Saturday, January 5, 2019

မလုပ်ရဲတဲ့ အကုသိုလ် မရှိတဲ့လူ

🔺❝ မလုပ်ရဲတဲ့ အကုသိုလ် မရှိတဲ့လူ

ချစ်သား ရာဟုလာ -
စစ်ပွဲမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ကြီး တစ်ကောင် -

ရှေးတုန်းက •••
ဆင်ကြီးတွေနဲ့ တိုက်ပွဲ ဆင်နွှဲကြတာကိုး -
ဆင်တပ် မြင်းတပ် ကြားဘူးပါတယ်နော် -

အဲဒီတော့ •••
အဲဒီဆင်ကြီးက ဟာ ရန်သူတွေနဲ့ တွေ့ပြီဆိုတော့ -

အစွယ်နဲ့လည်း တိုက်ခိုက်တာပဲ -
ခေါင်းနဲ့လည်း တိုက်ခိုက်တာပဲ -
ရှေ့ခြေနဲ့လည်း တိုက်ခိုက်တာပဲ -
နောက်ခြေနဲ့လည်း တိုက်ခိုက်တာပဲ -
ရှေ့ကိုယ်နဲ့လည်း တိုက်ခိုက်တာပဲ -
နောက်ကိုယ်နဲ့လည်းပဲ တိုက်ခိုက်တာပဲ -
အမြှီးနဲ့လည်း တိုက်ခိုက်တာပဲ -
တစ်ချို့ အမြှီးမှာ အင်မတန် ပြင်းထန်တဲ့
လက်နက်တွေ တပ်ထား ပြီးတော့ အဲဒီအမြှီးကြီး
ယမ်းလိုက်ရင်လည်း လက်နက်တစ်ခုဖြစ်တာကိုး။

အဲဒီလို •••
ရှေ့ခြေကော နောက်ခြေကော
ရှေ့ကိုယ်ရော နောက်ကိုယ်ရော
အစွယ်ကော ခေါင်းရော အမြှီးရော အကုန်လုံး
တိုက်ခိုက်ပေ မယ်လို့ သူ့ရဲ့ နှာမောင်းလေးကိုတော့
သိမ်း ထားသေးတယ်။

နှာမောင်းလေးကိုတော့ အထိမခံဘူး •••

အဲဒီတော့ ဆင်ဦးစီးက စဉ်းစားတယ် -
ဘယ်လိုစဉ်းစားလဲဆိုတော့ •••
အော် ငါ့ရဲ့ တိုက်တိုင်း နိုင်တဲ့ ဒီဆင်ကြီးက
စစ်ပွဲမှာ ရဲရဲရင့်ရင့် တိုက်တယ်လို့ဆိုပေမယ်လို့
နှာမောင်းလေးကိုတော့ သိမ်းထားသေးတယ်။
အဲဒီတော့ သူ အသက်တော့ မစွန့်သေးဘူး။

ဆင်ဦးစီးက -
အဲဒါ နောက်တစ်ခါ တိုက်ပွဲ ဆင်နွှဲတော့
အဲဒီ ဆင်ကြီးပဲ •••

ရှေ့ခြေနဲ့လည်း တိုက်တယ် -
နောက်ခြေနဲ့လည်း တိုက်တယ် -
တစ်ကိုယ်လုံးတိုက်တယ် -
အမြှီးနဲ့လည်း တိုက်တယ် -
အစွယ်နဲ့လည်း တိုက်တယ် -
အဲဒီနှာမောင်ကိုလည်း ပါးစပ်ထဲမှာ ထည့်မထားတော့ဘူး။
နှာမောင်းကြီးနဲ့လည်း ဝှေ့ယမ်းပြီးတော့ ရန်သူတွေကို
တစ်ခါတည်း အကြီးအကျယ်တိုက်တယ်။
နှာမောင်းကိုပါ သိမ်းမထားတော့ဘူး။

အဲဒီတော့ ဆင်ဦးစီးက စဉ်းစားတယ်တဲ့ •••
အော် ငါ့ရဲ့ ဆင်ကြီး အသက်စွန့်ပြီ -
နှာမောင်း ကိုတောင် သိမ်းမထားတော့ဘူး -
အသက်စွန့်ပြီ -
ဘာဖြစ်ဖြစ် ချမှာပဲ - ဟုတ်လား။

အဲသလိုမျိုးပဲတဲ့ -
မုသားပြောရမှာ မရှက်တဲ့ ရဟန်း
မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်အတွက်
သူတော်ကောင်းတရားကို အကုန်လုံး စွန့်လိုက် ပြီတဲ့။

နှာမောင်းကိုတောင် မစောင့်ရှောက်တဲ့ -
တိုက်ဆင်ကြီးဟာ အသက်ကို စွန့်လိုက်သလို
သစ္စာတရားကို မစောင့်စည်းဘဲနဲ့ မမှန်မကန်
မုသားပြောတဲ့ လူတစ်ယောက်ဟာ •••
သူတော်ကောင်းတရားကို စွန့်လိုက်ပြီ။

သူ ဘာမှ မထိန်းသိမ်းတော့ဘူး •••

နှာမောင်းကိုတောင် မထိန်းသိမ်းတော့ဘူးဆိုတဲ့ တိုက်ဆင်ကြီးသည် ဘာကိုမှ သူ မထိန်းသိမ်းတော့ ဘူး။ အသက်ကိုလည်း မစောင့်တော့ဘူး။

အဲသလိုပဲ -
သစ္စာတရားကို မလိုက်နာဘဲနဲ့
မုသား စကားပြောတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘာမဆို အကုန် လုပ်ရဲတယ်။

ဒါကြောင့် ဓမ္မပဒ၊ လောကဝဂ်မှာ -
စိဉ္စမာနကို ဟောထားတာလေး ရှိတယ် •••

ဧကံ ဓမ္မံ အတီတဿ၊မုသာဝါဒဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

``မုသားစကားပြောရဲတဲ့ ပုဂ္ဂိုလ်
ဘဝသံသရာ မယုံ တဲ့ ပုဂ္ဂိုလ်တွေအတွက်
မလုပ်ရဲတဲ့ အကုသိုလ် မရှိဘူး´´တဲ့။

လူ့ဘဝတည်းဟူသော တိုက်ပွဲမှာ -
ဝင်ကြတဲ့အခါ သစ္စာကို မစောင့်စည်းဘဲနဲ့
မုသားစကား ပြောပြီ ဆိုလို့ရှိရင် -
သူတော်ကောင်းတရား အားလုံးကို စွန့်လိုက်ပါပြီ။

【သစ္စာရွှေစည်ဆရာတော် ၏
                "ရှင်ရာဟုလာ"တရားတော်မှ】

❁ အပ္ပမာဒေန သမ္မာဒေထ ❁
✹ရွှင်လန်း✹ချမ်းမြေ့✹ပါစေ✹

No comments:

Post a Comment