Tuesday, January 15, 2019

မိစ္ဆာဝိမုတ္တိ (သို့မဟုတ်) မှားယွင်းသော လွတ်မြောက်ခြင်း အမြင်များ

+မိစ္ဆာဝိမုတ္တိ (သို့မဟုတ်) မှားယွင်းသော လွတ်မြောက်ခြင်း အမြင်များ+
---------------------------------------------------------------------------------------

မိစ္ဆာဝိမုတ္တိ-မှားစွာလွတ်ခြင်း ဆိုတာကတော့ တကယ်လွတ်မြောက်မှု မဟုတ်ပါဘဲနဲ့ လွတ်မြောက်မှု အစစ်အနေအားဖြင့် ယုံကြည်ယူဆထားတဲ့ တရားပါပဲ။ အဲဒါက အမျိုးမျိုးအထွေထွေ များစွာပဲ ရှိပါတယ်၊ သာသနာပပုဂ္ဂိုလ်တွေ ယူဆထားတဲ့ လွတ်မြောက်မှုတွေလည်း ရှိတယ်၊ သာသနာတော်တွင်းမှာ မှားယွင်းစွာယူဆထားတဲ့ လွတ်မြောက်မှုတွေလည်း ရှိတယ်။ သာသနာပ လွတ်မြောက်မှုတွေကတော့ အတ္တကိုရှာလို့ အတ္တကိုတွေ့ရင် လွတ်မြောက်တယ်လို့ ဆိုတာလည်းရှိတယ်၊ အတ္တနှင့်ခန္ဓာကို ခွဲခြားပြီးသိရင် လွတ်မြောက်တယ်လို့ ဆိုတာလည်းရှိတယ်။

ဘုရားလက်ထက်တော်ကာလက နိဂဏ္ဌနာဋပုတ္တလို့ထင်ရှားခဲ့တဲ့ ဂိုဏ်းဆရာကြီး၏ တပည့် ဂျိန်းဘာသာဝင်တွေကတော့ အတ္တသို့ ကံသစ် မကပ်ရောက်နိုင်အောင် ကျင့်ခြင်း၊ကံဟောင်း ကုန်သွားအောင် ဆင်းရဲခံခြင်းဖြင့် လွတ်မြောက်တယ်လို့ ဆိုကြတယ်၊ အဲဒီလိုကျင့်ခြင်းဖြင့် အဝတ်မှာတောင် တွယ်တာမှုမရှိအောင် လွတ်မြောက်ပြီလို့ ယူဆပြီး သူတို့က အဝတ်မဝတ်ပဲ နေကြတယ်၊ အဲဒီလို အဝတ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုသူ့ဘာသာဝင်တွေက (Arahat) အရဟတ်=ရဟန္တာလို့ ယုံကြည်ကြ ကိုးကွယ်ကြတယ်။

ယခုလည်း အိန္ဒိယမှာ အဲဒီလို အရဟတ်တွေရှိနေပါတယ်။ တချို့ဘာသာဝင်တွေက မီးပူဇော်ခြင်းဖြင့် လွတ်မြောက်တယ်လို့ ယူကြတယ်၊ တချို့ဘာသာဝင်တွေက ဂင်္ဂါမြစ်ရေကိုချိုးခြင်းဖြင့် အပြစ်ကင်းပြီး လွတ်မြောက်တယ်လို့ ယူကြတယ်၊ တချို့က ဣဿရခေါ်တဲ့ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ခြင်းဖြင့် ကောင်းကင်ဘုံရောက်ပြီး လွတ်မြောက်တယ်လို့ ယူဆတယ်၊ အာဠာရရသေ့ ရာမရသေ့ ဥဒကရသေ့တို့လိုပုဂ္ဂိုလ်တချို့က အာကိဉ္စညာဈာန် နေဝသညာဈာန်ဖြင့် လွတ်မြောက်တယ်လို့ ယူကြတယ်၊ အချို့က ရူပဈာန် တစ်ပါးပါးဖြင့်လွတ်မြောက်တယ်လို့ ယူဆတယ်၊ ဗကဗြဟ္မာကြီးကတော့ သူ့ပဌမဈာန် ဗြဟ္မာ့ဘုံကို ရောက်ရင် လွတ်မြောက်တယ်လို့ ယူဆထားတယ်၊ အဲဒီလို လွတ်မြောက်ပုံတွေ များစွာရှိပါတယ်။

