Monday, January 7, 2019

ဒိဋ္ဌေဒိဋ္ဌမတ္တံ ၀ိပဿနာကျင့်စဉ်

ဒိဋ္ဌေဒိဋ္ဌမတ္တံ ၀ိပဿနာကျင့်စဉ်
▬▬▬▬▬▬▬▬▬▬▬▬

★ မြင်လိုက်တဲ့ အဆင်းလေးကို ကြံတွေးသိတဲ့အခါကျတော့ ဒါကလူပဲ၊ ဒါက သစ်ပင်ပဲ၊ ဒါက အမျိုးသားပဲ၊ ဒါက အမျိုးသမီးပဲ၊ ဒါက အဖြူရောင်ပဲ၊ ဒါဟာ အနီ အညိုစသည့်၊ ဒါက အရှည် အတို အလုံး အပြား စသည်ဖြင့် အဲ့ဒီလို ဒါတွေ စိတ်ကူးပြီး ပုံဖော်တဲ့ အရာတွေသာဖြစ်တယ်။

★ မျက်စိထဲမှာ ထင်ဟပ်လာတဲ့ မျက်စိနဲ့ ဆုံတွေ့လာတဲ့အရာတွေကို စိတ်ကူးပုံဖော်ဖို့ ပုံဖော်နိုင်မှ အဲဒီဟာတွေကို မြင်နိုင်တာဖြစ်တယ်ပေါ့နော်။

★ တကယ်တရားရှုမှတ်တဲ့အခါကြလို့ချင်ရင် မြင်တာကို မြင်တယ်လို့ မှတ်လိုက်တဲ့အချိန်လေးမှာ ခုနက အဖြူလား အမဲလား ဒါတွေတော့ ပေါ်လာမှာ မဟုတ်တော့ဘူး။ သဏ္ဍာန်အတို အရှည် ဒါလည်း ပါမှာမဟုတ်တော့ဘူး။ ဘယ်သူ ဘယ်ဝါဆိုတဲ့ ဒီသင်္ကေတ ပညတ်တွေ နာမည်တွေ ဒါတွေလည်း ပါမှာ မဟုတ်တော့ဘူး။

★ မျက်စိထဲမှာ မြင်တာကို မြင်တယ်လို့ပဲ မှတ်လိုက်တဲ့အခါမှာ ရူပဆိုတဲ့ ၀ဏ္ဏဆိုတဲ့ ဒီစကားလုံးကို ကြည့်မယ်ဆိုရင်တော့ ၀ဏ္ဏဆိုတာ ကာလာပဲ အမှန်ကတော့နော်။ အဲ့ဒါလေးပဲ မျက်စိထဲမှာ ပါလာတဲ့ ပေါ်လာတဲ့ အရိပ် ပုံရိပ်။ မျက်စိထဲမှာ ထင်လာတဲ့ ပုံရိပ်ကလေးလို ဒီလိုပဲ ပြောရမယ်ထင်တယ်။

★ အဲ့ဒီပုံရိပ်လေးကို ပုံဖော်ကြည့်လိုက်တဲ့ အခါကျတော့ စိတ်နဲ့ပုံဖော်တာ။ အဲဒီစိတ်နဲ့ ပုံဖော်တာတွေက မျက်စိနဲ့မြင်ရတဲ့ဟာ မဟုတ်ဘူးတဲ့။ မျက်စိနဲ့ မြင်လိုက်ပြီးမှ သူက စိတ်နဲ့ပုံဖော်တာ။ ဒါမို့ကြည့်လေ စက္ခုဝိညာဏ်စိတ်ဖြစ်တုန်းက မြင်တယ်လို့တင် ပြောတာပေါ့။

