Tuesday, January 22, 2019

ရေ၀တီ

ရ၀တီဆိုတဲ့နာမည်လေးက တော်တော်လေးလှတာပါ။ နာမည်ကြားရုံနဲ့တင် သူ့အကြောင်း သိချင်နေတာပါ။ ပြီးတော့နာမည်လေးက လှသလို သူ့ရဲ့ဘဝသမိုင်းလေကလည်း လှမှာပဲဆိုပြီး တကူးတကကို ရှာဖတ်ကြည် ဖြစ်ပါတယ်။

ဖတ်ကြည့်မှအထင်နဲ့အမြင် တက်တက်စင်အောင် လွဲတော့တာပါ။ ရေဝတီရဲ့ဇာတ်လမ်းလေးကဒီလိုပါ။

တစ်ခါတုန်းက နန္ဒိယဆိုတဲ့ အမျိုးသားကောင်းလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထုးခြားချက်ကတော့ ဒါနပြုတာသိပ်ဝါသနာပါတာပါ။ အိမ်ရှေ့မှာ ဆွမ်းစားဇရပ်ဆောက်ပြီး ရဟန်းသံဃာတော်တွေကိုဆွမ်းလောင်း ဆွမ်းကပ်ရုံတင်မကပဲ မရှိဆင်းရဲသားတွေကိုလည်း နေ့စဉ် ထမင်းပေးလှူတာပါ။ ဒါနကို စေတနာပါပါနဲ့ နေ့စဉ်ပြုနေတော့ စီးပွားရေးကလည်းဆထက်ထမ်းပိုး ပိုပိုအဆင်ပြေလာပါတယ်။ ဒါနရဲ့အကျိုးကို လက်တွေ့ခံစားနေရတော့ နန္ဒိယက သူ့ရဲ့အလှူဒါနကို လျော့မသွားစေဘဲ တိုးတိုးပဲ လှူနေပါတော့တယ်။

နန္ဒိယရဲ့အိမ်ရှေ့မှာ ရေဝတီဆိုတဲ့အမျိုးသမီးလေးရှိပါတယ်။ နန္ဒိယနဲ့ မောင်နှမတစ်ဝမ်းကွဲ တော်ပါတယ်။ နန္ဒိယအမေနဲ့ ရေဝတီအဖေက မောင်နှမအရင်းပါ။

နန္ဒိယအမေက သူ့သားနန္ဒိယကို တူမရေဝတီနဲ့ နေရာချပေးချင်ပါတယ်။ ဒါပေမယ့် နန္ဒိယက ငြင်းပါတယ်။ နန္ဒိယငြင်းရတဲ့အကြောင်းရင်းကတော့ ရေဝတီဟာ ဘာသာရေး စိတ်ဝင်စားမှုနည်းလို့ပါတဲ့။

ဒီတော့ နန္ဒိယရဲ့အမေက သူ့တူမကို အကြံသွားပေးရပါတယ်။

“တူမလေးရယ် နန္ဒိယက ဒါနပြုတာ သိပ်ဝါသနာပါတာ။ နန္ဒိယဆွမ်းလောင်းတဲ့အခါ လာကူရတယ်။ ရဟန်းသံဃာတော်တွေ ကြွလာတဲ့အခါမှာ သပိတ်ကို လှမ်းယူရတယ်။ ဆွမ်းစားပြီးတဲ့အခါလည်း သပိတ်တွေကို ဆေးပေးရတယ်။ ငါ့တူမကလည်း ညံ့လိုက်ပါဘိ”

ရေဝတီက အဒေါ်ပြောတဲ့အတိုင်း လာကူပါတယ်။ ရက်ကလေးကြာလာတော့ အမေလုပ်သူက နန္ဒိယကို”သားရယ် ဟိုမှာတွေ့လား၊ ရေဝတီက သိပ်လိမ္မာတာပဲ။ သပိတ်တွေကို ကိုယ်တိုင်ဆေးပေးနေတာ” လို့ တူမ ကောင်းကွက်ကလေးကို ပြပါတယ်။

နောက်ဆုံးတော့ နန္ဒိယနဲ့ ရေဝတီ ညားရောပဲ ဆိုပါတော့။

ညားခါစမှာတော့ ရေဝတီက ဟန်ဆောင်ပန်ဆောင် နန္ဒိယနဲ့အတူတူ လိုက်လုပ်ပါသေးတယ်။ ဒါပေမယ့် စိတ်ထဲကတော့ လုံးဝကို မပါပါဘူး။

နောက် နန္ဒိယက ဣသိပတနကျောင်းတိုက်ကြီးထဲမှာ ကျောင်းဆောင်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။

နန္ဒိယက လှူတာတောင် ရိုးရိုးရေစက်ချ မလှူပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ လက်တော်ကို ရေလောင်းပြီးရေစက်ချ လှူတာပါ။ မြတ်စွာဘုရားရင်ကိုယ်တိုင်ကလည်း နန္ဒိယရဲ့အပြုအမူကို ကျေကျေနပ်နပ်နဲ့ခွင့်ပြုပါတယ်။

နန္ဒိယရဲ့ သဒ္ဓါတရားက သိပ်ထက်သန်နေတော့ ထူးထူးခြားခြားဘာထဖြစ်သလဲဆိုတော့ တာဝတိံသာနတ်ပြည်မှာ ကြိုဗိမာန်ပေါက်တော့တာပါပဲ။ ဗိမာန်တင် မကပါဘူး။ ပြုစုမယ့် နတ်သမီးတွေ ကလည်းအသင့်ကြိုစောင့်နေကြပါတယ်။

နန္ဒိယကသာ ဒါနတွေပြုပြီး နတ်ပြည်မှာ ကြိုဗိမာန်ပေါက်နေတာ၊ ရေဝတီကတော့ နန္ဒိယပြုလုပ်နေတာ တစ်စက်မှကို သဘောမကျပါဘူး။ သူ့စိတ်ထဲ လှူရင်ကုတ်တယ်လို့ပဲ ထင်နေတာပါ။ မပြောရဲလို့သာ အသာကြည့်နေရတာပါ။ စိတ်ထဲကတော့ လုံးဝမကြည်ဖြူပါဘူး။

ဒီလိုနဲ့ တစ်နေ့တော့ နန္ဒိယဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ ခရီးထွက်ဖို့ ကြုံလာပါတယ်။ ခရီးမထွက်ခင် ရေဝတီကို”ရေဝတီရေ၊ ခရီးထွက်နေတုန်းမှာ ရဟန်းသံဃာတွေလောင်းတဲ့ ဆွမ်းဝတ်ကို ဂရုစိုက်လောင်းနော်၊ မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ဝတ်ကိုလည်း မလျော့စေနဲ့၊ ဂရုစိုက်လုပ်ပါ” လို့မှာခဲ့ပါတယ်။

ဒါပေမယ့် ရေဝတီက နန္ဒိယ ခရီးထွက်သွားတာနဲ့ ရဟန်းသံဃာတော်တွေကို ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲ လောင်းပါတော့တယ်။ မရှိဆင်းရဲသားတွေကိုတော့ လုံးဝ မပေးလှူတော့ပါဘူး။

နန္ဒိယ ကုန်ရောင်းကုန်ဝယ်ကိစ္စပြီးလို့ သူ့မြို့ကိုပြန်လာတဲ့အခါ အိမ်မရောက်ခင် သတင်းဆိုးကို အရင်ကြားလိုက်ရပါတယ်။ ဒါကြောင့် သူ့အိမ်ကို မဝင်သေးဘဲ “ရေဝတီ အိမ်ပေါ်ကအခုဆင်း” လို့ လူတစ်ယောက်ကို လွှတ်ပြီး ဆင်းခိုင်းလိုက်ပါတယ်။ နန္ဒိယပြောတဲ့အတိုင်း ရေဝတီလည်း အိမ်ပေါ်က ဆင်းသွားရရှာပါတယ်။

နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက”နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။

ရေဝတီ အိမ်ပေါ်ရောက်ပြီး မကြာခင်ကာလမှာဘဲ နန္ဒိယလည်း ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တော့ သူ့အတွက် ကြိုပေါက်နေတဲ့ တာဝတိံသာနတ်ဗိမာန်မှာ နတ်သားသွားဖြစ်ပါတယ်။

