Tuesday, January 15, 2019

ဝိပဿနာတရားအားထုတ်ပြီဆိုတဲ့အခါမှာ

❝ ၀ိပဿနာတရားအားထုတ်ပြီဆိုတဲ့အခါမှာ ❞
■■■■■■■■■■■■■■■■■■■■■

★ ၀ိပဿနာတရားအားထုတ်ပြီဆိုတဲ့အခါမှာ
လူဆိုတာ သတ္တ၀ါဆိုတာ ထည့်မပြောတော့ဘူး
ပျောက်သွားတယ်။ အမျိုးသား
ဆိုတာမပါဘူး၊ အမျိုးသမီးဆိုတာမပါဘူး၊ ငါ ဆိုတာမပါဘူး။ သဘာဝတရား
သက်သက်ကိုသာလျှင် ပြောတာဖြစ်တယ်ပေါ့။

★ အဲဒီလို သဘာဝတရား သက်သက်ကိုသာပြောတော့မယ်ဆိုတော့ ဘယ်ပုံအသိစိတ်လေးက ဖြစ်လာတာတုန်းဆိုတော့ မြတ်စွာဘုရားက ရှင်းပြတယ်။
"စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ"

★ စက္ခုံစ - စက္ခုပသာဒဆိုတဲ့ အကြည်ဓာတ် အကြည်ရုပ်ကိုလည်းကောင်း၊ ရူပေစ - မျက်စိနဲ့မြင်လို့
ရတဲ့ အဆင်းအာရုံတို့ကိုလည်းကောင်း၊
ပဋိစ္စ - ဒီနှစ်ခုကိုစွဲမှီပြီးတော့မှ စက္ခုဝိညာဏံ - မြင်သိစိတ်ဆိုတာဟာ ဥပ္ပဇ္ဇတိ ဖြစ်ပေါ်လာတယ်။

★ ဒါ ကိုယ်လည်း နေ့စဉ်မြင်နေတာပဲ၊ မျက်စိနဲ့မြင်နေကြတာ ခုလည်းမြင်နေတာပဲ
နောက်လည်း မြင်နေအုန်းမှာပဲ မျက်စိကောင်းနေသမျှ မြင်နေကြအုန်းမှာပဲ။ မြင်နေတိုင်း မြင်နေတိုင်းဟာ ဆင်ခြင်မိသလားဆိုရင် မဆင်ခြင်မိဘူး။

★ ဘုန်းကြီးတို့တတွေဟာ ဘယ်လောက်သတိလက်လွတ်ဖြစ်နေတယ်ဆိုတာ စဉ်းစားကြည့်ပေါ့၊ ဒီကြားထဲမှာ မျက်စိနဲ့ အဆင်းအာရုံဆုံမိလို့ မြင်သိစိတ်ပေါ်လာတဲ့အခါမှာ ဘာတွေးလိုက်တုန်းဆို ငါ မြင်တယ်၊ ငါ့မျက်စိကောင်းတယ်တောင် လုပ်လိုက်သေးတယ်။

★ င့ါ မျက်စိကကောင်းတယ်၊ ခုချိန်ထိ မျက်မှန်တောင် မတပ်ရသေးဘူးဆိုပြီးတော့ မျက်စိအပေါ်မှာ အားရပါးရတောင် ပြောလိုက်သေးတယ်နော် ကျေနပ်တဲ့သဘောတွေပြတယ် မျက်စိကကောင်းတယ်။ သဘာဝတရားလို့ မစဉ်းစားနိုင်ဘူးပေါ့။

★ မျက်စိဆိုတာ ကံ ကပေးထားတဲ့ ကံကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝတရားသာဖြစ်တယ် ကိုယ်ပိုင်တာမဟုတ်ဘူး။ မပိုင်ဘူးဆိုတာ သိတယ်လေ မှုန်ချင်တာ မှုန်မှာပဲ ရေတိမ်ဖြစ်ချင်ဖြစ်မယ် အတွင်းတိမ်ကျချင် ကျမယ် ကျိန်းချင်ကျိန်းမယ် ကိုယ်လုပ်နိုင်တာ ဘာရှိ ဘာမှမရှိဘူး။

★ သူကောင်းနေတာကို ကိုယ့်ကြောင့်ကောင်းတယ်ထင်နေတာ မဟုတ်ဘူး
ကံ ကသူ့ဟာသူဝင်နေတာ။ အဲဒီမျက်စိကောင်းနေတဲ့အပေါ်မှာလာပြီးတော့ ထင်ဟပ်တဲ့အဆင်းအာရုံတွေကိုလည်းပဲ ငါလုပ်တယ် ငါ့မျက်စိကောင်းလို့မြင်ရတယ်လို့ ဒီလိုအတွေးရောက်နိုင်တယ်ပေါ့။

★ အဲဒီအတွေးတွေကင်ရှင်းစွာနဲ့ ၀ိပဿနာသက်သက်ကိုကြည့်မယ်ဆိုရင် စက္ခုံစ - ကံကြောင့်ဖြစ်လာတဲ့ စက္ခုပသာဒရုပ်ကိုလည်းကောင်း၊ ရူပေစ - အကြောင်းလေးပါးကြောင့်ဖြစ်တဲ့ အဆင်းအာရုံတို့ကိုလည်းကောင်း၊ ကံ စိတ် ဥတု အာဟာရ အကြောင်းလေးမျိုးကြောင့်ဖြစ်တဲ့ အဆင်းအာရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ - ဒီနှစ်ခုကို အစွဲပြု၍၊ စက္ခုဝိညာဏံ - မြင်သိစိတ် ဆိုတာဟာ
ဥပ္ပဇ္ဇတိ - ဖြစ်လာတာဖြစ်တယ်။

★ မြင်သိစိတ်လေးဟာ ခေါင်းထဲမှာရှိနေတာလည်းမဟုတ်ဘူး၊ ရင်ထဲမှာ ရှိနေတာလည်း မဟုတ်ဘူး၊ မရှိဘူးဆိုတာ ဘာနဲ့တွေးကြည့်ရမတုန်း စည်ထဲမှာ စည်သံရှိသလား လို့ စဉ်းစားကြည့်၊  စည်ထဲမှာ စည်သံရှိသလား? စောင်းထဲမှာ စောင်းသံရှိသလား? piano ထဲမှာ အသံရှိသလား? 