★ အဲတော့ သာမန်အားဖြင့် ပြောမယ်ဆိုရင် စက္ခုဝိညာဏ်စိတ်က အဆင်းအာရုံကို မြင်တယ်ဆိုတော့ ကိုယ်မြင်နေတာ စာအုပ်ဆို စာအုပ်ကြီးလို့ မြင်လိုက်တယ်။ ပန်းပွင့်ကို ပန်းပွင့်လို့ မြင်လိုက်တယ်လို့ ဒီလိုထင်ကောင်း ထင်လိမ့်မယ်။ မဟုတ်သေးဘူး။ စာအုပ်လို့လည်း မသိဘူး၊ ပန်းပွင့်ကိုလည်း မသိဘူး။ အဖြူ အမည်းလည်း မသိဘူး။ သူသိတဲ့ အသိလေးက ခုနက အရိပ်ကလေးပဲ သူသိလိုက်တယ်။ ဟုတ်တယ်မို့လား။

★ စိတ်ဖြစ်မူရဲ့ လျင်မြန်မှုကြောင့် နမို့ဆို စက္ခုဝိညာဏ်သည် အဆင်းကို အာရုံကိုမြင်၏လို့ဆိုလို့ချင်ရင် ကိုယ်ပြောတဲ့ မြင်တာတွေက ဟိုမှာ သစ်ပင်ကြီးမြင်လား မြင်တယ်။ အဲ့ဒီ အမြင်တွေနဲ့ ရောနေမှာစိုးလို့ ပြောတာနော်။ မင်းဘယ်သူမြင်တုန်း လူတစ်ယောက်မြင်တယ် အဲ့ဒါ စက္ခုဝိညာဏ်စိတ်လို့ ထင်နေမှာစိုးလို့ပြေတာ။ မဟုတ်သေးဘူး။ အဲဒီ မရောက်ဘူး စက္ခုဝိညာဏ်ရဲ့ အမြင်က။

★ နမို့ဆို စက္ခုဝိညာဏ်စိတ် တော်တော်တာသွားနေမှာပေါ့။ သူက အကျိုးဝိပါတ်စိတ်ပဲ။ အရိပ်ကလေးကို ဖမ်းယူနိုင်တဲ့ စွမ်းရည်သတ္တိလေးပဲရှိတယ်။ ယောက်ျား မိန်းမ သစ်ပင် တောတောင် ပစ္စည်း ၀တ္ထု ဒါတွေကို သူဘာတခုမှ မသိဘူး။

★ နမို့ဆို ၀ီထိစိတ်တွေက စက္ခုဝိညာဏ်စိတ်နဲ့တင် အလုပ်ပြီးသွားပြီလေ မြင်ပြီးသွားပြီလေ။ အဲတော့ ဒဿနဆိုတဲ့ကိစ္စ မြင်ခြင်းကိစ္စက သူဆောင်ရွက်လိုက်တာ အပြီးအစီးလို ဖြစ်နေတယ်။ အဲ့ဒီလိုမဟုတ်ဘူး။ မျက်စိထဲမှာ အရိပ်ပေါ်ရုံလေးပဲ။ ဒီ အာရုံလေး အသစ်ကလေးတစ်ခုကို ရယူလိုက်တဲ့ သဘောလေးလောက်သာ ဖြစ်တယ်ပေါ့။

★ အဲတော့ စက္ခုဝိညာဏ်စိတ်သည် အမျိုးသားကို မြင်ရသလား အမျိုးသမီးကို မြင်ရသလား ပန်းကို မြင်ရသလား အ၀တ်အထည်တွေကို မြင်ရသလားဆိုတော့ မမြင်ဘူး။ သူမြင်တာ ပုံရိပ်ကလေးပဲ မြင်တာ။ အဲဒီ ပုံရိပ်ကို ပုံဖော်တဲ့စိတ်တွေက နောက်ကဇော်စိတ်တွေနဲ့ သွားမှာ။ မနောဒွါရမှာ ဖြစ်တဲ့ စိတ်တွေကမှ ပုံဖော်တာ။

★ ဒါဘာဖြစ်လို့ ပြောတာတုန်းဆိုတော့ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ” လေးကို သဘောကျစေခြင်လို့ ပြောပြတာ။ ၀ိပဿနာရှုတဲ့အခါမှာ ဒီ ဒိဋ္ဌေဒိဋ္ဌမတ္တံလေးက အယူအဆလွဲမှား နေကြာတာလေးရှိတယ်နော်။

★ မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဒီနှစ်ခုပဲ ဟောလိုက်တယ်။ အလင်းဆိုတာ အကူအညီ၊ မနသိကာရဆိုတာ တံခါးဖွင့်ပေးရုံပေးတာ၊ အဓိကအကြောင်းကေတော့ ရူပါရုံလေးသည် ရိုက်ခတ်တာ ဘယ်သူ့မှာမှ လာရိုက်ခတ်တုန်းဆိုတော့ စက္ခုဝတ္ထုကို လာရိုက်ခတ်တယ်။ ရိုက်ခတ်လိုက်သည့်အတွက်ကြောင့် စက္ခုဝတ္ထုက စက္ခုဝိညာဏ်စိတ်လေး ပေါ်လာတယ်။

★ စည်ကို ဒုတ်နဲ့ ရိုက်လိုက်တဲ့အခါ စည်သံလေးဟာ မျက်နှာပြင်က ထွက်လာသလိုပဲ အဆင်းအာရုံက ဒုတ်လေးနဲ့တူတယ်။ စက္ခုဝတ္ထုဆိုတဲ့ စက္ခုပသာဒရုပ်လေးက စည်မျက်နှာပြင်နဲ့ တူတယ်။ အဲ့ဒီ စည်မျက်နှာပြင်လေးကို ရူပါရုံ အဆင်းအာရုံဆိုတဲ့ ဒုတ်လေးတဲ့ တချက်တီးလိုက်လို့ချင်ရင် အသံလေးထွက်လာသလိုပဲ စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်လို့ မြတ်စွာဘုရားက ဒီဟာကိုပဲ အဓိကထား ဟောခဲ့တာ။

★ နောက်အခြေအနေတခုက ပစ္စည်းတခုမြင်ရမယ်ဆိုရင် အလင်းလိုတယ်။ အမှောင်မြင်ရင် အလင်းမလိုဘူးပေါ့။ တခြားပစ္စည်းတခုကို မြင်မယ်ဆိုရင်တော့ အလင်းလိုတယ်။ မျက်စိတ်မှိတ်ပြီးတော့ ကြည့်ကြည့် မျက်စိထဲမှာ အပြင်ဘက်က တအားလင်းနေရင်လည်း လင်းတဲအရောင်တွေရတယ်။ တခုခုတော့ တွေ့နေတယ် မှိတ်ထားလည်း။

★ မြင်ပြီဆိုတဲ့အခါမှ မြင်လိုက်တာနဲ့ လက်ခံစဉ်းစားစိတ် ပေါ်တယ်။ အားလုံးဟာ စိတ်တွေကို ဆောင်ရွက်တဲ့ကိစ္စအနေနဲ့ နာမည်ပေးလိုက်တယ်။ သို့သော် အကျိုးစိတ် အကြောင်းစိတ် ပြုလုပ်စိတ်ဆိုပြီးတော့ အမျိုးစုံခွဲနိုင်တယ်။

★ သဘာဝလေးအတိုင်း အဖြူထည်အတိုင်း အဆင်းအာရုံလေးကို မြင်လိုက်တဲ့အခါမှာ ဒါလေးက လှလိုက်တာ ဆိုတာ မရှိသေးဘူ။ လောဘလည်း မလာဘူး၊ မသိဘူးဆိုတဲ့ မောဟလည်း မရှိဘူး။ ဒေါသလည်း မုန်းတယ်ဆိုတာလည်း မရှိသေးဘူး။ အဲ့ဒီအချိန်မှာ အဖြူထည် မဖြစ်ဘူးလား?