နန္ဒိယကွယ်လွန်တော့ ရေဝတီက သိပ်ဝမ်းသာသွားပါတယ်။ သူ့အထက်မှာ ဘယ်သူမှ မရှိတော့ပါ။

ရေဝတီ ပထမဆုံး ဖျက်ဆီးပစ်လိုက်တဲ့ဝတ်က မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ ဒါနဝတ်ပါ။ နောက်ထပ်ပြီး ဖျက်ဆီးတာက ရဟန်းသံဃာတော်တွေကို နေ့စဉ် ဆွမ်းလောင်းလှူတဲ့ဝတ်ပါ။

ဝတ်ဖျက်ရုံတင်မကဘဲ ရဟန်းသံဃာတွေ ဆွမ်းလာခံတဲ့အခါ ရေဝတီက “ဒီကိုယ်တော်တွေကြောင့် ငါ့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာ” လို့ဆိုပြီး ရေရွတ်ဆဲရေးပါသတဲ့။ သူရေရွတ်ဆဲရေးအထဲမှာ ရဟန္တာတွေလည်း ပါပါတယ်။ ရဟန္တာတွေကို ရေရွတ်ဆဲရေးလိုက်တဲ့ အကုသိုလ်ကံဟာ ရေဝတီအတွက် အကြီးမားဆုံး ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ အသေးစားအကုသိုလ် အခြံအရံတွေကလည်း ဝိုင်းဝိုင်းလည်နေတာဆိုတော့ နောက်ဆုံး အရှင်လတ်လတ် ငရဲကျသွားရပါတော့တယ်။

ရေဝတီရဲ့ဇာတ်သိမ်းပိုင်းလေးကိုဖတ်ပြီး “သြော်…. ရေဝတီရယ်” လို့စုပ်သပ်ရင်း ခေါင်းထဲကို တစ်ခြားဝတ္ထုလေးတွေလည်းဆင့်ကာဆင့်ကာ ဝင်လာပါတယ်။

ပထမဆုံးဝင်လာတာက ဗောဓိမင်းသားဝတ္ထုပါ။

ဗောဓိမင်းသားတို့ လင်မယားဟာ သားသမီး သိပ်လိုချင်ကြပါတယ်။ ဒါပေမယ့် မရကြပါဘူး။ နောက်ဆုံး ဘယ်လိုအကြံထုတ်သလဲဆိုတော့ မြတ်စွာဘုရားကို အိမ်ပင့်မယ်။ မြတ်စွာဘုရားကြွလာတဲ့အခါ နင်းသွားဖို့အခင်း ဖြန့်ခင်းထားမယ်။ မြတ်စွာဘုရား အခင်းပေါ်နင်းသွားတဲ့အခါ “သားသမီးရရပါလို၏“ လို့ဆိုတောင်းမယ်ပေါ့လေ။ သူ့အဓိဋ္ဌာန်နဲ့သူပါ။

မြတ်စွာဘုရားရှင်က ဗောဓိမင်းသားအိမ်ကို ကြွတော့လာပါတယ်။ ဒါပေမယ့် သူတို့တောင်းမယ့်ဆု မပြည့်နိုင်ဘူးဆိုတာသိလို့ အခင်းကိုမနင်းပါဘူး။ ဗောဓိမင်းသားကတော့ ဇွတ်နင်းခိုင်းနေပါတယ်။

နောက်ဆုံးတော့ မြတ်စွာဘုရားက သူတို့သားသမီးမရနိုင်တဲ့ အကြောင်းကိုပြောပြရပါတယ်။ သင်္ဘောပျက်တော့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတယ်။

အဲ့ဒီကျွန်းမှာ စားစရာမရှိတာနဲ့ ငှက်ဥလေးတွေကို ဖောက်စားကြပါသတဲ့။ နောက် ငှက်ဥကလေးတွေကုန်တော့ ငှက်ကလေးတွေကို သတ်စားကြပါသတဲ့။ အဲ့ဒီ အကုသိုလ်ကံကြောင့် သားသမီး မရတာပါတဲ့။ တကယ်လို့သာ ဇနီးမောင်နှံနှစ်ယောက်ထဲက တစ်ယောက်ယောက်ကသာ မစားခဲ့ရင် သားသမီးရမှာပါတဲ့။

နောက်ဝတ္ထုတစ်ခုက အားလုံးသိကြတဲ့ သူဆင်းရဲ မောင်ပုဏ္ဏဝတ္ထုလေးပါ။ အရှင်သာရိပုတ္တရာကို ခင်ပွန်းက ရေဒပူကပ်တယ်။ ဇနီးကခင်ပွင်းအတွက် ယူလာတဲ့ ထမင်းကို အရှင်သာရိပုတ္တရာကို ကပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ကွယ်ရာမှာ ကပ်လှူကြပေမယ့် တစ်ယောက်ကုသိုလ်ကို တစ်ယောက်က ကျေနပ်သဘောတူခဲ့ကြပါတယ်။

အတွေးထဲမှာ ဝတ္ထုလေးတွေက ဆင့်ကာဆင့်ကာ ဝင်လာခဲ့ပါတယ်။

ထားပါတော့လေ၊ မျက်မှောက်လောကမှာ ခင်ပွန်းလုပ်သူကအပြင်မှာ စီးပွားထွက်ရှာနေရတယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇနီးလုပ်သူက ခင်ပွန်းရဲ့မမြင်ကွယ်ရာမှာ ဆွမ်းလောင်းတာတို့၊ တခြားပန်းကပ်တာတို့ လုပ်နေမယ်။ ဒါကို ခင်ပွန်းလုပ်သူက မမြင်တွေ့ရပေမယ့် ကျေနပ်သဘောတူနေရင် ကုသိုလ်က ဇနီးမောင်နှံနှစ်ယောက်လုံး အတူတူဖြစ်နေတာပါ။ ကျေနပ်သဘောတူနေဖို့ပဲ အရေးကြီးပါတယ်။

တကယ်လို့ ခင်ပွန်းလုပ်သူက ကျေနပ်သဘောတူမှုမရှိခဲ့ရင်တော့ ဇနီးပြုတဲ့ ကောင်းမှုကိုသိုလ်တွေဟဟာ ဇနီးအတွက်ပဲ ဖြစ်နေမှာပါ။

ဒါက ကောင်းတဲ့ကုသိုလ်ဘက်က ပြောတာပါ။ မကောင်းတဲ့အကုသိုလ်ဘက်က ပြောမယ်ဆိုရင်လည်း ဥပမာပေါ့လေ ခင်ပွန်းလုပ်သူက မသမာတဲ့နည်းနဲ့ စီးပွားရှာနေမယ်။ ဒါမှမဟုတ် လာဘ်စားနေမယ်။ ဒီကိစ္စကို ဇနီးလုပ်သူကကျေကျေနပ်နပ်နဲ့ သဘာတူနေမယ်။ လာဘ်စားလို့ရလာတဲ့ ပစ္စည်းကို ကျေကျေနပ်နပ်နဲ့ သုံးဆောင်နေမယ်ဆိုရင် အကုသိုလ်က ဇနီးမောင်နှံ အတူတူ ဖြစ်နေမှာပါ။

တကယ်လို့ ဇနီးလုပ်သူက သဘောမတူခဲ့ရင်တော့ အကုသိုလ်က ခင်ပွန်းအတွက်ပဲဖြစ်နေမှာပါ။

အပြစ်ဆိုတာ ပြုပြီးရင် အပြစ်ရဲ့ အကျိုးကို ကာလတစ်ခုမှာတော့ခံရမှာ ဧကန်ပါ။

တကယ်စဉ်းစားကြည့်ရင် လူတစ်ယောက်ရဲ့ဘဝမှာ ငွေကအဓိကမပြဋ္ဌာန်းပါဘူး။ ငွေထက်ပြဋ္ဌာန်းတဲ့ အရာတွေအများကြီးရှိပါတယ်။

