Monday, January 14, 2019

သတ္တဝါအားလုံးဟာ နိဗ္ဗာန်ရကြသလား

သတ္တဝါအားလုံးဟာ နိဗ္ဗာန်ရကြသလား
▬▬▬▬▬▬▬▬▬▬▬▬▬▬

★ (၄၈)ခုမြောက် မေးခွန်းကလည်းပဲ နိဗ္ဗာန်နဲ့ ပတ်သတ်တဲ့ မေးခွန်းတစ်ခုကို ထပ်မေးတယ်။ “နိဗ္ဗာန လဘနပဥှ” နိဗ္ဗာန်ရခြင်းနဲ့ ပတ်သတ်တဲ့ မေးခွန်းတစ်ခုဘဲနော်။ နိဗ္ဗာန်နဲ့ ပတ်သတ် ပြီးတော့ အရှင်ဘုရား သတ္တဝါအားလုံးဟာ နိဗ္ဗာန်ရကြသလား။

★ ဒီလို သတ္တဝါ အားလုံးဟာ နိဗ္ဗာန်ကို ရသလား ဆိုတော့ “န ခေါ မဟာရာဇ လဘန္တိ” သတ္တဝါ အားလုံးကတော့ နိဗ္ဗာန် ကို မရဘူးတဲ့။ အားလုံး နိဗ္ဗာန်ရောက် သလားဆိုတော့ အားလုံးတော့ နိဗ္ဗာန် ဘယ်ရောက်မလဲတဲ့။ အဲတော့ ဘယ်လို ပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်နိုင်သလဲ ဆိုတဲ့ အခါမှာ ရှင်းပြတယ်။ 

★ “သမ္မာပဋိပန္န” မြတ်စွာဘုရားက လမ်းစဉ်တစ်ခု ချမှတ်ပေးထားတယ်။ နိဗ္ဗာန်ရောက် ဖို့အတွက် မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုတာကို ချမှတ်ပေးထားတယ်။ မဂ္ဂင်ရှစ်းပါး အကျင့်တရားဆိုတာ ဝိပဿနာ ကျင့်စဉ်ကိုပဲ  ပြောတာပဲ။

★ ရုပ်၊ နာမ်၊ ဓမ္မ၊ သင်္ခါရ တွေကို အမှန်မြင်အောင် ဆင်ခြင်စဉ်စားတတ်တဲ့ အသိဉာဏ်ကစ အတွေးခေါ်တတ်တဲ့ သမ္မာသင်္ကပ္ပ ဆိုတာအစ မဂ္ဂင်ရှစ်ပါး အကျင့်တရားဟာ ဒီ နိဗ္ဗာန်ရောက်ဖို့ အတွက် ကျင့်ရမယ့် “ သမ္မာပဋိပန္န” မှန်မှန်ကန်ကန် ကျင့်တာ ကိုပြောတာ။

★ အဲဒီလို မှန်မှန်ကန်ကန် ကျင့်လိုက်တဲ့ အခါကြတော့ ဘာဖြစ်လာလည်း  “အဘိညေယျေ ဓမ္မေ အဘိဇာနာတိ” အသိဉာဏ် တစ်ခု ကိုရတယ်။ ထူးတဲ့ ဉာဏ်နဲ့ သိရမယ့် တရားတွေ အားလုံးကိုသိလာတယ်။ အဲဒီတော့ သာမာန် မသိနိုင်တဲ့ အရာကို သိလာတယ်လို့ ဆိုတာ။

★ ဘုန်းကြီးတို့တတွေ နေ့စဉ်ကို စဉ်းစားကြည့် သာမာန်သိနေကြတာ က သူကဘယ်သူဘဲ ငါကဘယ်သူဘဲ နော်၊ သူက ဘာပိုင်တယ် ငါကဘာပိုင်တယ်၊ သာမာန်အားဖြင့် သူ့နာမည်ဘယ်သူ စသည်ဖြင့် ဒီလိုအပေါ်ယံ အသိလေးတွေပဲ သိတယ်။

★ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကြတော့ သတ္တဝါဆိုတာ မရှိတော့ဘူး၊ ငါ ဆိုတာလည်း မရှိတော့ဘူး၊ ငါ့ဟာ ဆိုတာလည်း မရှိတော့ဘူး။ ရုပ်နဲ့နာမ်နဲ့ နှစ်ခုထဲ ကိုသာမြင်လာတယ်။ အားလုံးဟာ ရုပ်နဲ့နာမ် နှစ်ခုသာလျှင် ဖြစ်တယ်။ သူ ငါ ဆိုတာလည်းမရှိဘူး။

★ “အဟံ မမ”  ငါ ဆိုတာလည်း မရှိဘူး၊ ငါ့ဟာ ဆိုတာလည်း မရှိဘူး။ အဲဒါတွေဟာ အပေါ်ယံ စွဲမိပြီး ခေါ်ဝေါ်ထားခြင်း မျှသာဖြစ်တယ်ဆိုတာကို မြင်လာတယ်။ သဘာဝတရားတွေကို အရှိကို အရှိအတိုင်းမြင်လာတာကို “အဘိညေယျေ ဓမ္မေ အဘိဇာနာတိ” ထူးခြားတဲ့ အသိဉာဏ် သာမာန်လူတွေသိနေတဲ့ အသိထက်ကျော်လွန်ပြီးတော့ ထူးခြားတဲ့ အသိ။

★ ခါတိုင်းက ငါ၊ သူ လို့ သိနေတဲ့ အရာတွေ ငါ သူ ဆိုတဲ့ အသိထက်ကျော်လွှားပြီးတော့ ရုပ်ရယ် နာမ်ရယ် ဆိုတဲ့ အသိကိုဘဲ သိသွားတယ်။ ဘယ်ဟာကရုပ် ဘယ်ဟာကနာမ် ဒီရုပ်၊ နာမ် တွေ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အသိတွေ သိလာတယ်။

★ အဲဒီလို သိလာတာကို “အဘိညေယျေ ဓမ္မေ အဘိဇာနာတိ” ထူးခြားတဲ့ဉာဏ်နဲ့ သိရမယ့် ရုပ်၊ နာမ်တရားတွေကို ထူးခြားတဲ့ဉာဏ်နဲ့ သိလာတယ်တဲ့။ “ပရိညေယျေ ဓမ္မေ ပရိဇာနာတိ” ပိုင်ပိုင်နိုင်နိုင် သိရမယ့် တရားတွေ ကို ပိုင်ပိုင်နိုင်နိုင် သိလာတယ်။

★ အဲဒီ ကိုယ်သိတဲ့ တရားတွေဟာ တကယ်တော့ ကျေနပ်စရာ မကောင်းတဲ့ ကိုယ်ထင်တာ ဘာတခုမှ မဟုတ်တဲ့ “ဒုက္ခသစ္စာ” တရားတွေပဲလို့ သိတာဟာ။ “ပရိညေယျေ ဓမ္မေ ပရိဇာနာတိ” ပိုင်ပိုင်နိုင်နိုင် ပိုင်းပိုင်းခြားခြား သိလိုက်တယ်နော်။

★ ကိုယ်ရထားတာ ဘာရထားတုန်း #ဒုက္ခ ပဲ ရထားတယ်။ သို့သော် လူတွေက ဘဝကို ရထားတယ်။ ရထားတဲ့ ဘဝဟာ ဒီ #သုခ လို့ ထင်ကြတယ်။ အေး ကိုယ်ရလိုက်တဲ့ ဘဝသည် ဒုက္ခကို ရထားတာ ဖြစ်တယ်လို့  ပိုင်ပိုင်နိုင်နိုင် သိတာ “ပရိညေယျေ ဓမ္မ” ပိုင်းခြား၍ သိရမယ့် တရားကို သိတယ်ဆိုတာ ဒုက္ခသစ္စာ ကိုသိတာ။

★  “ပဟာတဗ္ဗေ ဓမ္မေ ပဇယတိ” အဲဒီ အသိဖြင့် ဖယ်ရှား ရမယ့် တရားကို ဖယ်ရှားရတယ်။ ဖယ်ရှားရမယ့်တရား ဆိုတာ ဘာတုန်းဆိုရင် အဓိက ကတော့ ဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့ တဏှာ ကို ဖယ်ရှား ရမယ်။ ဆိုလိုတာက သမုဒယသစ္စာကို ဖယ်ရှားတယ်။

