Friday, January 4, 2019

သေနည်းသင်

#သေနည်းသင်

"အောင်မလေး နာလှချည်ရဲ့ဘုရား၊နာလှချည်ရဲ့ဘုရား"

အရှင် ဖဂ္ဂုန ရဟန်းနေမကောင်းဖြစ်နေရာမှ
အရှင်မြတ်စွာ ဘုရားကိုယ်တော်မြတ်ကြီးအား
အားကိုးတကြီးလျှောက်တော်မူလေ၏။

အရှင် ဖဂ္ဂုန ကိုယ်တော်မှဆက်၍"တပည့်တော် ဦးထိပ် ကို ဓါးကလေးနဲ့ စိုက်မွှေနေသလိုပဲဘုရား၊ ဦးခေါင်းကို သားရေဖြင့် ရစ်ပတ်ဖွဲ့ပြီး ကျပ်စည်းနေသလိုပါပဲဘုရား၊နွားသတ်သမား ၏သားလှီးဓါးနဲ့ တပည့်တော်ရဲ့ ၀မ်းဗိုက်ကို လှီးဖြတ်နေသလိုပါပဲဘုရား ... ၊

အားကောင်းတဲ့လူကြီးနှစ်ယောက်က လူငယ်တစ် ယောက်ကို ခြေရင်းခေါင်းရင်းကိုင်ရင် မီးကင်နေသလို ပူလှချည်ရဲ့ဘုရား"

... စသဖြင့် ရှင်ဖဂ္ဂုနကိုယ်တော် ပျံလွန်တော်မူခါနီး ခံစား ကြုံတွေ့နေရတဲ့ဝေဒနာကို ငြီးတွားလျှောက်တော်မူလေ၏။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက...,

"#ဖဂ္ဂုနရဟန်း.. #ဝေဒနာခွာ၍ #အပျက်မြင်အောင်ရှု၊

#ဝေဒနာနှင့်_ငါ_မရောစေနဲ့ ၊

#ဝေဒနာဟာ_သူ့သဘောနဲ့သူရှိပါစေ" ဟု..

ဝေဒနာခွာပုံ ခွာနည်းတို့ကို အတိအကျ ဟောပြောတော်မူကာ ကျောင်းတော်သို့ ပြန်လည် ကြွတော်မူ လေ၏။ များမကြာမီ ဖဂ္ဂုနကိုယ်တော် ပျံလွန်တော်မူရှာလေ၏ ... ။

အရှင်အာနန္ဒာက"မြတ်စွာဘုရား ဖဂ္ဂုနရဟန်းပျံတော်မူတာ အတော်ဆန်းတယ်ဘုရား၊

#ဣနြေ္ဒတွေကြည်လင်နေကြတယ်၊

#မျက်စိတွေကလဲ_ခွက်ဝင်မသွားကြဘူး၊

#နားရွက်တွေကလဲ_မလန်ကုန်ဘူး

#နှာခေါင်းကလဲ_ပုဝင်မသွား၊

#ခန္ဓာကိုယ်ကလဲ #စိုစိုပြေပြေပါပဲ_ပြီးတော့

#ခြေလက်တွေလဲ #ပျော့ပျော့ပျောင်းပျောင်းပဲ_ဘုရား……..

#ညာဘက်ကိုလဲ #ခေါင်းကလေးစောင်းနေတယ်ဘုရား"

ဟု...  မြတ်စွာဘုရားထံလျှောက်တော်မူလေ၏။

မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက -
"ဖဂ္ဂုနရဟန်းဟာ ငါဘုရားရဲ့တရားတွေကို နာရပြီးတော့ နှလုံးသွင်းမှန်လို့ အောက်သံယောဇဉ်ငါးပါးကို
ပယ်ရှားသွားတဲ့ (အနာဂါမ်) ပုဂ္ဂိုလ်ပဲကွဲ့"…

" ရဟန်းတို့...... တချိန်ချိန်မှာ အရေးကြုံရရင် ဝေဒနာခွာ၍ အပျက်မြင်အောင်ရှုရင်...