ငွေတွေ၊ တိုက်တွေ၊ ကားတွေ၊ ရာထူးဂုဏ်သိန်တွေ မရှိပေမယ့် ကိုယ်ကျင့်သီလလေး ဖြူဖြူစင်စင်ရှိမယ်။ ဂုဏ်တော်မေတ္တာပွားတဲ့ သမထကိုယ်ကျင့်သီလလေးရှိမယ်။ အချိန်ရသမျှ ဝိပဿနာတရားလေး အားထုတ်နေမယ်ဆိုရင် ဘဝကတော်တော်လေးအဓိပ္ပါယ်ရှိနေတာပါ။ ကိုယ်ကျင့်သီလမဲ့ပြီး ပစ္စည်းဥစ္စာတွေနဲ့ အသက်တစ်ရာရှည်ရတာထက် ကိုယ်ကျင့်သီလရှိပြီး တစ်ရက်ပဲအသက်ရှည်ရတာ ပိုမြတ်ပါတယ်။

ကိုယ်ကျင့်သီလကော၊ ပစ္စည်းဥစ္စာကော ပြည်စုံနေတယ်ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဂွတ်ရှယ်ပါပဲ။

ဇနီးမောင်နှံဆိုတာ အတိတ်ရေစက်ကြောင့် တွေ့ကြရတာပါ။ သဘောတူသင့်တာကို သဘောတူပြီး၊ သဘောမတူသင့်တာကို လုံးဝသဘောမတူ ရပါဘူး။ တားသင့်တာကို တားရပါမယ်။

ရေဝတီဟာ ခင်ပွန်းရဲ့အပြုအမူတွေကို ငြိမ်ငြိမ်လေးသာလိုက်ပြီး သဘောတူနေရင် တာဝတိံသာနတ်ပြည်မှာ နန္ဒိယနဲ့အတူစံစားနေရမှာပါ။ လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်းဝတ္ထုတွေဟာ အဓိကမပြဋ္ဌာန်းဘူးဆိုတာ ရေဝတီ လူ့ပြည်မှာရှိနေတုန်း သိမသွားရှာပါဘူး။ ငရဲရောက်မှပဲ ဒီပစ္စည်းဝတ္ထုတွေကတစ်ဆင့် သူ့ကိုငရဲချလိုက်တယ်ဆိုတာ သိရတာပါ။ သိချိန်မှာ နောက်ကျသွားပါပြီ။ နောက်ကျမှ ရတဲ့အသိက အသုံးမဝင်တော့ပါဘူး။ ဒါပေမယ့် ရေဝတီက လူ့ပြည်မှာ ကျန်ခဲ့တဲ့လူသားအားလုံးကို တရားပြသွားခဲ့ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ ကိုယ့်စိတ်ကလေးကို သတိထားစောင့်ရှောက်လိုက်ဖို့ပါပဲ။

ဒီဆောင်းပါးလေးကို မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ရအောင်းပါ။

အကုသိုလ်နှင့်၊ ကိုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှန်ယူ မှန်စွာ၊ မရရာဘူး၊

ကျမ်းကိုး-

၁။ဝိမာနအဋ္ဌကထာ၊စာမျက်နှာ ၂၀၄

၂။ဟောစဉ်တရားတော်များ(စတုတ္ထတွဲ) မင်းကွန်းဆရာတော်ဘုရားကြီး

Monday, January 21, 2019

ဗေဒါရီ

ဘေဒါရီ


ဘေဒါရီ မင်းသမီးကလေး၏ ဘဝဖြစ်စဉ်တို့ သည် ဆန်းကြယ်စိတ်ဝင်စားဖွယ်ကောင်း၍ ဒဏ္ဍာရီ ပုံပြင် ဆန်လှပေရာ၊ မြန်မာလူမျိုးတို့နှစ်သက်စွဲလမ်းသော ပုံပြင်များ တွင် တစ်ခုအပါအဝင် ဖြစ်ပေသည်။


ဘေဒါရီ သရေခေတ္တရာပြည်ကို တည်ထောင်သော ဒွတ္တဘောင်မင်းကြီး မယ်တော်ဖြစ်သည်။ ဘေဒါရီ၏ ဘဝ ဖြစ်စဉ် (အရပ်ရပ်) ကို ရာဇဝင်သမိုင်းများ၌ အောက်ပါ အတိုင်း ပါရှိလေသည်။


သာသနာသက္ကရာဇ် ၄ဝ ခန့်တွင် ဒုတိယတစ်ကောင်း ဆက် အစွန်သာကီဝင်မင်းမျိုး သတိုးတစ်ဆယ့် ခုနစ်ဆက် မြောက် သတိုးမဟာရာဇာမင်းကြီး၏ လက်ထက်တွင် အရပ် ၁၂ တောင်ရှိသော တောဝက်ကြီး တစ်ကောင်သည် တကောင်း ပြည်၏ ရွာစွန်ပြည်နားသို့ဝင်ရောက်ဖျက်ဆီးသည်။ မင်းကြီး သည် မိဖုရားကြီး၏ မောင် တော်အိမ်ရှေ့ဥပရာဇာ ခေပဒူတ မင်းသားကို ဝက်ကြီး၏ ရန်ကို နှိမ်နင်းရန် စေလွှတ်တော် မူသည်။


ခေပဒူတမင်းသားသည် ဝက်ကြီးကို အစဉ်တစ်စိုက် လိုက်လံနှိမ်နင်းရာ၊ သရေခေတ္တရာပြည် တည်ရာ အနီးကျွန်း တစ်ကျွန်းသို့ရောက်မှ ဝက်ကြီးကို ခွင်းရသည်။ သို့သော် တကောင်းပြည်မှ အလွန်ဝေးလှသော အရပ်သို့ခရီးလွန်ခဲ့ ပြီးဖြစ်၍ မင်းသား၏ စိတ်ဆန္ဒတွင်လည်း ပစ္စုပ္ပန်စီးပွားကို မရှာလိုတော့ဘဲ သံသရာစီးပွားကို ရှာလို သောကြောင့် ထိုအရပ်တွင်ပင် ရသေ့ရဟန်းပြုနေရာ များမကြာမီ ဈာန် အဘိညာဉ် ရတော်မူသည်။


ထိုအချိန်ခန့်တွင် သမ္ဘူလမည်သော ပျူမင်းကို ဓည ဝတီက နှောင့်ယှက်သိမ်းယူလေသဖြင့် ထိုမင်း၏ မိဖုရား နန်းခန်းသည် အလုံးအရင်းနှင့် ထွက်ခွာလာပြီးလျှင် သကျအင်း အရပ်တွင် နေထိုင်သည်။ မိဖုရားမှစ၍ ထိုအရပ်၌ နေကုန် သော သူတို့သည် ခေပဒူတရှင် ရသေ့အား ကိုးကွယ်မှီခိုရာ ပြုကုန်သည်။


ရှင်ရသေ့သည် တစ်ခုသော ကျောက်ခွက်၌ ရေဟောင်း မပြတ် သန့်စင်တော်မူသည်။ သမင်မငယ် တစ်ခုသည် ထိုရေ ဟောင်းကို မပြတ် လျက်စမှတ်ပြုလေ၍ ကာလရှည်လျားလတ် သော သမင်မငယ် ဝမ်း၌ ပန္ထိသန္ဓေတည်သည်။ နေ့လ စေ့သော် လူမိန်းမငယ်ကို ဖွားလေသည်။


ဖွားမြင်သော ကလေးငယ်၏ ငိုသံကြားလျှင်၊ အမိ ဖြစ်သော သမင်မသည် လန့်၍ပြေးသည်။ ရှင်ရသေ့သည် ကလေးငိုသံကြား၍ သွားရောက်ကြည့်လတ်သော၊ အဆင်း အင်္ဂါနှင့် ပြည့်စုံသော သတို့သမီးငယ်ကို တွေ့ရသည်။ ထိုအခါ အကျိုးအကြောင်း ဆင်ခြင်ပြီးသော်၊ အဓိဋ္ဌာန် ပြုလေသဖြင့် လက်ချောင်းမှ ထွက်သော နို့ရည်ကို တိုက်ကျွေးသည်။ ယင်းသို့ဖြင့် ကလေးငယ်အား ပြုစုကျွေးမွေးလာခဲ့၍ ဘေဒါရီ ဟူသော အမည်ကို ပေးလေသည်။


