Wednesday, January 9, 2019

အနေကဇာတင်နည်း (၂)မျိုး

(အနေကဇာတင်နည်း (၂)မျိုးနှင့်စပ် မသိကြသေးသော ညီနောင်သံဃာတော်အရှင်မြတ်များအတွက် ဝေမျှ ဓမ္မဒါနပါဘုရား)

  “ ဘုရားအနေကဇာတင်” ကြသည့်အခါ မဟာဝါပါဠိတော်လာနည်း, ဥဒါန်းပါဠိတော်လာနည်း ဟူ၍ နည်း(၂)မျိုး ရှိပေသည်။ ထို(၂)မျိုးတို့တွင် မဟာဝါပါဠိတော်နည်းမှာ----
     
        စိတ်တော်ဖြင့်ကျုးရင့်သော မနသာဥဒါန်းဖြစ်သော “အနေကဇာတိသံသာရံ” စသောဥဒါန်း ၊ပဋိစ္စသမုပ္ပါဒ်အနုလုံ ,ပဋိလုံဆင်ခြင်ပုံနှင့် ဝမ်းမြောက်တော်မူလွန်း၍ နှုတ်တော်ဖြင့်ကျုးရင့်သော
“ယဒါ ဟဝေ” ပထမဂါထာ။
ပဋိစ္စသမုပ္ပါဒ်အနုလုံ ,ပဋိလုံဆင်ခြင်ပုံနှင့် ဝမ်းမြောက်တော်မူလွန်း၍ နှုတ်တော်ဖြင့်ကျုးရင့်သော
“ယဒါ ဟဝေ” ဒုတိယဂါထာ။
ပဋိစ္စသမုပ္ပါဒ်အနုလုံ ,ပဋိလုံဆင်ခြင်ပုံနှင့် ဝမ်းမြောက်တော်မူလွန်း၍ နှုတ်တော်ဖြင့်ကျုးရင့်သော
“ယဒါ ဟဝေ” တတိယဂါထာ တို့ ဖြစ်ပါသည်။

                    ဥဒါန်းပါဠိတော်နည်းမှာ-------
     စိတ်တော်ဖြင့်ကျုးရင့်သော မနသာဥဒါန်းဖြစ်သော “အနေကဇာတိသံသာရံ” စသောဥဒါန်း ၊ ပဋိစ္စသမုပ္ပါဒ်အနုလုံဆင်ခြင်ပုံနှင့် ဝမ်းမြောက်တော်မူလွန်း၍ နှုတ်တော်ဖြင့်ကျုးရင့်သော “ ယဒါ ဟဝေ” ပထမဂါထာ။
ပဋိစ္စသမုပ္ပါဒ်ပဋိလုံဆင်ခြင်ပုံနှင့် ဝမ်းမြောက်တော်မူလွန်း၍ နှုတ်တော်ဖြင့်ကျုးရင့်သော “ ယဒါ ဟဝေ” ဒုတိယဂါထာ။
ပဋိစ္စသမုပ္ပါဒ်အနုလုံပဋိလုံဆင်ခြင်ပုံနှင့် ဝမ်းမြောက်တော်မူလွန်း၍ နှုတ်တော်ဖြင့်ကျုးရင့်သော “ ယဒါ ဟဝေ” တတိယဂါထာ တို့ ဖြစ်ပါသည်။

  ထိုကဲ့သို့မတူကွဲပြား ခြားနားနေပုံကို မဟာဝါအဋ္ဌကထာ, ဥဒါန်းအဋ္ဌကထာများမှာ ဖွင့်ပြထားပါသည် ဘုရား။ ထိုထဲမှ မဟာဝါအဋ္ဌကထာလာ စကားရပ်တို့ကို  သိမှတ်ဖွယ်ရာအဖြစ် ဝေငှ ပေးပါ့မည်ဘုရား။

                         {အကျဉ်းဆုံး သိမှတ်ဖွယ်ရာ}
     မဟာဝါပါဠိတော်၌ ညဥ့်၏ပထမပိုင်း ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ, ပဋိလုံ ဆင်ခြင်တော်မူကြောင်း,
ညဥ့်၏ဒုတိယပိုင်း သန်းခေါင်ယာမ် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ, ပဋိလုံ ဆင်ခြင်တော်မူကြောင်း ,
ညဥ့်၏တတိယ နောက်ပိုင်း ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ, ပဋိလုံ ဆင်ခြင်တော်မူကြောင်း ဟောတော်မူသည်ကား ကဆုန်လပြည့်နေ့ဘုရားဖြစ်တော်မူပြီး၍  ကဆုန်လပြည့်ကျော်(၁)ရက်နေ့ညဥ့်၌ ဆင်ခြင်တော်မူသည်ကို ရည်ရွယ်၍ ဟောတော်မူခြင်း ဖြစ်ပါသည်။