★ မေးကြည့်လိုက်တဲ့အခါကြတော့ တီးမှပေါ်လာတာလေ အသံရှိနေတာ မဟုတ်ဘူး။ မရှိဘူးဆိုတာ ဘာထင်ရှားတုန်းဆိုတော့ ဂတ်စ်မီးခြစ်ဘူးလေးဆိုပါစို့ ခုခေတ် ဂတ်စ်မီးခြစ်ဘူးလေး မီးခြစ်ဘူးထဲမှာ မီးရှိလားလို့မေးရင် မီးရှိတယ်ဆိုရင် ပူမှာလောင်မှာပေါ့ အိတ်ထောင်ထဲထည့်သွားလို့ ဘယ်ရမလဲ မီးလောင်ခံရမှာပေါ့။ မီးရဲ့သဘောက လောင်တယ် ပူတယ်လေ။ အခုတော့ အေးအေးဆေးဆေး အိတ်ထောင်ထဲထည့်ပြီးတော့ သွားကြတာပဲ။

★ သို့သော် မီးဖြစ်နိုင်တဲ့
အနေအထားလေးသာရှိတာ။ ခုနက အသံ
ဖြစ်နိုင်တဲ့အနေအထားလေးသာရှိတာ အသံမရှိဘူး၊ ထို့အတူပဲ လူတွေရဲ့ သန္တာန်မှာလည်းပဲ စိတ်ဆိုတာရှိနေတာ မဟုတ်ဘူး။ အကြောင်းတရားနဲ့ဆုံတဲ့အခါမှာ ဖြစ်လာတဲ့သဘောတရား။ တလစပ်ဆုံနေတော့ တလစပ်ဖြစ်နေတာပေါ့။

★ ဒါကြောင့်မို့ မြင်သိစိတ်ဖြစ်လိုက်တယ်၊ ကြားသိစိတ်ဖြစ်လိုက်တယ်၊ နံသိစိတ်ဖြစ်လိုက်တယ်၊ အကြိမ်ကြိမ်အထပ်ထပ် ဖြစ်နေတာ။ အမြဲတမ်း ရှိနေတယ်လို့ လူတွေက အတွေးလွဲသွားတာသာ
ဖြစ်တယ်ပေါ့။

★ အဲတော့ ၀ိပဿနာဉာဏ်နဲ့ ကြည့်တဲ့အခါ မြတ်စွာဘုရားက ဟောတယ်လေ ကံကြောင့်ဖြစ်လာတဲ့ စက္ခုပသာဒရုပ်၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးမျိုးကြောင့် ဖြစ်လာတဲ့ အဆင်းအာရုံ ဒီနှစ်ခုပေါင်းစပ်လို့ မြင်သိစိတ်ဆိုတာလေး ဖြစ်တာပါလို့ အားလုံးကို ခြုံပြီးတော့ပြောလိုက်တယ်။

★ အဲဒီမှာ မြင်သိစိတ်က -
စက္ခုပသာဒလို့ဆိုတဲ့ ရုပ်က ရုပ်တမျိုးတည်းပဲ၊
ရူပါရုံဆိုတာတော့ အမျိုးမျိုးခွဲလိုက်မယ်ဆိုရင်  မျက်စိနဲ့မြင်လို့ရတဲ့အဆင်းဟာ •••
ကမ္ဘာပေါ်မှာမြောက်မြားစွာရှိတယ် သစ်ပင်ရဲ့
အဆင်းလား လူရဲ့အဆင်းလား အခုလိုစေတီပုထိုးကြီးရဲ့
အဆင်းလား အမျိုးစုံရှိတယ်ပေါ့နော် ခွဲမယ်ဆိုရင်၊
အားလုံးကို ခြုံငုံပြောလိုက်တဲ့အခါ မျက်စိနဲ့မြင်လို့ရတဲ့
အဆင်း အဲဒါနှစ်မျိုးကိုအကြောင်းပြုပြီးတော့ စက္ခုဝိညာဏ်စိတ်ဆိုတာဖြစ်တယ်။

★ အဲဒီလို ဖြစ်လာတဲ့သဘောကို အရင်သိအောင်ကြည့်တယ်၊ အရင်သိအောင်ကြည့်တာ 'ဉာတပရိညာ' လို့ခေါ်တယ်။ ယောက်ျား မိန်းမဆိုတဲ့ ငါ့မျက်စိ သူ့မျက်စိ ငါမြင်တာ သူမြင်တာဆိုတဲ့ အတွေးတွေမပါတော့ဘူး သဘာဝတရားသက်သက်ကိုသာ ရှုမြင်နေတဲ့အခါမှာ ၀ိပဿနာဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပုံကို မြတ်စွာဘုရားကဟောတယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

(၇.၅.၂၀၁၈) နေ့တွင် ဟောကြားတော်မူခဲ့သော “မြတ်ဗုဒ္ဓ၏ ဒွယ ဝိပဿနာ တရားတော်” မှ ကောက်နှုတ်ဖော်ပြပါသည်။

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

#Credit ~ C M T.

No comments:

Post a Comment