ဘေဒါရီသည် အသက် ၁၇ နှစ် အရွယ်သို့ရောက် လတ်သော် ရသေ့ရဟန်းတို့မည်သည် မိန်းမတို့နှင့် အတူ နေခြင်းငှာမသင့်၊ သူတစ်ပါးမြင်သော်လည်း မလျော်ဟု ရှင် ရသေ့၌ အကြံဖြစ်သည်။ ထို့ကြောင့် တစ်နေ့လုံး ရေမှာကြာ၍၊ ညဉ့်အချိန်တန်မှ ပြန်ရောက်နိုင်လေအောင် ရေဆိပ်မှ ရေသယ် ရန် မျောက်မြီးကို ရေမှာ နစ်စေပြီးလျှင်၊ ထိုဘူးစက်တွင် ကျည်တောက်ဖြင့်ခံ၍ ရေကိုပြည့်စေရသည်။ ယင်းသို့ဖြင့် ဘေဒါရီကို တစ်နေ့ကုန် ရေဆိပ်၌ ကြာစေလျက်၊ ညဉ့် အချိန်တန်မှ ကျောင်းသင်္ခမ်းသို့ပြန်ရောက် စေသည်။


ခေပဒူတ မင်းသားသည် ဝက်ကြီးရန်ကို ခွင်းသည့် နှစ်၊ သာသနာသက္ကရာဇ် ၄ဝ ပြည့်နှစ်၌ပင် တစ်ကောင်းမင်း၏ မိဖုရားကြီး ကိရီဒေဝီသည်မဟာသမ္ဘာဝ၊ စူသမ္ဘဝ မျက်မမြင် ညီနောင်ကို အမြွှာဖွားသည်။ မင်းကြီးက ရှက်စနိုး၍ သူမသိ အောင် ဖောက်ဖျက်ရန် မိန့်ကြားသော်လည်း ရင်၌ ဖြစ်သော အသွေးအရည်ဖြစ်၍ မိဖုရားသည် မစွန့်ပစ်နိုင်ဘဲ ဝှက်ထား သည်။ သို့သော် သာသနာသက္ကရာဇ် ၅၉ ခုနှစ်တွင် သားတော် တို့အား ဝှက်ထားကြောင်း မင်းကြီးသိလေ၍၊ သတ်ခိုင်းရာ မိဖုရားသည် သားတော်တို့အား ဖောင်၌တင်၍ မျှောလိုက်သည်။


ဖောင်သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စုန်လာခဲ့ရာ၊ လမ်းခရီးတွင် စန္ဒမုခီဘီလူးမ၏ ကုစားမှုကြောင့် မင်းသားများသည် မျက်စိအလင်းရရှိခဲ့ကြသည်။ မင်းသားတို့၏ ဖောင်သည် အစဉ်တစိုက် စုန်လာခဲ့ရာ ဘေဒါရီ ရေခပ်ရာ ရေဆိပ်သို့ရောက်ခဲ့သည်။


မင်းသားတို့သည် ဘေဒါရီ ရေခပ်ပုံကိုမြင်လျှင် ဘူးကိုယူ၍ သန်လျှက်ဖြင့် မျက်နှာဝကို လှီးပြီးလျှင် အစေ့ကို သွန်ကာ ရေမှာခပ်စေ၍ ကျည်ထောက်ကို ပြည့်စေသည်။ ဘေဒါရီလည်း ကျည်တောက်တွင် ရေပြည့်လျှင် ခမည်းတော် ရှင်ရသေ့၏ ကျောင်းသို့ပြန်သွားလေသည်။


ရေဆိပ်မှ စောစီးစွာ ပြန်လာသော ဘေဒါရီအား ရှင်ရသေ့တွေ့လျှင် အကြောင်းကို စုံစမ်း၍ မင်းသားတို့အား ခေါ်ယူပြီးသော် စေ့စုံစွာ မေးမြန်းသည်။ မင်းသားနှစ်ပါးလည်း အကြောင်းကို လျှောက်ထားသော်၊ မိမိ၏ တူတော်ရင်းများ ဖြစ်နေသည့်အတွက် မင်းသားအကြီး မဟာသမ္ဘဝနှင့် သမီးတော် ဘေဒါရီကို စုံဖက်ပေးလေသည်။


ရှင်ရသေ့သည် ဘုန်းတန်းခိုးကြီးမားသူလည်း ဖြစ်သည်။ အဋ္ဌာရသ၌လည်း အပြီးတိုင်တတ်သူ ဖြစ်သည်။ ရာဇပရိယာယ်၌ အလွန်လိမ္မာတော်မူသည်။ ထို့ကြောင့် မိမိအား ဆည်းကပ်ကိုးကွယ်လျှက်ရှိသော ပျူမိဖုရား အမှူးရှိသော သူတို့အား တူတော် မဟာသမ္ဘာဝကို မင်းအဖြစ်ပေးအပ်ရန် ရှင်ရသေ့က မိန့်ကြားသည် ပျူမိဖုရားလည်း မဟာသမ္ဘဝ မင်းသား၏ ဘုန်းလက်ရုံးနှင့် ပြည့်စုံသည့် အဖြစ်ကိုသိ၍ သဘောကြိုက်ညီကာ၊ မင်းသားအား မင်းမြေ|ာက်သည်။


ယင်းသို့ဖြင့် မဟာသမ္ဘာဝမင်းသားသည် သကျအင်းအရပ်တွင် သာသနာသက္ကရာဇ် ၆ဝ ပြည့်နှစ်၌ မင်းအဖြစ် အုပ်စိုးသည်။ မဟာသမ္ဘဝမင်းသည် ဘေဒါရီမိဖုရားအပြင်၊ ပျူမိဖုရားကိုလည်း မိဖုရားအဖြစ် တင်မြေ|ာက်လေသည်။ သို့သော် ပျူမိဖုရား၌ သမီးတော်တစ်ပါး ဖွားမြင်ပြီးနောက် မကြာမီ အနိစ္စရောက်လေ သည်။


ဘေဒါရီ မိဖုရားတွင် ဒွတ္တဘောင်မင်း ပန္ထိသန္ဓေ ၃လ ရှိသောအခါ၊ မဟာသမ္ဘဝမင်းသည် သက်တော် ၂၆ နှစ်တွင် နတ်ပြည်စံသည်။ ထို့ကြောင့် သာသနာသက္ကရာဇ် ၆၆ နှစ်တွင် စူသမ္ဘာဝသည် နောင်တော်၏ ရိုက်ရာ ကို ဆက်ခံ၍ မင်းပြု သည်။ စူသမ္ဘဝမင်းသည် မရီးတော် ဘေဒါရီကိုပင် မိဖုရားမြေ|ာက်သည်။ ဘေဒါရီ မိဖုရား ၏ သားတော် ဒွတ္တ ဘောင်ကား နောင်အခါတွင် သူမြတ် ၇ ဦးတို့၏ အစောင့် အရှောက် အကူအညီဖြင့် သရေ ခေတ္တရာမြို့ကို တည်ခဲ့သည်။ ဘေဒါရီ မိဖုရား အနိစ္စရောက်သည့် နှစ်ကိုကား မတွေ့ရချေ။[၁]

Sunday, January 20, 2019

ဂျင်းခေတ်

*** ဂျင်း ​ခေတ်​ ***


ခေတ်​ကိုက လဖက်​ညွှန့်​ဆိုပြီး

ရာဘာရွက်​အညွှန့်​​တွေ ကို ချဉ်​ငံစပ်​လုပ်​မပုပ်​​ဆေး​တွေထည့်

ဆီစိမ်​. ပုလင်းနဲ့ပိတ်​ပြီး

တံဆိပ်​ကပ်​လိုက်​ရင်​တဆယ်​သား ၃၀၀တန်ရာဘာညွှန့်​တွေကတပုလင်း ၆၀၀၀ တန်​နာမည်​ကြီးလက်​ဖက်​ညွှန့်​ ​တွေ ဖြစ်​သွားတဲ့​ ဂျင်း​ခေတ်​.


(လဖက်​စစ်​ မစစ်​ခွဲချင်​ရင်

Leave margin entire ဖြစ်​မဖြစ်​နဲ့ခွဲရတယ်​.လဖက်​ ရွက်​အစစ်​ရဲ့

အနားသတ်​က နှင်းဆီ ရွက်​လို

အထစ်​အထစ်​​လေး​တွေ ပါပြီး

ရာဘာရွက်​က အနားသတ်

ပြောင်​​ချော​နေတယ်​.