★ စက္ခုဝိညာဏ်ရဲ့ အသိလေးဟာ အဆင်းအာရုံအနေနဲ့ပဲသိတယ်။ ပစ္စည်းဝတ္ထု လူ မုန်းစရာ ခင်စရာ ဆိုတာတွေ ဘာတခုမှ မပါဘူးနော်။ သာမန်အသိလေးတင် ဖြစ်တာဆိုတော့ သူ့မှာ အဖြူထည် မဖြစ်ပေဘူးလား? အဲ့ဒါကို ဒိဋ္ဌေဒိဋ္ဌမတ္တံ လို့ပြောတာ။

★ စက္ခုဝိညာဏ်စိတ်လေးဟာ စက္ခုဝိညာဏ်စိတ်လေးရဲ့ အတိုင်းအတာသည် လောဘမပါဘူး၊ ဒေါသမပါဘူး၊ မောဟမပါဘူး။ ဒိဋ္ဌေ ဆိုတာ သူအနေနဲ့ မြင်လိုက်တဲ့ ပုံရိပ်ကလေးဟာ အဲ့ဒီမြင်လိုက်တဲ့ ပုံရိပ်ကလေးပေါ်မှာ ဒိဋ္ဌမတ္တံ စက္ခုဝိညာဏ်စိတ်ဖြစ်တဲ့ အတိုင်းအတာလေးတစ်ခုကို ဆိုလိုတယ်။

★ ဆိုလိုတာက လောဘမဖြစ်ဘူး၊ ဒေါသမဖြစ်ဘူး၊ မောဟမဖြစ်ဘူး။ ဒီတင် ရပ်ခိုင်းတာ ပြောတာမဟုတ်ဘူးနော်။ ဒိဋ္ဌေဒိဋ္ဌမတ္တံ အမြင်အာရုံနဲ့ ပက်သတ်ပြီးတော့ စက္ခုဝိညာဏ်စိတ်မှာ စိတ်ဖြစ်တဲ့ ပုံစံမျိုးလေးပဲ ဖြစ်ပါစေ။ ရှေ့မှာ လှလိုက်တာ မုန်းစရာကောင်းလိုက်တာ ဆိုတာတွေ မပါစေနဲ့။ မပါနဲ့လို့ပြောတာ၊ လောဘတွေ မဖြစ်နဲ့၊ ဒေါသတွေ မဖြစ်နဲ့၊ အမှန်မသိတဲ့ မောဟာတွေ မဖြစ်နဲ့။

★ အမြင်အာရုံကို အမြင်အာရုံလေးနဲ့ပဲ သူ့ဟာသူ ဒါလုပ်လို့ လွယ်သလားဆိုတော့ ကမ္မဋ္ဌာန်းရှုနေတဲ့ ပုဂ္ဂိုလ်အဖို့ဟာ ဒါဖြစ်လာတယ်။ ၀ိပဿနာကမ္မဋ္ဌာန်း ဒါ ရိုးရိုးရှုတာပဲ ဘာမှမဟုတ်ဘူး။

★ ဒိဋ္ဌေဒိဋ္ဌမတ္တံ နောက်တနည်းဖွင့်တာက ဒိဋ္ဌမတ္တ ဆိုတာ ဘယ်သူ့တွေကို ပြောတာတုန်းဆိုတော့ ကြည့် စက္ခုဝိညာဏ်စိတ်လေး အတိုင်းအတာမှာ လောဘလည်း မပါသေးဘူး၊ ဒေါသလည်း မပါသေးဘူး၊ မောဟလည်း မပါသေးဘူး။ ဘာဆိုဘာမှ မပါသေးဘူး။ အဖြူထည် သက်သက်ပဲ။

★ ပုံရိပ်လေးက ထင်တာကို သိလိုက်တာလေးပဲရှိတယ်။ အဲဒီအတိုင်းအတာပဲ သမ္ပဋိစ္ဆိုင်းကလည်း ဒီပုံရိပ်လေးကို လက်ခံလိုက်တာ၊ သန္တီရဏကလည်း ဒီပုံရိပ်လေးကို စူးစမ်းတဲ့အနေနဲ့ဖြစ်တယ်။ ၀ုဋ္ဌောက ဒီပုံရိပ်လေးကို ဆုံးဖြတ်တဲ့ အနေလေးနဲ့ဖြစ်တယ်။ ဆိုတော့ သူတို့လည်းပဲ စက္ခုဝိညာဏ်စိတ် အတိုင်းအတာအတိုင်း ကျော်သလား။ မကျော်ဘူး။