ဗုဒ္ဓသာသနာတော် အတွင်းမှာလည်း ဈာန်တစ်ပါးပါးရရုံနဲ့ လွတ်မြောက်ပြီလို့ အထင်ရောက်နေကြတာလည်း ရှိတယ်၊ အဲဒီလိုအထင်ရောက်ပုံကိုတော့ သလ္လေခသုတ်၏အစပိုင်းမှာ မြတ်စွာဘုရားကိုယ်တော်တိုင်ပဲ ထုတ်ဖော်ပြီးဟောခဲ့ပါတယ်၊ ဒီသလ္လေခသုတ် တရားတော်မှာလည်း အဲဒီအစပိုင်းတုန်းက မဟာနာဂမထေရ် မဟာတိဿမထေရ်တို့ အထင်ရောက်ပုံကို ထုတ်ပြခဲ့ပါတယ်။ နောက်ပြီးတော့ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါမှာ အရောင် အလင်း ပီတိ သုခအစရှိတဲ့ အထူးတွေကို တွေ့ရလို့ မဂ်ဖိုလ်ရောက်ပြီလို့ အထင်ရောက်နေတဲ့ ယောဂီတွေလည်း ရှိတယ်။

တချို့ကတော့ အဲဒီလောက်တောင် ဉာဏ်မဖြစ် သေးပါဘူး၊ ထူးခြားတဲ့ အတွေ့ကလေး တစ်ခုလောက် တွေ့ရတာနဲ့ တရားပေါက်ပြီ၊ တရားထူးရပြီးလို့ ထင်နေတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ ထူးခြားတဲ့ အတွေ့ကလေးဆိုတာက ဘယ်လိုဟာလည်းဆိုရင် “ပင်ပန်းရာက အေးပြီး ကောင်းတဲ့အတွေ့၊ ပေါ့သွားတဲ့အတွေ့၊ ဆတ်ကနဲ ခါသွားတဲ့ အတွေ့၊ လဲကျသွားတဲ့ အတွေ့၊ ပုံသဏ္ဌာန်အာရုံ အထူးများကို မြင်တဲ့အတွေ့၊ အသံအထူးကိုကြားရတဲ့ အတွေ့၊ အသုဘ အာရုံကို မြင်ရတဲ့ အတွေ့၊ ဟင်းလင်းပြင် အတွေ့၊ ရေပြင်ကြီးလိုအတွေ့၊ အလင်းရောင် အတွေ့” - ဒီလို အတွေ့ထူးပါပဲ။

တချို့က ရှုခါစ တစ်နာရီ နှစ်နာရီ လောက် အတွင်းမှာ ဖြစ်စေ၊ တရက် နှစ်ရက် သုံးရက်လောက်အတွင်းမှာဖြစ်စေ ထိုင်လျက်သား သတိလစ်သလို ဖြစ်နေတတ်တယ်။ မ ယူလိုက်ရင် အထိုင်မပျက်ဘဲ ကြွပါလာတတ်တယ်။ ဒါပေမဲ့ မေးမြန်း စိစစ်ကြည့်ရင် အဲဒီလို ပုဂ္ဂိုလ်က ရုပ်နာမ်ပိုင်းခြားသိပုံလည်း မပြောနိုင်ဘူး။ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသိပုံကိုလည်း မပြောနိုင်ဘူး။ ဒါကြောင့် အဲဒါမျိုးကတော့ “သမာဓိ သက်သက်နဲ့ ထူးခြားတဲ့ အတွေ့တစ်မျိုး” လို့ ဆိုရမှာပဲ။ ဒါပေမဲ့ ဗဟုသုတမရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့ ဆိုရင်တော့ ''ရုပ်နာမ် ချုပ်ရာ ရောက်နေတယ်၊ ဖိုလ်ဝင်စားနေတယ်'' လို့ ထင်တယ် ယူဆတတ်တယ်။