လဖက်​ပင်​ ကိုယ်​တိုင်​စိုက်​ခဲ့လို့

ကိုယ်​တိုင်​ခူးခဲ့လို့အကုန်​ သိနေပေမဲ့လဲ 

လက်​ဖက်​ဝယ်​တယ်​ဆိုတာမျိုးက

ရှောက်​ရွက်​ဝယ်​သလို တညွှန့်​ချင်းကြည့်​ပီးဝယ်​လို့မှ မရတာ​ဆို​တော့တရွက်​ချင်းဖြန့်​မကြည့်​နိုင်​​သ​ရွေ့​တော့ခံ​ပေါ့ရှင်​)


ခေတ်​ကိုက ပုစွန်​ အသား

ငါးဖယ်​အသား တစက်​​လေးမှ​တောင်​မပါပဲ

ထမင်း​တွေချည်း ချဉ်​​အောင်​လုပ်

ရေခဲမုန့်​ ဖာလူဒါ​တေမှာသုံးတဲ့

ပန်း​ရောင်​ ​ဆေး​လေးဆိုးပြီး

အ​တောင့်​လိုက်​ ဖက်​ရွက်​​တွေနဲ့

ထုပ်​လိုက်​ရင်

ပုစွန်​ ချဉ်​ ငဖယ်​ချဉ်​ဆိုပြီး

ထမင်းအချဉ်​ အသိုး​ဆေးဆိုး​တွေကို

တထုပ်​ ၃၀၀၀ ဝယ်​စားရတဲ့​ ဂျင်း​ခေတ်​.


ခေတ်​ကိုက ကြွက်​​တွေ

တီ​ကောင်​​တွေ ​မြွေ​တွေ

အကုန်​​ရောကြိတ်​ပြီး

ကြက်​အူ​ချောင်း

ငဖယ်​​ချောင်း ဂဏန်း​ချောင်း 

ပုစွန်​အသား​ချောင်းဆိုပြီး တရုတ်​က

Packing လှလှနဲ့သွင်းလာတာ ​တွေကို

ကိုးရီးယား အကင်​ ဆိုပြီး

မက်​မက်​​မော​မော

ကြွက်​သားစား​နေကြတဲ့​ဂျင်း​ခေတ်​.


ခေတ်​ကိုက တရုတ်​ကြီးဖက်​က

ဇီး​စေ့ ဇီးဆံ​တွေ

ဈေး​ကောင်း​ပေးဝယ်​တယ်​ဆိုတာနဲ့

ဇီးဆံ​တွေ ထဲ အ​ဝေရာ​စေ့​တွေ

ရောပြီးဂျင်းထည့်​လို့

စိတ်​ငြိမ်​​ဆေး​ဖော်​ရတဲ့ ဇီးဆံက

အ​ဝေရာဆံ​တေ ဖစ်​​နေ​တော့

ဆေးက ဘာအာနိသင်​မှ မထက်​မှ

ပေါက်​​ဖော်​ကြီး​တေသိသွားကြပြီး

ဇီးဆံ ​ဈေးကွက်​ ပျက်​သွားရတဲ့​ ဂျင်း​ခေတ်​.


ခေတ်​ကိုက ​ထောင်းရကြိတ်​ရမှာ

ပျင်းတဲ့ အိမ်​ရှင်​မ​တွေအတွက်

ငါး​ခြောက်​မှုန့်​နဲ့ ဖွဲမှုန့်​​ရောထည့်

ပုစွန်​ ​ခြောက်​မှူန့်​ဆိုပြီး

ဖွဲမှုန့်​ ပင်​လယ်​ငါးမှုန့်​​တွေကို

တပိသာ ၃သောင်း ဝယ်​စားကြတဲ့​ ဂျင်း​ခေတ်​.


ခေတ်​ကိုက ပဲဆီစစ်​စစ်​မှစားတာ

အညာပဲဆီမှ စားတာ

ဘာတံဆိပ်​မှ စားတာ

ဘယ်​လိုထားထား မခဲတဲ့ ပဲဆီမှစားတာဆိုတဲ့

အိမ်​ရှင်​မ​တွေ အတွက်

စားအုန်းဆီ တပေပါထဲ 

အီလန်​ဆပ်​ပြာမှုန့်

တရာတန်​တထုပ်​​ဖောက်​ထည့်

တညအိပ်​ အငြိမ်​ စိမ်​ထား.

မနက်​မှ ကုန်​​ဈေးတန်းမှာ​ရောင်းတဲ့ 

တရုတ်​ကသွင်းလာတဲ့

တဗူး ၁၃၅၀၀ တန်

ပဲဆီ အနံ့ ​လေးနည်းနည်း ထည့်​လိုက်​တာနဲ့

ဆပ်​ပြာမှုန့်​​တွေ​ဖျော်​ထည့်​ထားတဲ့

တပိသာ ၁၆၅၀ တန်

စားအုန်းဆီ ​တွေက ဆပ်​ပြာမှု့ န့်​တန်​ခိုးနဲ့

ရေခဲ​သေတ္တာထဲ ထည့်​ရင်​​တောင်​မခဲ​တော့

ပဲဆီ စစ်​စစ်​ဆိုပြီး

တပိသာ ၇၀၀၀ ​ပေးစားကြတဲ့ ဂျင်း​ခေတ်​.


(​မေမြို့မှာ​နေတုန်းက မန်း​လေးထိဆင်း

ကိုယ့်​မျက်​စိ​ရှေ့မှာ ​မြေပဲ​တွေကို

စက်​ကဇလားကြီးနဲ့ အ​ပေါ်ကကြိတ်​ပြီး

ဆီကန်​ထဲ ကျလာတဲ့ ပဲဆီ မှ

ပိသာခွက်​ကြီးနဲ့ ကိုယ်​တိုင်​ခပ်​ပြီး

မျက်​စိ​ရှေ့မှာ ကြိတ်​တဲ့

ပဲဆီ စစ်​စစ်​မှ မန်း​လေးထိ

ဆင်းပြီး ဝယ်​စားတာတို့ ဘာတို့

ဝြံ့ကွားခဲ့ဖူးတယ်​. တကယ်​​တော့

သူတို့က နဂိုထဲက ဆီကန်​ထဲမှာ

စားအုန်းဆီ ၃ ပုံ၂ ပုံ ထည့်​ပြီးသားဆိုတာ

မသိခဲ့​တော့ ဂျင်း​တေထည့်​ခံရတာဆွာ​လေ.)


ခေတ်​ကိုက ငဇင်​ရိုင်း လို ငါးရံ့လို 

ငါးမျိုးဝယ်​ရင်​ အညှီ​တွေချွဲ​နေမှ

လတ်​တယ်​ထင်​တဲ့ အိမ်​ရှင်​မ​တွေအတွက်

ခေါင်း​လျော်​တဲ့တ​ရော်​ရည်​ အချွဲ​တွေ

လောင်းချနယ်​ဖတ်​ပြီး

ပုပ်​လို့ပွ​လာလို့ တပိသာ ၂၅၀၀​လောက်​ပဲ

တန်​တဲ့ ငဇင်​ရိုင်း​တွေကို 

လတ်​လွန်းလို့ အညှီ​တေချွဲစို​နေတာဆိုပြီး

တပိသာ ၇၀၀၀ ​ပေးစားကြတဲ့ ဂျင်း​ခေတ်​.


နို့မလိုင်​ ​ရောင်းတဲ့ ဆိုင်​​တွေမှာ

အိမ်​သာသုံး တစ်​သျူး​တွေကို

နို့ထဲထည့်​ကြိုပြီး 

ပျော့ဖတ်​ဖတ်​ တစ်​သျူး​တွေကို

နို့မလိုင်​​ဆိုပြီး

တပွဲ ၃၀၀၀ ထိ​ပေးစား​နေရတဲ့ ဂျင်း​ခေတ်​.


ပြောရမယ်​ဆိုများကြီး များကြီးကျန်​​သေးဒယ်​.

ဒါ​တေ​ရှောင်​မယ်​ဆို ​ရှောင်​ရင်း ​ရှောင်​ရင်း

စားဈာမရှိ ဖစ်​တွားကြမစိုးလို့.....

ဈေးသည်​​တွေ ကုန်​သည်​​တွေ

ထမင်းအိုး တုတ်​နဲ့ထိုးသလို ဖစ်​​နေမစိုးလို့

ခု​လောက်​နဲ့ပဲ ​တော်​​သေးပါပြီ. ........