  ဥဒါန်းပါဠိတော်၌ ညဥ့်၏ပထမပိုင်း ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ဆင်ခြင်တော်မူကြောင်း, ညဥ့်၏ဒုတိယပိုင်း သန်းခေါင်ယာမ် ပဋိစ္စသမုပ္ပါဒ်ကို ပဋိလုံ ဆင်ခြင်တော်မူကြောင်း,
ညဥ့်၏တတိယ နောက်ပိုင်း ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ,ပဋိလုံ ဆင်ခြင်တော်မူကြောင်း ဟောတော်မူသည်ကား ပလ္လင်္ကသတ္တာဟ ပြည့်မြောက်သည့် (၇)ရက်မြောက်ညဥ့်၌ ဆင်ခြင်တော်မူသည်ကို ရည်ရွယ်၍ ဟောတော်မူခြင်း ဖြစ်ပါသည်။
  ဤသို့ ကာလအားဖြင့်မတူပုံကို အကျဉ်းဆုံးအားဖြင့် မှတ်သားဖွယ်ရာ ဝေငှရပါသည်ဘုရား။ ဒီလောက်ဆိုလည်း အဓိပ္ပာယ်သဘောသွား အနှစ်ချုပ်ကို သိမှတ်ရသော်ငြား အဋ္ဌကထာလာ စာသားကို  ရေးပြပါဦးမည်ဘုရား။

                       {မဟာဝါ အဋ္ဌကထာလာ ဖြေရှင်းချက် စကားရပ်}

   ဧဝမေတ္ထ ပဌမံ ဥဒါနံ ပစ္စယာကာရပစ္စဝေက္ခဏဝသေန, ဒုတိယံ နိဗ္ဗာနပစ္စဝေက္ခဏဝသေန, တတိယံ မဂ္ဂပစ္စဝေက္ခဏဝသေန ဥပ္ပန္နန္တိ ဝေဒိတဗ္ဗံ။ ဥဒါနေ ပန ‘‘ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမံ, ဒုတိယံ ယာမံ ပဋိလောမံ, တတိယံ ယာမံ အနုလောမပဋိလောမ’’န္တိ ဝုတ္တံ၊ တံ သတ္တာဟဿ အစ္စယေန ‘‘သွေ အာသနာ ဝုဋ္ဌဟိဿာမီ’’တိ ရတ္တိံ ဥပ္ပါဒိတမနသိကာရံ သန္ဓာယ ဝုတ္တံ။ တဒါ ဟိ ဘဂဝါ ယဿ ပစ္စယာကာရပဇာနနဿ စ ပစ္စယက္ခယာဓိဂမဿ စ အာနုဘာဝဒီပိကာ ပုရိမာ ဒွေ ဥဒါနဂါထာ, တဿ ဝသေန ဧကေကမေဝ ကောဋ္ဌာသံ ပဌမယာမဉ္စ မဇ္ဈိမယာမဉ္စ မနသာကာသိ, ဣဓ ပန ပါဋိပဒရတ္တိယာ ဧဝံ မနသာကာသိ။ ဘဂဝါ ဟိ ဝိသာခပုဏ္ဏမာယ ရတ္တိယာ ပဌမယာမေ ပုဗ္ဗေနိဝါသံ အနုဿရိ, မဇ္ဈိမယာမေ ဒိဗ္ဗစက္ခုံ ဝိသောဓေသိ, ပစ္ဆိမယာမေ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသိ ကတွာ ‘‘ဣဒါနိ အရုဏော ဥဂ္ဂမိဿတီ’’တိ သဗ္ဗညုတံ ပါပုဏိ။ သဗ္ဗညုတပ္ပတ္တိသမနန္တရမေဝ စ အရုဏော ဥဂ္ဂစ္ဆိ။ တတော တံ ဒိဝသံ တေနေဝ ပလ္လင်္ကေန ဝီတိနာမေတွာ သမ္ပတ္တာယ ပါဋိပဒရတ္တိယာ တီသု ယာမေသု ဧဝံ မနသိ ကတွာ ဣမာနိ ဥဒါနာနိ ဥဒါနေသိ။ ဣတိ ပါဋိပဒရတ္တိယာ ဧဝံ မနသိ ကတွာ တံ ‘‘ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒီ’’တိ ဧဝံ ဝုတ္တသတ္တာဟံ တတ္ထေဝ ဝီတိနာမေသိ။
(ဝိ။၃။ဋ္ဌ)