★ အဲဒီ သမုဒယ ဆိုတာက တဏှာ တစ်ခုတည်းတော့ မဟုတ်ဘူး။ အဝိဇ္ဇာကိုလည်း ဖယ်ရှားရမှာဖြစ်တယ်။ ဥပါဒါန် ကိုလည်း ဖယ်ရှားရမှာဖြစ်တယ်။ ကိလေသာ ဟူသမျှဟာ တဏှာ ခေါင်းဆောင်တဲ့ ကိလေသာ ဟူသမျှ အကြောင်းတရားတွေ မှန်သမျှဟာ ဒုက္ခသမုဒယတွေချည်းပဲ။

★ အဲဒါကို ဖယ်ရှားရမယ့် တရားတွေကို အားလုံး ဖယ်ရှားလိုက်တယ်။ ဖယ်ရှားရမယ့် တရားလို့ သိတယ်။ သမုဒယသစ္စာကို သိတယ်လို့ ဒီလိုပြောတာ။ “သစ္ဆိကာတဗ္ဗေ ဓမ္မေ သစ္ဆိကရောတိ” မျက်မှောက်ပြုရမယ့် တရား အသိဉာဏ်ထဲမှာ ဆိုက်ထိလာတယ်။

★ ဒုက္ခဖြစ်ကြောင်း တရားကို ဖယ်ရှားလိုက်တဲ့ အခါမှာ ဒုက္ခတွေဟာ အပြီးသပ်ချုပ်ငြိမ်း သွားတယ်ဆိုတာ နိဗ္ဗာန် ဘဲဖြစ်တယ်ပေါ့။ အဲဒီ နိဗ္ဗာန်ဆိုတဲ့ တရားကိုလည်း မျက်မှောက်ပြုတာယ်။

★ “ဘာဝေတဗ္ဗေ ဓမ္မေ ဘာဝေတိ” ကိုယ့်သန္တာန်မှာ ဖြစ်ပွားစေရမယ့် မဂ္ဂင်ရှစ်ပါး သမ္မာဒိဠိ၊ သမ္မာသင်္ကပ္ပ စတဲ့ မဂ္ဂင်ရှစ်ပါး တရားကိုလည်းပဲ ကိုယ့်သန္တာန်မှာ အခိုင်အမာ ဖြစ်ပွားလာအောင် ကြိုးစားအားထုတ်ပြီးသား ဖြစ်တယ်။

★ ဟော မြတ်စွာဘုရားချမှတ်ထားတဲ့ ဝိပဿနာကျင့်စဉ်တစ်ခု ကို ကျင့်လိုက်တာကနေပြီး ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ လို့ဆိုတဲ့ သစ္စာ လေးပါးကို အမှန်အတိုင်း သိသွားတယ်။ အဲဒီ သစ္စာလေးပါး ကို အမှန်အတိုင်းသိသွားတဲ့ ပုဂ္ဂိုလ် သည်သာလျှင် “သော လဘတိ နိဗ္ဗာန်နံ” သူပဲ နိဗ္ဗာန်ကို ရတယ်။

★ ကျန်တဲ့ ပုဂ္ဂိုလ်တွေ မရနိုင်ဘူးလို့ ဒီလိုပြောတာ နော်။ သစ္စာလေးပါး ကို သိတဲ့ ပုဂ္ဂိုလ်သာလျှင် နိဗ္ဗာန်ကို ရတယ် လို့ ဒီလိုဆိုလိုတယ်။ အဲဒီတော့ လူတွေအားလုံးဟာ နိဗ္ဗာန်ကို ရသလား ဆိုတဲ့ ဒီမေးခွန်းဟာ ဒီဟာနဲ့ဖြေလိုက်တယ်။

★ အားလုံးမရဘူး မှန်မှန်ကန်ကန် ကျင့်ပြီးတော့ သစ္စာလေးပါးကို သိသွား တဲ့ ပုဂ္ဂိုလ် သည်သာလျှင် နိဗ္ဗာန်ရတယ်လို့ ဒီလိုပြောတာ။  ဒါဟာ ရှင်နာဂသေန က မိလိန္ဒမင်းကြီးရဲ့ အမေးကို ဖြေဆိုခြင်းဘဲ ဖြစ်တယ်ပေါ့။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၁၉)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

No comments:

Post a Comment