူးလို့ ငြင်းခုန်တွက်ကပ်နေကြရင်…

လှေနစ်သွားတဲ့အခါ
အားလုံးပါသွားမှာ ဖြစ်ပါတယ်။

တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်မှာ အများသဘောတူတဲ့ ဥပဒေတစ်ခုတည်းနဲ့ ရပ်တည်နေကြရတဲ့အတွက်

ဗုဒ္ဓအဆုံးအမနဲ့အညီ အမုန်းတရားတွေကို ဖယ်ရှားထားကြရင် တိုင်းပြည်လည်း
ကြီးပွား တိုးတက်ပါမယ်။

လူတိုင်း ပြုံးရွှင်သောမျက်နှာနဲ့ တွေ့ကြရပါမယ်။ စိတ်နှလုံး အေးချမ်းသာယာစွာ နေကြရပါမယ်။

တိုင်းပြည်တိုးတက်ရေးအတွက်
ဆိုရင် ၀ိုင်းဝန်းပြီး လုပ်ရမှာပါဘဲ။

မမှန်မကန်တဲ့ အယူဝါဒတွေ စိုးမိုးလာရင် စိတ်မချမ်းသာစရာတွေ စိုးမိုးလာရင်

အဲဒီအရာတွေပေါ်မှာ ဆင်ခြင်တုံရှိပြီး လေ့ကျင့်ယူကြရမှာဖြစ်ပါတယ်။

လေ့ကျင့်ရင်း ကိုယ့်ရင်ထဲမှာ ကိန်းအောင်း
နေတဲ့ “ဣဿာ မစ္ဆရိယ” စိတ်တွေကို
ဖယ်ရှားပြီး  ငြိမ်းချမ်းတဲ့ဘ၀ကို ရရှိမှာ ဧကန်မလွှဲပါ။

သတိရှိရှိနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့ နေ့စဉ်လုပ်ကိုင်ဆောင်ရွက်ကြဖို့

ကိုယ့်ရင်ထဲမှာရှိနေတဲ့ အမုန်းတရားတွေကို ရှင်းလင်းဖယ်ရှားဖို့ သတိရှိရှိနဲ့ ဖယ်ရှားရမှာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကြိုးစားအား
ထုတ်ရမယ်လို့ သတိကြီးစွာ ထားရပါမယ်။

ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ

ပြည်သူ့ရင်ပြင် နှစ်ဦးဓမ္မသဘင်
ဒုတိယနေ့ 2.1.2019
#Credit - Original Uploader
#Via - Paral Lel >>> thank

ဓမ္မ၏အရသာpage

No comments:

Post a Comment