   ဤ“ယဒါ ဟဝေ” စသောဥဒါန်းသုံးမျိုးတို့တွင် ပထမဥဒါန်းသည် ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပြီ။ ဒုတိယဥဒါန်းသည် နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပြီ။ တတိယဥဒါန်းသည် မဂ်ကို ဆင်ခြင်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပြီ။

    စကားဆက်ကိုပြပါဦးအံ့။ ဥဒါန်းပါဠိတော်၌ ‘‘ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမံ, ဒုတိယံ ယာမံ ပဋိလောမံ, တတိယံ ယာမံ အနုလောမပဋိလောမ’ံ’ဟူ၍ မိန့်ဆိုအပ်သောစကားကို (၇)ရက် လွန်ရာအခါ မနက်ဖြန်ခါ“ နေရာမှထတော်မူအံ့” ဤသို့ ဆိုထိုက်ရာနေ့၏ ညဥ့်မှာ (ပလ္လင်္ကသတ္တာဟ ပြည့်မြောက်ရာ (၇)ရက်မြောက် ညဥ့်မှာ) ဖြစ်စေအပ်သော နှလုံးသွင်းဆင်ခြင်တော်မူခြင်းကို ရည်ရွယ်၍ ဟောတော်မူအပ်ပြီ။ ထိုစကားကို ခိုင်မြဲစေသော စကားရပ်ကား ထိုအခါမှာ မြတ်စွာဘုရားသည် အနုလုံကိုသိတော်မူခြင်း၏လည်းကောင်း, ပဋိလုံကို သိတော်မူခြင်း၏လည်းကောင်း အာနုဘော်ကိုပြတတ်ကုန်သော ရှေးဥဒါန်း(၂)ဂါထာတို့သည် ရှိကြကုန်၏။ ထိုအနုလုံကိုသိတော်မူခြင်း၏လည်းကောင်း, ပဋိလုံကို သိတော်မူခြင်း၏လည်းကောင်း အစွမ်းဖြင့် အနုလုံပဋိလုံတို့မှာ တစ်ခုတစ်ခုသာလျှင်ဖြစ်သောအဖို့အစုကို ပထမယာမ်ပတ်လုံးလည်းကောင်း ဒုတိယယာမ်ပတ်လုံးလည်းကောင်း နှလုံးသွင်းတော်မူလေပြီ။

  ဤမဟာဝါခန္ဓက၌ကား ကဆုန်လပြည့်ကျော်(၁)ရက်နေ့ ညဥ့်မှာ ဤသို့ နှလုံးသွင်းတော်မူလေပြီ။
ပေါ်လွင်စေရန် ချဲ့၍ဆိုပါဦးမည်။ မြတ်စွာဘုရားသည် ကဆုန်လပြည့်ညဥ့် ပထမယာမ်မှာ ပုဗ္ဗေနိဝါသကို အစဉ်လျောက်၍အောက်မေ့ , ဒုတိယယာမ်မှာ ဒိဗ္ဗစက္ခုကို သုတ်သင်, တတိယယာမ်မှာ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ ဆင်ခြင်၍ ယခုအခါ အရုဏ်တက်တော့မည်ဟု ဆိုထိုက်ရာအခါမှာ သဗ္ဗညုအဖြစ်သို့(သဗ္ဗညုတဉာဏ်တော်သို့) ရောက်တော်မူလေပြီ။ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း၏ အခြားမဲ့၌သာလျှင် အရုဏ်တက်လေပြီ။ ထိုသဗ္ဗညုအဖြစ်သို့ ရောက်ရာအခါ (အရုဏ်တက်အခါ)မှ ထိုကဆုန်လပြည့်ကျော်(၁)ရက်ကို ထက်ဝယ်ပလ္လင်ဖြင့်သာလျှင် လွန်စေတော်မူ၍ ကဆုန်လပြည့်ကျော်(၁)ရက်နေ့ညဥ့်ရောက်ရာအခါမှာ ညဥ့်သုံးယာမ်တို့မှာ ဤသို့ ပဋိစ္စသမုပ္ပါဒ်ကို နှလုံးသွင်းတော်မူ၍ ဤဥဒါန်းဂါထာတို့ကို ကျုးရင့်တော်မူလေပြီ။
ဤသို့လျှင် ကဆုန်လပြည့်ကျော်(၁)ရက်နေ့ ညဥ့်မှာ ဤသို့နှလုံးသွင်းတော်မူပြီး၍ “ဗောဓိပင်တော်ရင်းမှာ ခုနှစ်ရက်ပတ်လုံး ထက်ဝယ်ပလ္လင်ဖြင့် နေတော်မူပြီ” ဟူ၍ သင်္ဂါယနာတင် မထေရ်တို့မိန့်အပ်သော ထိုခုနှစ်ရက်ကို ဗောဓိပင်၏အနီး၌ပင် လွန်စေတော်မူပြီ။

