Tuesday, January 8, 2019

တမောတမသုတ် အကျဉ်းချုပ်

မြတ်ဗုဒ္ဓ ဟောကြား ဆုံးမတော် မူအပ်သော  ဆင်ခြင်ဖွယ်ကောင်းသော တမောတမသုတ် အကျဉ်းချုပ်
   
ရဟန်းတို့--လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည်
ထင်ရှားရှိကုန်၏၊

အဘယ်  လေးမျိုးတို့နည်း ဟူမူ--

၁။ အမှောင်၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာ
      ရှိသောပုဂ္ဂိုလ်၊

၂။ အမှောင်၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာ
     ရှိသောပုဂ္ဂိုလ်၊

၃။ အလင်း၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာ
     ရှိသောပုဂ္ဂိုလ်၊

၎။ အလင်း၌  ဖြစ်၍ အလင်းလျှင် လဲလျောင်းရာ
      ရှိသောပုဂ္ဂိုလ်၊  တို့တည်း။

ရဟန်းတို့--အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိသနည်း၊

ရဟန်းတို့--ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်၏၊ ဆင်းရဲ၏၊ ငြိုငြင်သဖြင့် အသက်မွေးရ၏၊
အဆင်းလည်း မလှ၊ ဆွံ့အသူ သော်လည်းကောင်းဖြစ်၏၊

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော ငရဲ၌ ဖြစ်ရ၏၊

ရဟန်းတို့--ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာ ရှိ၏၊

ရဟန်းတို့--အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍
အလင်းလျှင် လဲလျောင်းရာ ရှိသနည်း၊

ရဟန်းတို့--ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်၏၊ ဆင်းရဲ၏၊ ငြိုငြင်သဖြင့် အသက်မွေးရ၏၊ အဆင်းလည်းမလှ၊ ဆွံ့အသူ သော်လည်းကောင်း
ဖြစ်၏၊

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏၊

ရဟန်းတို့--ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာ ရှိ၏။

ရဟန်းတို့--အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာ ရှိသနည်း၊

ရဟန်းတို့--ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မြင့်မြတ်သောအမျိုး၌ ဖြစ်၏၊ များသော စည်းစိမ် ဥစ္စာရှိ၏၊ အဆင်းလည်း လှ၏၊

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှ နောက်၌ ချမ်းသာ ကင်းသော ငရဲ၌ဖြစ်ရ၏၊

ရဟန်းတို့--ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အမှောင်လျှင် လဲလျောင်းရာရှိ၏၊

ရဟန်းတို့--အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်း၌ဖြစ်၍
အလင်းလျှင် လဲလျောင်းရာ ရှိသနည်း၊

ရဟန်းတို့--ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မြင့်မြတ်သောအမျိုး၌ ဖြစ်၏ များသောစည်းစိမ် ဥစ္စာရှိ၏၊ အဆင်းလည်း လှ၏၊

ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏၊

ရဟန်းတို့--ဤသို့လျှင်ပုဂ္ဂိုလ်သည် အလင်း၌ ဖြစ်၍ အလင်းလျှင် လဲလျောင်းရာရှိ၏၊

ရဟန်းတို့--လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိ
ကုန်၏ ဟု(မိန့်တော်မူ၏)။

                    (အင်္ဂုတ္တိုရ်၊စတုက္ကနိပါတ်၊တမောတမသုတ်)

No comments:

Post a Comment