(၁)ဤသာသနာတော်၌ရဟန်းမှာပျံလွန်တော်မူခါနီးတွင် ဘုရားကြွလာ၍ တရားဟောတော်မူ၏၊ထိုတရားကိုနာရပြီး နှလုံးသွင်းမှန်ရင် အောက်သံယောဇဉ် ငါးပါးပယ်ရှားနိုင်တယ်။

ဒါမှမဟုတ် -
(၂) ထိုရဟန်းပျံလွန်တော်မူခါနီးတွင် ဘုရားရဲ့ သာဝကများကြွလာ၍ တရားဟောတော်မူ၏။ထိုတရားကိုနာရပြီး နှလုံးသွင်းမှန်ရင် အောက်သံယောဇဉ်ငါးပါးပယ်ရှားနိုင်ပါတယ်။

ဒါမှမဟုတ် -
(၃) ဘုရားလည်းကြွ၍ မလာ၊ ဘုရားရဲ့ သာဝက ကလည်း ကြွ၍မလာ ၊ သို့သော် တရားတော်တွေကို နာကြားဖူးသည့်အတိုင်း တရားနှလုံးသွင်းမှန်ရင်လည်း အောက်သံယောဇဉ်ငါးပါးပယ်ရှားနိုင်ပါ တယ်။

အောက်သံယောဇဉ်ငါးပါးကုန်ပြီးသားသူ ဖြစ်ပါကလည်း အထက်သံယောဇဉ်များကုန်သွားနိုင်ပါသည် " ဟု
ဟောကြား ချီးမြှင့်တော်မူလေ၏။

#ဝေဒနာခွာ၍  #အပျက်မြင်အောင်ရှု
--------------------------------------

- ဒါက ဘယ်လို ပုဂ္ဂိုလ်မျိုးမှ ရမတုံးမေးရင် အခုကတည်းက အနိစ္စပိုင်ထားတဲ့ ပုဂ္ဂိုလ်မျိုးရပါမယ်။မီးလောင်ခါနီးမှ ရေရှာ လို့ကတော့ မရနိုင်ပါဘူး။ဝေဒနာရဲ့ မမြဲတဲ့သဘောကို အနိစ္စသဘောကို ပိုင်ပိုင်နိုင်နိုင် ရှုထားတဲ့ပုဂ္ဂိုလ်ဟာ သေခါနီးမှာ မဂ္ဂသစ္စာ ဖြစ်ပြီး သေလို့ရပါမယ်။ယောဂီတို့ ဝေဒနာရဲ့သဘော သဘာဝကလေးတွေကို ဘာဝနာဥာဏ်အရ ဖြစ်ပြီးရင်ပျက်သွားတဲ့ သဘောကိုတွေ့နိုင်ပါတယ်။ ပျက်သွားတဲ့သဘောကလေးက "အနိစ္စ" ပါ။ဒုက္ခဝေဒနာက နှိပ်စက်တတ်တယ် ထားပါတော့၊ပျက်တတ်တဲ့ ဓမ္မဖြစ်တဲ့အတွက် ကိန်းရာ ပုဂ္ဂိုလ်ကို မနှိပ်စက်နိုင်ပါဘူး၊ဒါကြောင့် ဥာဏ်အားကောင်းလာတဲ့ ယောဂီ ဟာ ဒုက္ခဝေဒနာကိုရှုရင် ဝေဒနာမတွေ့ဘဲ အနိစ္စသာတွေ့ရပါတယ်။ အနိစ္စကနေပြီး မဂ္ဂလိုက်နေသောကြောင့် ဝေဒနာအနှိပ်စက် မခံရပါဘူး။ ဒါဟာ ဝေဒနာကို ခွာထားနိုင်တာပါပဲ။

အနိစ္စတရားက နာတာလဲမဟုတ်၊ မဂ္ဂကလဲ နာတာမဟုတ်၊"နာတယ်" ဆိုတာ ဝေဒနာကသာ နာတာပါ။အခုတွေ့ရတာက မနာတဲ့သူ အနိစ္စနှင့် မဂ္ဂပဲ တွေ့နေရတာပါ။ဝေဒနာကို ခွာနိုင်တဲ့ ပုဂ္ဂိုလ်က အဲဒီ မနာတဲ့ (၂) ချက်ကို ရနိုင်ပါတယ်။

ဝေဒနာပေါ်လာရင် ဥာဏ်နဲ့ ကြည့်လိုက်ပါ၊အနိစ္စသဘောလေး၊ အပျက်ကလေးကို မြင်မယ်၊အဲဒီ မြင်တာက မဂ္ဂပါ။

ဒါဟာ ဝေဒနာကို ခွာတာပဲ၊"ဝေဒနံ ၀ိက္ခမ္ဘေတွာ =ဝေဒနာခွာ၍" ဆိုတာပါပဲ။ ဝေဒနာကိုကျော်၍ အနိစ္စမြင်အောင်ရှုဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ၊ဝေဒနာကို ရှုတာပါပဲ။ဝေဒနာကိုမတွေ့ပဲ အနိစ္စသဘောကိုသာတွေ့သည့် သဘော ကလေး ဖြစ်ပါတယ်။

ဆရာတော်ဦးဃောသိတ၏ (တစ်ဘ၀သာသနာ)
- မှကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment