Sunday, January 6, 2019

ပစ္စည်းဥစ္စာတွေ ရှိပါသော်လည်း မသုံးရက် မစွဲရက်တာ ဘာကြောင့်လဲ

"ပစ္စည်းဥစ္စာတွေ  ရှိပါသော်လည်း
မသုံးရက် မစွဲရက်တာ ဘာကြောင့်လဲ''

သူတော်ကောင်းတွေဟာ လှူပြီဆိုလို့ရှိရင် အလှူခံပုဂ္ဂိုလ်တွေကို ချီးမြောက်တဲ့စိတ်နဲ့ လှူလေ့ရှိတယ်။

ကိုယ်က အသာစီးနဲ့လှူတာ မဟုတ်ဘူး။ ငါလှူထားတာ။ ငါကျွေးနိုင်တယ်။ ငါကျွေး တယ်ဆိုတဲ့ အပေါ်စီးနဲ့ မဟုတ်ဘူး။

လှူကတည်းက ကိုယ်ကနေပြီးတော့ ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာဖြစ်တယ်။

အလှူခံပုဂ္ဂိုလ်တွေ ဝဝလင်လင် စားသောက် ရလို့ စိတ်ချမ်းသာမှုတွေ ရကြပါစေ။ သူတို့ အဆင်ပြေကြပါစေ။

နေရေးထိုင်ရေး အဆင်ပြေကြပါစေ၊ စားရေးသောက်ရေး အဆင်ပြေကြပါစေ။

အဲဒီလို အလှူခံပုဂ္ဂိုလ်တွေကို ပူဇော်လို ချီးမြှောက်လိုတဲ့ စိတ်မျိုးနဲ့ လုပ်ရမယ်။

လှူတယ်ဆိုကတည်းက ပူဇော်တဲ့စိတ်နဲ့ လှူဖို့ ချီးမြှောက်တဲ့စိတ်နဲ့ လှူဖို့ သူ့ကို ကူညီတယ် ဆိုတဲ့ စိတ်ထားမျိုးနဲ့ လှူဖို့ လိုအပ်တယ်။

အဲဒီလိုလှူလိုက်ရင် ဒါနရဲ့အကျိုး ရလာတဲ့အခါ မှာ လူတွေဟာ မွန်မွန်မြတ်မြတ် ပစ္စည်းတွေကို သုံးဆောင်လိုတဲ့စိတ် ဖြစ်ပေါ်လာတယ်။

ငယ်ငယ်တုန်းကတော့ တွေ့တယ်။ တစ်ခါ
တစ်ခါ ပိုက်ဆံချမ်းသာတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေ …

သို့သော်လည်း ဝတ်ထား စားထားတာ ဆင်းရဲသားလို ဝတ်ထား စားထားတယ်။ ဆင်းဆင်းရဲရဲ သူဆင်းရဲကြီးလို နေတယ်။

သို့သော် ပိုက်ဆံ ငွေကြေးတွေ စိန်တွေ တော်တော်များများ ရှိတယ်။

ပတ်ဝန်းကျင်က ကြည့်မယ်ဆိုရင် နှမျော လိုက်ကြတာပေါ့။ နှမျောလို့ မသုံးတာလို့ ဒီလိုထင်တယ်။ နှမျောလို့ချည်း မဟုတ်ဘူး။

ဒါနကောင်းမှုလုပ်ခဲ့တဲ့ အချိန်တုန်းက အလှူခံ ပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာ မဟုတ်ဘူး။

အားပေးလိုတဲ့စိတ်နဲ့လှူတာ မဟုတ်ဘူး။
မပေးချင် ပေးချင် ပေးတာမျိုးတွေ ဖြစ်လာတယ်။

အဲဒါကြောင့် ရလာတဲ့အခါလည်း ကိုယ်မစားချင် မသောက်ချင် ဖြစ်လာတယ်။ ဒါလည်း သတိထား စရာကောင်းတယ်။

ကိုယ်ရထားတဲ့ပစ္စည်းတောင် ကိုယ်က မသုံးရက် ဘူး ဖြစ်လာတယ်။ နှမျောတာ သက်သက် မဟုတ်ဘူး။ ဒါနကောင်းမှုကြောင့်…

လုပ်တုန်းက မစင်ကြယ်သည့်အတွက်ကြောင့် မသုံးရဲဘူး၊ မသုံးချင်ဘူး။ စိတ်ကိုက မပါဘူးလို့ ဒီလိုဆိုလိုတယ်။

စိတ်မပါရုံတင် မကဘူး၊ တစ်ချို့ဆို အကောင်းနဲ့ မတည့်တဲ့လူကလည်း ရှိသေးတယ်။

အကုသိုလ်ဆိုတာ အလွန်ကြောက်စရာကောင်း တယ်။ စိတ်သဘောထားပေါ်မှာ မူတည်တယ်။

အကောင်းတွေ ရှိနေပေမယ်လို့
အကောင်းနဲ့ မတည့်ဘူး။

အဲဒီလို အကောင်းနဲ့မတည့်တော့ ကိုယ် အကောင်းစားရသလားဆို မစားရဘူး။
အဲဒီလို ဖြစ်တတ်တယ်။

နေအိမ်ကောင်းကောင်း မနေရဘူး။ ကားကောင်းကောင်း မစီးရဘူး။

အဝတ်ကောင်းကောင်း မဝတ်ရဘူး။
အဲဒါမျိုးတွေ ဖြစ်လာတတ်တယ်။

ဒါကြောင့်မို့လို့ အလှူခံပုဂ္ဂိုလ်တွေကို
ချီးမြှောက်လိုတဲ့ စိတ်နဲ့ထား။

တစ်ဖက်သားဟာ ရွှင်လန်းသွားအောင် အား တက်သရော ဖြစ်လာအောင် တစ်ဖက်သားကို ပံ့ပိုးကူညီပေးတဲ့ဒါနမျိုးသာ ဖြစ်သင့်တယ်။

ဒါ သူတော်ကောင်းတွေ လှူလေ့ရှိတဲ့ "ဒါန"

ပါမောက္ခချုပ်ဆရာတော်

No comments:

Post a Comment