အရေးကြီးတာကတော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း ဖြစ်ပြီးတော့မှ မဂ်ဖိုလ်ဉာဏ်ဖြင့် ချုပ်ငြိမ်းတဲ့ သဘောကိုဆိုက်ရောက်ပြီး လွတ်မြောက်ဖို့က အရေးကြီးပါတယ်၊ အဲဒီလို လွတ်မြောက်ပြီလို့ ထင်တဲ့သူမှာ အောက်ထစ်ဆုံးအားဖြင့်ဘုရား တရား သံဃာနှင့် ကိုယ့်အကျင့်သိက္ခာကို ယုံကြည်မှု ခိုင်မြဲဖို့, အတ္တစွဲကင်းဖို့, ယုံမှားမှုကင်းဖို့, မဂ္ဂင်မပါတဲ့ အလေ့အကျင့်မျိုးကို မယုံကြည်ဖို့, ငါးပါးသီလ လုံခြုံဖို့ အဲဒါတွေကလည်း အရေးကြီးပါတယ်။ “တရားပေါက်ပြီ၊ သောတာပန်ဖြစ်ပြီဆိုပြီးတော့ ငါးပါးသီလမှ မလုံရင် အဲဒီလို လွတ်မြောက် တာဟာ မိစ္ဆာဝိမုတ်ပဲ” လို့ မှတ်ရမယ်။

ဒါကြောင့် ဆောင်ပုဒ်မှာ-

''မလွတ်ပါပဲ၊ လွတ်ပြီစွဲ၊ အလွဲဝိမုတ်တည်း''

လို့ ဆိုထားပါတယ်။

ဒီနေရာမှာ ဥပရိပဏ္ဏာသအဋ္ဌကထာ သာမဂါမသုတ်အဖွင့်မှာ ထုတ်ပြထားတဲ့ မိစ္ဆာဝိမုတ်ဖြစ်ပုံဝတ္ထုများကို ဗဟုသုတဖြစ်စေရန်အတွက် ထုတ်ပြချင်တယ်။

(၁) အရောင်အလင်း ရဟန္တာ

မထေရ်တစ်ပါးက ကမ္မဋ္ဌာန်းတောင်းတဲ့ တပည့်များကို ဒီလိုကမ္မဋ္ဌာန်းပေးသတဲ့၊ တခဏချင်း ရဟန္တာဖြစ်စေနိုင်တဲ့ကမ္မဋ္ဌာန်းကို ဟောမယ်။ မိမိနေရာ ကျောင်းခန်းထဲ ဝင်ပြီး မူလကမ္မဋ္ဌာန်းကို နှလုံးသွင်းနေရမယ်။ အဲဒီလို နှလုံးသွင်းနေစဉ်မှာအရောင်းအလင်းပေါ်လာရင် အဲဒါပဌမမဂ်ပဲ။ အဲဒီပုဂ္ဂိုလ်ဟာ ဆက်ပြီးရှုနေစဉ် ဒုတိယအကြိမ် အရောင်အလင်း ပေါ်လာပြန်ရင် အဲဒါ ဒုတိယမဂ်ပဲ။ ထို့အထူ တတိယအကြိမ် စတုတ္ထုအကြိမ် အရောင်အလင်း ပေါ်လာရင်လည်း တတိယမဂ် စတုတ္ထမဂ်ပဲ၊ ဒါလောက်ဆိုရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်ပြီးဖြစ်တယ်-လို့ ကမ္မဋ္ဌာန်းကို ဟောကြားညွှန်ပြပေးသတဲ့။

အဲဒီလိုကမ္မဋ္ဌာန်းပေးတဲ့အတွက် သူ့တပည့်တွေက အဲဒီဆရာမထေရ်ကို ရဟန္တာပဲလို့ ယုံကြည်ဆုံးဖြတ်ကြသတဲ့။ နောက်ကာလ အဲဒီမထေရ် ပျံလွန်တော်မူတဲ့အခါ ရဟန္တာ ပရိနိဗ္ဗာန်စံတယ်လို့ ယုံကြည်ယူဆပြီး အကြီးအကျယ် ပူဇော်ကြ သင်္ဂြိုဟ်ကြတယ်၊ အရိုးများကိုလည်း ကောက်ယူပြီး စေတီတည်ထားကြတယ်။

အဲဒီအခါ ဗဟုသုတပြည့်စုံတဲ့ အာဂန္တုရဟန်းများ ရောက်လာပြီး မေးမြန်းကြည့်တဲ့အခါ ကျောင်းနေတပည့် ရဟန်းများက သူတို့၏ဆရာမထေရ်ကြီး ကမ္မဋ္ဌာန်းတရားဟောပုံကို ပြောပြပြီးတော့ ပရိနိဗ္ဗာန်စံသွားကြောင်း ဓာတ်တော်များကို စေတီတည်ထားကြောင်းများကို ပြောကြတယ်။