ဒါ​တေ ဒါ​တေ ရှိ​နေ​သေးသ​ရွေ့

ဒါ​တေ ဒီလို​တေ စား​နေ​ရသ​ရွေ့

ကင်​ဆာ. နှလုံး. ​သွေးတိုး .ဆီးချို.

ကျောက်​ကပ်​.သွိုင်းရွိုက်​.

ရောဂါ​တေ ​ရောဂါ​တေ ​ရှောင်​လို့မရ

ဖြစ်​​နေကြဦးမှာပါပဲ.

ဒေါင်း ​လေး​တွေလဲ ​မွေးလာကြဦးမှာပါပဲ.

ဆေးရုံ ​ဆေးခန်း​တွေလဲ

ကြိတ်​ကြိတ်​တိုး စည်​ကား​နေကြဦးမှာပါပဲ​လေ.


Credit >>>>နှင်းဆီဧကရီ

ဘွဲ့ရတော့ ဘာလုပ်မှာလဲ

ဒေါ်စုပြောတာ ပညာမရှိတဲ့ထမီခြုံခွေးတွေ ရှက်ဖို့ကောင်းနေပြီ။

"ဒေါ်အောင်ဆန်းစုကြည်ပြောသော

#ဘွဲ့ရတော့ဘာလုပ်ရမလဲ"


မေး........ဖခင်တစ်ဦးတဲ့။


ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။

ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာ

ဘာဘွဲ့တွေ ရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့။ (လက်ခုပ်သံများ)

ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။ ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။

(ရယ်လျှက်)


စု

ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတဲ့ အဖြေက အခု အခြေအနေမှာဆိုရင်တော့

ဘာအလုပ်မှ ရမှာမဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူး

ဆိုတာတော့ မမှန်ပါဘူး။

အခု ဘွဲ့ရတွေအတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်း

တန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။

ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး။

ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။ ပညာရှိတာဟာ ပညာရှိတာပါ။ အဲ့ဒီတော့ စာကြိုးစားပါလို့

ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်း

ရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မကိုယ်တိုင် ကြားဖူးတာပါ။


တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှ

အလုပ် ကောင်းကောင်းရမယ်။ အလုပ် ကော်ငးကောင်း ရမှ ပိုက်ဆံ ကောင်းကောင်း ရမယ် ဆိုပြီးတော့ အဲဒီလို ပြောတာတွေ ကျွန်မတို့ ကြားကြတယ်။ ဒီဟာ ဟာ မှန်ကန်တဲ့နည်းနဲ့ ကလေးတွေကို ပညာ ရှာချင်အောင် လုပ်တာ မဟုတ်ဘူးလို့ ကျွန်မ ယူဆပါတယ်။


ပြီးတော့ ဘာဖြစ်လို့ စာကြိုးစားစေချင်လဲ ဆိုတော့ ဒါ ပညာရစေချင်လို့ပဲ။

နောက်ပြီးတော့ ဝီရိယ မွေးစေချင်လို့ပဲ။ စာကြိုးစားတယ် ဆိုတာ ဒါ ဝီရိယမွေးတာပဲ။

ကိုယ် လုပ်ရမယ့် အလုပ်ကိုဝီရိယရှိရှိနဲ့ လုပ်တတ်အောင်လို့ သင်ပေးတာပေါ့။

အဲဒီလို စိတ်ဓါတ်တွေနဲ့ စာကြိုးစားဖို့ မိဘတွေက သင်ပေးပါ။

စာကြိုးစားမှ အလုပ်ရမယ်။

အလုပ်ရမှ ပိုက်ဆံရမယ်။

ဒီလို စိတ်ဓါတ်တွေ ကလေးတွေကို မသွင်းပေးစေချင်ဘူး။ 


ဒီတော့ ပညာရှာပါ။ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲလို့ တချို့က မေးတယ်။

ဒီတော့ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲ ဆိုတာ ကျွန်မလည်း

တစ်ခါတလေ ကလေးတွေက မေးတော့ စဉ်းစားကြည့်ပါတယ်။

ခုနက ပြောတယ်။ ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲ။ ဒါတော့ မပြောနိုင်ဘူး။

ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတာတော့ ကျွန်မ မပြောနိုင်ဘူး။

ဒါပေမဲ့ ပညာရှိများကတော့ ဘယ်လို အကျိုးခံစားနိုင်သလဲ။


ကျွန်မ လောကီကိစ္စတွေ ပြောနေတာပေါ့နော်။ လောကုတ္တရာကိစ္စကိုတော့

ရဟန်းသံဃာများက ပြောရမှာပါ။ ပညာရှိလို့ရှိရင် ဘယ်လို အကျိုးခံစားရမလဲဆိုတော့

ပညာရှိခြင်းအားဖြင့် အလုပ်ကောင်းကောင်း ရရင်လည်း ရမယ်။

မရရင်လည်း မရဘူး။ ပညာရှိခြင်းအားဖြင့် ဒုက္ခဆင်းရဲ တွေ့ရင်လည်း တွေ့မယ်။

မတွေ့ရင်လည်း မတွေ့ဘူး။ ဒါတော့ ကျွန်မတို့ မပြောနိုင်ဘူး။

အနိစ္စတရားကို ကျွန်မတို့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး။

လောကဓံတရားရှစ်ပါးကို ကျွန်မတို့ ဘယ်လိုမှ မကျော်လွှားနိုင်ဘူး။


ဆင်းရဲတဲ့အခါ ဆင်းရဲမယ်။ ချမ်းသာတဲ့အခါ ချမ်းသာမယ်။

ဒါပေမဲ့ ပညာရှိတဲ့ လူဟာ ဆင်းရဲဒဏ်ရော၊ ချမ်းသာတဲ့ ဒဏ်ရော

နှစ်ခုစလုံးကို ကြံ့ကြံ့ခံနိုင်တယ်။ ဒါကြောင့်မို့ ပညာကို ရှာပါလို့ ပြောတာပါ။

ဆင်းရဲဒဏ် ခံနိုင်တယ်လို့ ပြောတာဟာ ပညာရှိများဟာ ဆင်းရဲနေသည်ဖြစ်စေ၊

ထောင်ထဲမှာ ရောက်နေသည် ဖြစ်စေ

ကြံ့ကြံ့ခံနိုင်တယ်။ ဘာဖြစ်လို့လဲ တရားရှိတယ်။

(လက်ခုပ်သံများ)


ဘယ်လို ဒုက္ခပဲ ဖြစ်ဖြစ် ခံနိုင်တာဟာ ပညာရှိများရဲ့ အရည်အချင်းပဲ။

နောက်ပြီးတော့ ချမ်းသာဒဏ် ခံနိုင်တယ်။ ချမ်းသာဒဏ် ခံနိုင်တယ်ဆိုတာက

ဘာကို ပြောတာလဲ ဆိုတော့ လာဘ်ပေး လာဘ်ယူကို လုပ်ချင်တဲ့ စိတ်မရှိဘူး။

ပညာရှိဆိုရင်၊ တကယ့်ပညာရှိဆိုရင် ကိုယ်အခွင့်အရေး ရလာတဲ့အခါကျရင်

ဒီအခွင့်အရေးကို အလွဲသုံးစားမလုပ်ချင်ဘူး။

အဲဒါဟာ ချမ်းသာဒဏ် ခံနိုင်တယ် ဆိုတာကို ပြောတာပါ။


တချို့ဟာ ဆင်းရဲဒဏ်ခံနိုင်ပါတယ်။ ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ် ခံနိုင်တယ်။

ဘယ်လိုပဲ ရိုက်ရိုက် ဆော်ဆော် ခြိမ်းခြောက် ခြိမ်းခြောက် ခံနိုင်တယ်။ မဖြုံဘူး။

ဒါပေမဲ့ ပစ္စည်းနဲ့၊ ပိုက်ဆံနဲ့၊ ရာထူးလေးနဲ့ နေရာလေး မျှားလိုက်တဲ့ အခါကျတော့

ပါသွားရော။ 


အဲဒါဟာ ချမ်းသာဒဏ် မခံနိုင်ဘူး ဆိုတာ ကျွန်မ ဒါကို ပြောတာပါ။

တချို့ကျတော့လည်း ဒါ ကျွန်မပွင့်ပွင့်လင်းလင်း ပြောတာနော်။

ကျွန်မတို့ ဒီမိုကရေစီ ရရော၊ ရလို့ရှိရင် ဒုက္ခခံတုန်းကတော့ ရဲရဲကြီး ရဲရဲဝံ့ဝံ့

ဒုက္ခခံပြီးတော့ ရာထူးနဲ့၊ နေရာနဲ့ ရသွားမှ အကျင့်စာရိတ္တပျက်သွားမယ့် လူတွေ ရှိမှာပဲ။