★ စက္ခုဝိညာဏ်စိတ်မှာ လောဘ မဖြစ်သလို၊ ဒေါသ မဖြစ်သလို သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော တို့ကလည်း လောဘ မဖြစ်ဘူး၊ ဒေါသ မဖြစ်ရဘူး၊ မောဟ မဖြစ်ရဘူး၊ မောဟ မဖြစ်ရဘူး၊ အဲ့ဒီ အတိုင်းအတာကို ရည်ညွှန်းပြီး ဒိဋ္ဌေဒိဋ္ဌမတ္တံ လို့ ဒီလိုပြောတာ။

★ ဒိဋ္ဌေ ဆိုတာက မြင်ရတဲ့ အဆင်းအာရုံကလေး၊ ဒိဋ္ဌမတ္တံ ဆိုတာ စက္ခုဝိညာဏ်စိတ်ရဲ့ အတိုင်းအတာ (သို့) သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော တို့ရဲ့ အတိုင်းအတာ။ မြင်သိစိတ်တွေရဲ့ အတိုင်းအတာပေါ့။ ဒိဋ္ဌေက မြင်အပ်တဲ့ အဆင်းအာရုံ၊ ဒိဋ္ဌမတ္တံက မြင်တတ်တဲ့ စက္ခုဝိညာဏ်စိတ်ရဲ့ အတိုင်းအတာ။

★ နောက်တခါ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော တို့ကလည်း စက္ခုဝိညာဏ်စိတ်ရဲ့အတိုင်းအတာနဲ့ သူတို့ကို ဒိဋ္ဌမတ္တ မြင်တဲ့စိတ်ကလေးရဲ့အတိုင်းအတာ။ အဲဒီ အတိုင်းအတာအတိုင်း နောက်ဖြစ်လာမယ့် ဇောစိတ်တွေမှာလည်း ဒီထက် မပိုစေနဲ့။

★ ကမ္မဋ္ဌာန်း ရှုမှတ်နေတဲ့ ပုဂ္ဂိုလ် တရားသဘောပဲသိနေမှာ မြင်လိုက်တဲ့ အဆင်းအာရုံသည် ဖြစ်ပြီး ပျက်သွားတာပဲကို သူကြည့်တယ်။ ဖြစ်ပြီး ပျက်သွားတာကိုပဲ ကြည့်နေသည့်အတွက်ကြောင့် ခုနက မုန်းစရာကောင်းတယ် ခင်မင်စရာ ကောင်းတယ်ဆိုတာ လာသေးလာ။ မလာဘူးဆိုရင် လောဘလည်း မလာဘူး၊ အဲဒီဇောစိတ်တွေ အတိုင်းအတာမှာလည်း ဒိဋ္ဌေဒိဋ္ဌမတ္တံ စက္ခုဝိညာဏ်စိတ်ရဲ့ အတိုင်းအတာ၊ စက္ခုဝိညာဏ်စိတ် အတိုင်းအတာအတိုင်း ဖြစ်သည့် ၀ုဋ္ဌောစိတ်ထိအတိုင်းအတာ။

★ အဲဒီအတိုင်း နောက်ဖြစ်သမျှ စိတ်တွေ ဒီအတိုင်းအတာထက် မကျော်ပါစေနဲ့ဆိုတာကို ဒိဋ္ဌေဒိဋ္ဌမတ္တံလို့ ခေါ်တယ်။ အဲ့ဒါကို နားလည်းမှု လွဲမှားပြီးတော့ ၀ီထိစိတ်ကို ၀ုဋ္ဌောတင်ရပ်ရမယ်လို့ အဲ့လိုဆိုလိုတာ မဟုတ်ဘူး။ ကိုယ်ရပ်ခြင်းတိုင်း ရပ်မရဘူး။