အဲဒီအခါ အာဂန္တုရဟန်းများကအရှင်တို့ဆရာ မထေရ်ကြီးတွေ့တဲ့ အရောင်အလင်းဟာ မဂ်မဟုတ်ဘူး၊ ဝိပဿနာညစ်ညူး ကြောင်း ဥပက္ကိလေသခေါ်တယ်။ အရှင်ဘုရားတို့က ဝိပဿနာအကြောင်းကို မသိကြပဲဟာကိုး၊ အဲဒီမထေရ်ကြီးဟာ ပုထုဇဉ်ပဲ-လို့ တရားကျမ်းဂန်နှင့်အညီ ရှင်းပြကြတယ်။ ဒါပေမဲ့ အဲဒီမထေရ်ကြီး၏ တပည့်ရဟန်းတွေက သူတို့၏ ဆရာကို ပုထုဇဉ်လို့ ဆိုရပါမလားလို့ မခံမရပ်နိုင်ဖြစ်ပြီး ငြင်းခုံကြသတဲ့။ အဲဒီလို ရဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်ကို ရဟန္တာလို့ အထင်မှားနေတဲ့အယူကို မစွန့်ရင် အဲဒီလိုပုဂ္ဂိုလ်တွေမှာ မဂ်ဖိုလ်လည်း မရနိုင်ဘူး၊ နတ်ပြည်တောင် မရောက်နိုင်ဘူးလို့ အဲဒီအဋ္ဌကထာမှာ ပြဆိုထားပါတယ်။ ပြဆိုပုံကို ထုတ်ပြပါဦးမယ်။

“ဧဝံဝါဒီနံ၊ ဤသို့ မှားသောအယူဝါဒ ရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့၏။ သတံ ဝါ ဟောတု သဟဿံ ဝါ၊ တရာသော်၎င်း တထောင်သော်၎င်း ရှိပေစေ။ ယာဝ တံ လဒ္ဓိံ နပ္ပဇဟန္တိ၊ ထိုမှားသောအယူဝါဒကို မစွန့်သမျှကာလ ပတ်လုံး။ သဂ္ဂေါပိ မဂ္ဂေါပိ ဝါရိတော ယေဝ၊ နတ်ပြည်ကိုရော မဂ်ကိုရော တားမြစ်အပ်သည် သာတည်း-”တဲ့။

အဲဒီမှာ ဋီကာက ဒီလို ထပ်ဆင့်ပြီး ဖွင့်ပြပါတယ်။ “ကဲ့ရဲ့ထိုက်သော ပုထုဇဉ် အဖြစ်၌ တည်သည့်ပုဂ္ဂိုလ်ကို ချီးမွမ်းထိုက်သော အရိယာအဖြစ်သို့ မြှင့်တင်၍ယူထားသောထိုမိစ္ဆာအယူကို မြဲမြံစွာချီးမြှောက်၍ ပြောဆိုငြင်းခုံခြင်းကြောင့် နတ်ပြည်ကိုရော မဂ်ကိုရော တားမြစ်အပ်သည်သာတည်း” ဟု အဋ္ဌကထာ ဆရာ ဆိုပေသည်တဲ့။ အဲဒါဟာ ကိုယ့်ဆရာကို မဟုတ်ဘဲနဲ့ ဂုဏ်တင်ပြီး ငြင်းခုံပြောဆိုရင် အပြစ်ကြီးကြောင်း အထူး သတိပြု ကြဖို့ပါပဲ။

(၂) အိုးကင်းလှော် ရဟန္တာ

အဲဒိ အဋ္ဌကထာမှာပဲ အခြားမထေရ်တစ်ပါး ဟောပုံကိုလည်း ဒီလို ဆက်ပြထားတယ်။ စိတ်ကူးဖြင့် ဖိုခုံလောက် သုံးခုကိုပြင်ပြီး စိတ်ကူးဖြင့်ပင် ဒယ်အိုးကင်းကို တည်ရမယ်၊ စိတ်ကူးဖြင့်ပင် မီးထည့်၊ စိတ်ကူးဖြင့်ပင် မိမိ၏ သုံးဆဲ့နှစ်ကောဋ္ဌာသကိုဒယ်အိုးကင်းထဲထည့်ပြီး စိတ်ကူးဖြင့်ပင် တုတ်နဲ့မွှေမွှေပြီး လှော်ရမယ်၊ ပြာကျတဲ့အခါ ပါးစပ်လေဖြင့် မှုတ်လွှင့်ပစ်လိုက်ရမယ်။ အဲဒီလို ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ခါထုတ်ပြီးတော့ ရဟန်းမည်တယ်-လို့ ဟောသတဲ့။ အဲဒီလို ဟောတဲ့ ဆရာကိုလည်း ရှေးနည်းအတူ ရဟန္တာ-လို့ ယူပြီး စေတီတည်ကြတယ်၊ အာဂန္တု ရဟန်းများနဲ့ ငြင်းခုံကြပါတယ်တဲ့။

(၃) အိုးစရည်းကြီး ရဟန္တာ

အခြားမထေရ်တစ်ပါးကတော့-စိတ်ကူးဖြင့် အိုးစရည်းကြီးကိုတည်ထား၊ စိတ်ကူးဖြင့်ပင် သုံးဆဲ့နှစ်ကောဋ္ဌာသကို အဲဒီအိုးကြီးထဲထည့်၊ စိတ်ကူးဖြင့်ပင် မွှေတံတပ်ပြီး မွှေရမယ်၊ မွှေလို့ ကြေမွသွားတဲ့အခါ တက်လာတဲ့ အမြှုပ်ကို စားသုံးရမယ်၊အဲဒါဟာ အမြိုက်ကို သုံးဆောင်ရတာပဲလို့ ဟောသတဲ့။ အဲဒီလို ဟောခြင်းကတော့ ''ကာယဂတာသတိကို သုံးဆောင်ရတဲ့သူတွေဟာ အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရတယ်''လို့ ဟောတော်မူတဲ့ ဒေသနာတော်ကိုမှီပြီးတော့ မှားယွင်းစွာ ယူဆပြောဟောခြင်းပါပဲ-တဲ့။

အဲဒီလို ဟောတဲ့ဆရာကိုလည်း သူ့တပည့်တွေက ရှေးနည်းတူပဲ ရဟန္တာ-လို့ယူဆပြီး ပူဇော်ကြ စေတီတည်ကြတယ်၊အမှန်ကိုပြောပြတဲ့ အာဂန္တုရဟန်းတွေနဲ့လည်း ငြင်းခုံကြပါတယ်-တဲ့။ အဲဒါဟာ ဟိုခေတ်တုန်းက မိစ္ဆာဝိမုတ္တိ ဖြစ်ပုံကို ထုတ်ပြထားချက်တွေပါပဲ။

ဟို ရှေးခေတ်နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုခေတ်မှာ အဲဒီလို မိစ္ဆာဝိမုတ္တိတွေ သာပြီးများဖို့ ရှိပါတယ်၊ တစ်ချိန်က သစ္စာလေးပါးသိရင် ဗုဒ္ဓ-ဘုရား ဖြစ်တယ်လို့ ဟောသူက ဟောတဲ့အတွက် ယုံကြည်တဲ့ တပည့်များကသူတို့ကိုယ် သူတို့ “ဗုဒ္ဓ-ဘုရား ဖြစ်တယ်လို့တောင် ဝန်ခံဝံ့တဲ့သူတွေ” ပေါ်လာကြသေးတာပဲ။ ဒါပေမဲ့ မိစ္ဆာဝိမုတ္တိတွေကိုတိတိကျကျ ထုတ်ဖော်ပြောရင် သူများစောင်းပြောသလိုလို ဖြစ်နေလိမ့်မယ်၊ ဒါကြောင့် မိစ္ဆာဝိမုတ္တိအကြောင်းကို ဒါလောက်နဲ့ပဲ ရပ်ထားလိုက်ပါတော့မယ်။

{မဟာစည်ဆရာတော်ဘုရားကြီး၏ သလ္လေခသုတ်တရားတော်ကြီးမှ ကောက်နုတ်ပူဇော်ပါသည်}

1 comment:

  1. Slot Machines in the Netherlands » Casino in the Netherlands »
    Slot 텍사스 홀덤 machines have been a staple for the Dutch gambling industry for more than twenty decades, and the 안전사이트 popularity 스포츠 토토 of slot machines in The most popular 사설 바카라 slot machine is the Queen 포커 스트레이트 of Spades (♤️).

    ReplyDelete