အဲဒါလည်း ချမ်းသာဒဏ် မခံနိုင်တာပဲ။ အဲ့ဒါကြေင့် ကျွန်မတို့ဟာ

ဆင်းရဲဒဏ် ခံနိုင်အောင် ပညာရှာရမယ်။ ပညာ နားလည်တဲ့လူ၊ ပညာရှိတဲ့လူ၊

ပညာလိုလားတဲ့လူ ဆိုတာက ဆင်းရဲဒဏ် ခံနိုင်တယ်။

သြော်… ဒါ ဆင်းရဲဒဏ်ခံတယ်ဆိုတာ အနိစ္စသဘောပဲ။

ငါ ဆင်းရဲလို့၊ ငါ့ ဖိနှိပ်လို့၊ ငါ့ကို ပင်ပန်းအောင် လုပ်လို့ ငါ မလုပ်သင့်၊

မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ငါ့အတွက်အများကြီး အကျိုးနည်းမယ် ဆိုတာ

သူ့ရဲ့ ပညာဥာဏ်အရ နားလည်တယ်။ ဒီလိုပဲ ချမ်းသာသွားတဲ့ အခါ

ငါ ချမ်းသာလို့ ငါ လုပ်ချင်တိုင်း လုပ်မယ်ဆိုရင် ငါ့အတွက် အကျိုးနည်းမယ်။

ငါ့ရဲ့အသိုင်းအဝိုင်းအတွက်လည်း အကျိုးနည်းမယ် ဆိုတာ သိတဲ့အတွက် မလုပ်ဘူး။


အဲဒါကြောင့်မို့လို့ ကလေးတွေကို စာကြိုးစားပါလို့ ပြောတဲ့ အခါ ကျလို့ရှိရင်

ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲလို့ ပြန်မေးတဲ့အခါ ဘွဲ့ရဖို့၊ မရဖို့ ပြောနေတာ မဟုတ်ဘူး။ ဘွဲ့ရပြီးတဲ့ အခါကျရင် အလုပ်ရမယ်၊ မရမယ်ပြောနေတာ မဟုတ်ဘူး။

ပညာရှိခြင်းအားဖြင့် ဒီဘဝမှာရော၊ နောင်ဘဝတွေရော ကိုယ် နေထိုင်ရမယ့်

ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ပညာရှာပါလို့ ပြောတာလို့

တိုက်တွန်းစေချင်ပါတယ်။


အဲဒီလို ကိစ္စနဲ့ ပညာရှာမယ် ဆိုရင်တော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့

မတူအောင်လို့ကို တိုးတက်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။

အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေရလို့ ချမ်းသာနေတာလဲ မေးတော့၊

အခု ချမ်းသာနေတဲ့ လူတွေကို ပြည်သူလူထုက ဘယ်လိုမြင်သလဲဆိုတာ

ကျွန်မ ပြန်ပြီးတော့ မေးလိုက်ချင်တယ်။ ပြည်သူလူထုက အခု ချမ်းသာနေတဲ့

လူတွေကို အထင်ကြီးသလား၊ ပိုက်ဆံကိုပဲ အထင်ကြီးသလား၊

သူတို့ကိုပဲ အထင်ကြီးတာလား၊ အဲ့ဒါ ခွဲခြားပြီးသိဖို့လိုပါတယ်။


အဲဒီတော့ အခု ချမ်းသာနေပြီးတော့ သူတော်ကောင်းများ၊ ပညာရှိများက မလေးစားဘူး၊

အထင်မကြီးဘူး၊ ရှုတ်ချမယ်ဆိုလို့ရှိရင် ချမ်းသာရကျိုး လုံးလုံး မနပ်ပါဘူး။

ပိုက်ဆံကိုပဲ ကြည့်နေလို့ မဖြစ်သေးဘူး။


ပိုက်ဆံရရင် ပြီးရော ဘာလုပ်ရ လုပ်ရ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ဟာ လူမိုက်စိတ်ဓါတ်ပါ။

ပညာရှိစိတ်ဓါတ် မဟုတ်ပါဘူး။ (လက်ခုပ်သံများ)


ဒါကြောင့် ကလေးတွေကို ပိုက်ဆံရှိတဲ့ လူတွေကို အားမကျဖို့ သင်ပေးပါ။

ဒီလူတွေ ပိုက်ဆံရှိတာတော့ ဟုတ်ပါပြီ။

ပိုက်ဆံအပြင် ဘာရှိလဲလို့ အဲဒါလည်း မေးရဦးမယ်။


ဂုဏ်သိက္ခာ ရှိသလား၊

အကျင့်စာရိတ္တ ကောင်းသလား၊

ပညာရှိသလား

ဒါဟာ ကျွန်မ အနေနဲ့ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။

တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ လူငယ်များဟာ ပိုက်ဆံရရင် ပြီးရော၊

ဘာဖြစ်ဖြစ် လုပ်ချင်တယ် ဆိုတဲ့ စိတ်ဓါတ်တွေ ဖြစ်နေတယ် ဆိုတာ

ဒီမနက်ပဲ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုမှ ကျွန်မ ဖတ်လိုက်ရတယ်။


အဲဒီဟာ လူငယ်များဆိုတာ ၁၅ နှစ်၊ ၁၆နှစ် ဆယ်ကျော်သက်အရွယ်တွေဟာ

ပိုက်ဆံရရင် ပြီးရော၊ ဘာလုပ်ရ လုပ်ရ ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်နေတာကြောင့်

ရာဇဝတ်မှုတွေ များနေတယ်ဆိုပြီးတော့ အိန္ဒိယနိုင်ငံက အမျိုးသမီးကြီးတစ်ယောက်က

ဒီလိုပဲ ပြောတာ ဖတ်လိုက်ရပါတယ်။ ဒီတော့ ဒါ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။


နိုင်ငံတကာမှာ ဒီပြဿနာတွေ ကို ရင်ဆိုင်နေရပါတယ်။

ပိုက်ဆံမှ ပိုက်ဆံ ဆိုတဲ့ စိတ်ဓါတ်တွေ၊ အဲဒီစိတ်ဓါတ်တွေဟာ

ကျွန်မတို့ နေ့ချင်း ညချင်းတော့ ပြောင်းလို့ရမှာ မဟုတ်ပါဘူး။


ဒါပေမဲ့လည်း ပိုက်ဆံ မရှိသော်လည်း ပစ္စည်း မရှိသော်လည်း

ပညာရှိလို့ ရှိရင် အကျင့်စာရိတ္တ၊ သိက္ခာရှိရင် လူရာဝင်တယ် ဆိုတဲ့ အနေအထား

ဖြစ်အောင်လို့ ကျွန်မတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။


ပုံလေးရော စာရောသဘောကျလို့ယူလာတာ

မူရင်းတင်သူကို credit ပေးပါတယ်..

Saturday, January 19, 2019

ဓမ္မနို့ရည်

🌷 သံသရာ ရှည်လျားသမို့ 

သားနဲ့ အမေ 
မတော်ဘူးသူတွေမရှိဘူးတဲ့.....
ဗုဒ္ဓရဲ့ စကား
ဗုဒ္ဓရဲ့ တရားမို့ 
သားကို မမွေးခဲ့ပေမယ့်
သားမွေးတဲ့ အမေမို့ 
သားက အမေ့အပေါ် 
"အမေ"လို့ ခေါ်မယ်နော်

🌷 တနယ်တကျေး 
အမေနဲ့ဝေးပေမယ့် 
မသေပျောက်သေးရင်ဖြင့် 
တစ်နှစ်တစ်ခေါက် 
အရောက်လာမယ် အမေရယ်.....။

🌷 "ကွယ်ရင်မေ့ တွေ့မှသေအောင်လွမ်း" လို့ 
ရမ်းပြီးမဆိုလိုက်ပါနဲ့ အမေ......
မပိုမကဲပါဘူး 
သားလည်းဘဲ ပုထုဇဉ်
ခင်လာရင် အမျှင်တန်း 
အစဉ် လွမ်းနေရပါတယ် အမေ.....