(ဤနေရာမှာ သာရတ္ထဋီကာ စကားရပ်ကိုလည်း ပို၍ပေါ်လွင်ရန် ဝေငှပေးပါဦးမည်ဘုရား။ ပါဠိသားများကိုတော့ စာရှည်မည်စိုးပါ၍ ချန်ထား မြန်မာပြန်မျှသာ ဝေမျှပါမည်ဘုရား။)

                  {သာရတ္ထဋီကာလာ ဖြေရှင်းချက်}
  ဥဒါန်းပါဠိတော်၌ “ ရတ္တိယာ ပဌမံ ယာမံ” စသည်ကို (၇)ရက်လွန်၍ နက်ဖြန်ခါ ထတော့အံ့ဟု ဆိုထိုက်ရာညဥ့်  (ပလ္လင်္ကသတ္တာဟပြည့်မြောက်ရာ (၇)မြောက်ညဥ့်) မှာ ဖြစ်ပေါ်လာသော နှလုံးသွင်း ဆင်ခြင်မှုကို ရည်ရွယ်၍ ဟောတော်မူသည်။ ဤပါဠိတော်၌ကား ကဆုန်လပြည့်ကျော်(၁)ရက်နေ့မှာ ဘုရားအဖြစ်သို့ရောက်တော်မူ၍ လပြည့်ကျော်(၁)ရက်နေ့ ညဥ့်မှာ ဆင်ခြင်တော်မူပုံကို ရည်ရွယ်၍ ဟောတော်မူပါသည်။ (ကဆုန်လပြည့်ကျော်(၁)ရက်နေ့ ညဥ့်သုံးယာမ်ပတ်လုံး အနုလုံပဋိလုံ နှစ်မျိုးစုံ ဆင်ခြင်တော်မူပါသည်။)
  ထိုစကားရပ်ကို ပေါ်လွင်စေရန် ချဲ့၍ ဆိုပါဦးအံ့။ ဘုရားရှင်သည် ရတနာဃရသတ္တာဟမှတစ်ပါး ကြွင်းသော သတ္တာဟ(၆)မျိုးတို့မှာ အကြားအကြားတွင် တရားတော်ကို ဆင်ခြင်တော်မူကာ များသောအားဖြင့် ဝိမုတ္တိသုခကို ခံစားတော်မူလျှက် သီတင်းသုံးတော်မူ၍ ရတနာဃရသတ္တာဟ၌ကား အဘိဓမ္မာကို ဆင်ခြင်တော်မူခြင်း၏ အစွမ်းဖြင့်သာလျှင် သီတင်းသုံးတော်မူပါသည်။ ထို့ကြောင့် အကြားအကြားမှာ တရားကို ဆင်ခြင်တော်မူခြင်း၏အစွမ်းဖြင့် ဖြစ်ပေါ်လာသော နှလုံးသွင်းမှုတို့တွင် ကဆုန်လပြည့်ကျော်(၁)ရက်နေ့ညဥ့်၌ ဖြစ်ပေါ်လာသော နှလုံးသွင်းမှုကို ရည်ရွယ်၍ ဤမဟာဝါခန္ဓကပါဠိတော်၌ ဤသို့ မိန့်ဆိုပါသည်။

သာယာချမ်းမြေ့ကြပါစေဘုရား ပရိယတ်ပဋိပတ်ဝန်များ ကျန်းမာစွာဖြင့် ဆောင်ရွက်နိုင်ပါစေကြောင်းကိုလည်း ထပ်ဆင့်ကာ မေတ္တာအပေါင်းပို့သအပ်ပါသည်ဘုရား။

No comments:

Post a Comment