★ မာလုကျပုတ္တက မြတ်စွာဘုရား ဒီလို အကျဉ်းဟောတဲ့အခါ သူဘာပြန်လျှောက်လဲဆိုတော့ အရှင်ဘုရား တပည့်တော် အရှင်ဘုရားဟောတာကို ခုလိုနားလည်ပါတယ်လို့ ဆိုပြီး လျှောက်တယ်။ သူလျှောက်ပုံက အဆင်းအာရုံလေးကို မြင်လိုက်တဲ့အခါမှာတဲ့ သတိလက်လွတ် ဖြစ်ပြီးတော့တဲ့ လောဘတွေ ဒေါသတွေဖြစ်လာတယ်။ ဝေဒနာတွေ ခံစားရတယ်။

★ ခံစားရင် နောက်ဆုံးမှာ အကုသိုလ်တွေ ဖြစ်ပွားပြီး နိဗ္ဗာန်နဲ့ ဝေးသွားတယ်။ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အတိုင်း ကျင့်လိုက်မယ်ဆိုရင် သူဟာ အဆင်းအာရုံကို မြင်ပြီးတော့ သတိအမြဲတမ်းရှိနေတယ်။ သတိအမြဲတမ်း ရှိနေသည့်အတွက်ကြောင့် အာသ၀တွေ သူ့ရင်ထဲမှာ စီးဝင်မလာတော့ဘူး။

★ စီးဝင်မလာသည့်အတွက်ကြောင့် သူဟာ နိဗ္ဗာန်နဲ့ နီးသွားတယ်။ အဆင်းမြင်ပြီးတော့ လောဘ ဒေါသ မောဟ မဖြစ်တာကို သူလျှောက်တာနော်။ မြတ်စွာဘုရား တပည့်တော် အကျဉ်းကို ဒီလိုနားလည်ပါတယ်ဆိုတော့ မြတ်စွာဘုရားက ဟုတ်တယ် ငါပြောတာ အဲ့ဒါပဲ ဘုရားက အတည်ပြန်ပြုပေးတယ်ပေါ့။

★ ဆိုလိုတာကတော့ အဆင်းအာရုံကို ရှုမြင်ပြီးတဲ့အခါမှာ ထုံးစံအတိုင်းပဲ လောဘ မဖြစ်အောင်၊ ဒေါသ မဖြစ်အောင် ၀ိပဿနာဉာဏ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတာကိုပဲ ဒိဋ္ဌေဒိဋ္ဌမတ္တံ လို့ပြောတာ။

★ အသံကြားပြီးတဲ့ နောက်မှာလဲ အသံနောက်မှာ တွေးပြီး လောဘ ဒေါသ မောဟတွေ မဖြစ်ပဲနဲ့ ကြားတဲ့အတိုင်းအတာအတိုင်းမပိုဘဲနဲ့ ကောင်းတယ် ဆိုးတယ်ဆိုတာထိ စဉ်းစားမှုမလုပ်တော့ဘဲနဲ့ ၀ိပဿနာဉာဏ်နဲ့ ဖြစ်ပြီးရင် ပျက်တယ်ဆိုတဲ့ သဘောကို ရှုနေပြီး ရှုနေသည့်အတွက်ကြောင့် လောဘ ဒေါသတွေ မ၀င်လာတော့ဘူး။ အာသ၀တရား ဖြစ်မလာဘူးလို့ ဒီလိုဆိုလိုတာ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘အဘိဓမ္မာအနှစ်ချုပ်အပိုင်း (၃)ပို့ချချက် – (၁၈.၈.၂၀၁၇) – ပထမပိုင်း’ သင်တန်းတရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး သင်တန်းတရားတော်များနာယူရန်⤵️
https://www.thitsarparamisociety.com/dr-nandamarlabiwinsa-dhamma-lecture/

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

No comments:

Post a Comment