Wednesday, January 16, 2019

မြတ်စွာဘုရား၏ တရားဟောပုံ နည်းစနစ်

မြတ်စွာဘုရား၏ တရားဟောပုံ နည်းစနစ်
+++++++++++++++++++++++++++

မြတ်စွာဘုရားက တရားဟောတဲ့အခါမှာလည်း အဲဒီ တရားနာ ပုဂ္ဂိုလ်တွေရဲ. အလိုအကြိုက် အဇ္ဈာသယ ကို ကြည့်ရြှုပီး သင့်လျော်တဲ့တရား ကိုဟောတော်မူတယ် ။

“အလိုအဇ္ဈာသယ နှင့် ကိုက်အောင်ဟောတယ်” ဆိုတာက အင်မတန်အရေးပါ အရာရောက်ပါတယ်၊

-----------

မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက “အရှင် စူဠပန္ထက” ဆိုတာရှိတယ် ။ အက္ခရာ ၄၄ လုံးသာရှိတဲ့ ဂါထာကလေးတစ်ပုဒ် ကို လေးလပတ်လုံး သင်လို့တောင်မရနိုင်ဘူးတဲ့၊ ဒါကြောင့် သူ့အစ်ကိုဖြစ်သူ မဟာပန္ထက မထေရ် က နှင်ထုတ်လိုက်တယ်၊

မြတ်စွာဘုရားက မိမိထံ ခေါ်ယူလာပြီးတော့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို ပေးတယ်၊ အ၀တ်ပိုင်းကလေးတစ်ခုကို  ရဇောဟရဏံ - မြူအညစ်အကြေးကို ဆောင်တတ်သည် ၊ ရဇောဟရဏံ - မြူအညစ်အကြေးကို ဆောင်တတ်သည် ၊” လို့ရွတ်ဆိုပြီး လက်နဲ့ ဆုပ်နယ်နေရန် ညွှန်ကြားတော်မူတယ် ၊

အဲဒီ ညွှန်ကြားချက်အတိုင်း “ရဇောဟရဏံ ရဇောဟရဏံ ” လို့ဆိုပြီး အ၀တ်ပိုင်းကို ဆုပ်နယ်နေရင်း မိမိသန္တာန် က ရုပ်နာမ်တွေရဲ. သဘောကို သိမြင်ပြီး ရဟန္တာဖြစ်သွားတယ် ၊ အဲဒါဟာ ဘာမှ မကြာဘူး ၊ အလွန်ဆုံး ၂-နာရီ ၃-နာရီ လောက်ရှိမှာပေါ့ ၊

ဒီလို လွယ်လွယ်နဲ့ တရားရသွားတာဟာ အဇ္ဈာသယ နှင့် ကိုက်အောင်ဟောကြား ညွှန်ပြပေးလို့ပါပဲ ။

----------

အရှင်သာရိပုတ္တရာ ၏ တပည့် ရဟန်းတစ်ပါးဟာလည်း အရှင်သာရိပုတ္တရာ ပေးတဲ့ အသုဘကမ္မဋ္ဌာန်း  ကို ၄-လပတ်လုံး အားထုတ်သော်လည်း ဘာမှ ခရီးမရောက်ဘဲ ရှိနေသတဲ့ ၊

ဒါနဲ့ အရှင်သာရိပုတ္တရာက အဲဒီ ရဟန်းကို မြတ်စွာဘုရားထံ အပ်တယ် ၊ မြတ်စွာဘုရားက ရွှေပဒုမ္မာကြာပန်းကို ဖန်ဆင်းပြီး ပေးတယ် ၊ အဲဒီ ရဟန်းက ဘ၀ပေါင်း ငါးရာတိုင်တိုင် တစ်ဆက်တည်း ရွှေပန်းထိမ်ဆရာကြီး ဖြစ်လာခဲ့သတဲ့ ။ ဒါကြောင့် သူက အသန့်အပြန့် ကြိုက်နေတဲ့အတွက် အသုဘကမ္မဋ္ဌာန်းမှာ စိတ်မ၀င်စားဘဲ ရွှေကြာပန်းကျတော မြင်လျှင် မြင်ချင်း စိတ်ကြည်လင်ပြီး အဲဒီကြာပန်းကို ကြည့်ရှုနေရင်း ဈာန်ကိုလည်း ရတယ်၊

အဲဒီ ကြာပန်းကို မြတ်စွာဘုရားက ညှိုးအောင် ဖန်ဆင်းလိုက်တော့ ရွှေကြာပန်းညှိုးတာကို မြင်ရာမှစပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို သိမြင်သွားသတဲ့၊ အဲဒီအခါမှာ မြတ်စွာဘုရားက သင့်လျော်တဲ့ ဂါထာ ကလေးတစ်ပုဒ် ဟောကြားတော်မူတယ်။ ထိုဂါထာကို ကြားနာရသည့် အဆုံးမှာ အဲဒီရဟန်းဟာ ရဟန္တာဖြစ်သွားပါတယ်တဲ့။

---

အရှင်ဆန္နမထေရ်ဟာ တရားအားထုတ်ရင်း အချိုးမကျနိုင်ဘဲ ဖြစ်နေတဲ့အတွက် အရှင်အာနန္ဒာထံမှာ သြ၀ါဒခံယူတယ် ၊ ဒီတော့ အရှင်အာနန္ဒာက အရှင်ဆန္နကို -“ အရှင်ဟာ တရားကို သိထိုက်တဲ့ ဘဗ္ဗပုဂ္ဂိုလ် ဖြစ်ပါတယ်” လို့အားပေးစကား ပြောကြားတယ် ၊

အဲဒီ အားပေးစကားကို ကြးရတာနဲ့ အရှင်ဆန္နမှာ အားတက်ပြီး ပီတိ ပါမောဇ္ဇတွေဖြစ်သွားတယ်၊ အရှင်အာနန္ဒာ ဟောတဲ့တရားကို ကြားပြီး တရားထူးကိုလည်း ရသွားသတဲ့ ၊

အဲဒါတွေဟာ သင့်လျော်တဲ့ ညွှန်ကြားချက် တရားစကား ကြားနာရလို့ တရားထူး ရသွားကြ ပုံတွေပါပဲ၊ ဒါကြောင့် အဇ္ဈာသယ နှင့် ကိုက်ညီတဲ့ တရားကို ဟောတာဟာ အလွန်ပဲ အရေးပါ အရာရောက်ပါတယ်။

=============

(မဟာစည်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသည်)

No comments:

Post a Comment