🌷 ကံဆန်းကြယ် ကံနယ်ချဲ့ 
ဖြစ်ခဲ့လေသမျှ ဘဝတွေအဖုံဖုံ 
က ကြိုးတွေစုံခဲ့ပေါ့ 
တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲဓမ္မတာ
အသည်းအခါခါကြွေ ငိုပွဲအထွေထွေနဲ့ 
မျက်ရည်တွေ မကုန်ခမ်းသော်လည်း 
စခန်းမဆုံး လမ်းမဆုံးဘဲ 
ခရီးဆက်နေကြဆဲပါ အမေ......။

🌷 အခုဘဲကြည့်လေ 
နေခဲ့တဲ့ရက်တွေများလို့ 
သေရမယ့် တစ်ရက်ကိုမေ့ပြီး 
ခရီးဆက် ခရီးထွက်လာတဲ့ 
အမေ့ရဲ့ခန္ဓာ ဇရာရထား 
ဘယ်မှာနားလို့လည်း 
တသွားထဲ သွားနေလိုက်တာ 
ဘာကြာလို့လည်း 
အမေ့အသက်ဘဲ ခြောက်ဆယ်ကျော်ခဲ့ပြီ...။

🌷 ရင့်ရော်မှုံမွဲ သွားကျဲဆံဖြူ 
သေမင်းအလံထူလို့ 
ဘယ်သူ့မေးမေး 
မြေးတွေရနေပြီဆိုတာ 
အဖွားအိုပါ အမေရယ်.........။

🌷 " ပြိုသွားတဲ့ကမ်းဘား၊ အစားပြန်မရ "
ဆိုသလို 
အိုသွားတဲ့အဟောင်း 
ကောင်းတစ်ချက် မကောင်းတစ်ချက်နဲ့ 
မနက်ဖြန်ဆိုတာ မသေချာ 
သေချာတာမရှိ ရေရာတာမရှိ 
သေချာတာက 
သေမှာကို အသေအချာသိဖို့ 
သတိသမ္ဗဇဉ် ဥာဏ်နဲ့ယှဉ်ပြီး 
နေစဉ်ရှုမှတ် 
ဝိပဿနာ ဘာဝနာတရား 
ပွားများနေရမယ် အမေ........။

🌷 "နေတာမမြဲ သေတာမြဲ" တဲ့ 
ဝဋ်ထဲမှာလည် 
သမုဒယနွယ်ငြိ 
တွယ်မိတော့ပတ် 
အသည်းပြတ်ကြွေ 
နွယ်ပတ်လို့သေခဲ့ကြ ။

🌷 ဒီလိုနဲ့ဘဲ 
ဆင်းရဲ တပေပေနဲ့ 
အသေနယ်ဂရက်ဝဲ 
မိုက်မဲမဆုံး 
အပြုံးကြီးပြုံး 
အပျော်ကြီးပျော် 
အမော်ကြီး မော်ခဲ့ကြ ။

🌷 လောဘကို အဖော်လုပ် 
သောကဆိုတဲ့ အထုပ်ပိုက်ပြီး 
တစိုက်စိုက် တငိုက်ငိုက်နဲ့ 
မီးကြိုက်တဲ့ ဖလံပိုး 
မီးထဲတိုး မီးထဲသေသလို 
ခရီးရှည် အထုပ်ထမ်း 
ပမ်းမှန်းမသိ နွမ်းမှန်းမသိ 
ပိနေတဲ့ ဝန်နဲ့ 
မာရသွန် ရေဆန်လမ်းမှာ 
သစ္စာဥာဏ်မျက်လုံး 
ကိလေသာအမှောင်ဖုံးလို့ 
လမ်းမဆုံးနိုင်ခဲ့တာ 
သံသရာပါဘဲ အမေရယ်.........။

🌷 မသိလျှင်တွယ် 
သိလျှင်ပယ်သတဲ့ 
တွယ်တော့ပတ် 
ပယ်တော့ပြတ်သတဲ့ 
နွယ်ပြတ်ငြိမ်းလို့ 
အပါယ်ဇာတ်သိမ်းမယ့်တရား 
လက်ကိုင်ထားပြီး 
တရားအလုပ် အားထုတ်ကြိုးပမ်း 
ချစ်သက်သေ သားကိုပြစမ်းပါ့.....။

🌷 အမေ့ရဲ့ သဒ္ဒါ 
အမေ့ရဲ့ ဝီရိယ 
သားသိတာပေါ့ အမေရယ်.....။

🌷 သတိတစ်လုံး အမေသုံးပြီး 
အလုံးအဖန် ပုံသဏ္ဍာန်မဟုတ်တဲ့ 
အမေ့ရဲ့ ရုပ် နာမ် 
ခလောက်ဆံပမာ ဖောက်ပြန်နေတာ 
မြင်အောင်သာကြည့်........။

🌷 အရှိအမှန်တရား 
ကြည့်ဖန်များတော့ 
အသိမှန်သွားပြီပေါ့ အမေရယ်.....။

🌷 အဟုတ်အမှန်၊ ရုပ်နာမ်တရား 
ဖောက်ပြန်သွားတာကလွဲလို့ 
ဘာမြဲလို့လည်း အမေ.....။ 
တဖွဲဖွဲ တသဲသဲ 
မစဲဘဲနဲ့ 
တပျက်ထဲပျက်နေတာ 
ခန္ဓာ ရဲ့ အလုပ် 
ဒုက္ခသစ္စာ မဟုတ်လား အမေ.....။

🌷 ဖြစ်လာလေသမျှ 
ပျက်ပြနေတဲ့ရုပ်နာမ် 
ဥာဏ်နဲ့မွှေနှောက် 
အခေါက်ခေါက် ရှုမှတ်ပွား 
အပ်ဖျားတစ်ထောက်စာ 
ခိုင်မာတာ ရှာမတွေ့ 
ငါဟေ့ လို့ဆိုစရာ ဘာတစ်ခုမှမရှိ 
ဥာဏ်နဲ့သိ ဥာဏ်နဲ့မြင် 
ဒိဋ္ဌိတကယ်စင်မှ 
သေရင် အပါယ်ဝဋ် 
လွတ်ကြမယ့်အရေး 
မတွေးဘဲ မဆွေးဘဲ 
မနှေးဘဲ သုတ်သုတ် 
အလေးကဲအားထုတ်မှ 
သေပွဲနဲ့ရင်ဆိုင် ဥာဏ်မျက်လုံးပိုင်လို့ 
ပြုံးသေ သေနိုင်မှာပါ အမေ.....။

🌷 အို အမေ.......
သေသည်၏နောက် နတ်ပြည်ရောက်၍ 
မဖောက်မပြန် သောတာပန်ဟု 
ကျမ်းဂမ်ပါဠိ စာ၌ရှိသည် 
ယုံကြည်စွာဖြင့် သဒ္ဒါရှေ့ရှု 
အားထုတ်ခုခါ ကြိုးစားပါအမေ.....။

🌷 ပြုံးသေက ဥာဏ်မျက်လုံး 
မဲ့သေက ကံမျက်လုံး 
ကံမျက်လုံးက ရုပ် နာမ် 
ဥာဏ်မျက်လုံးက နိဗ္ဗာန် 
ရုပ်နာမ်က မရဏ 
နိဗ္ဗာန်က အမတ။

🌷 ရခဲလှတဲ့ လူ့ဘဝတိုတိုမှာ
အချိန်ကို မဖြုန်းဘဲ 
အိုနာသေမွဲကွဲ တို့ လွတ်ရာ 
နိဗ္ဗူတာသို့ 
ပို့ဆောင်ရာ မဂ္ဂင်လမ်း 
ဖြောင့်တန်းစွာဖြင့် 
သင့်တင့်စွာ နှလုံးသွင်း၍ 
တရားတွေ့မြင် မိခင်များအားလုံး 
ပြုံးပြုံးရွှင်ရွှင် သေပွဲဝင်နိုင်ကြပါစေ။

🌷 ပူပင်သောက ကင်းဝေးနိုင်ကြပါစေ
ခေမာ အမတ မုချမသွေ ရောက်နိုင်ကြပါစေ

🌷 ဆုမွန်ချွေသ 
သားလှ မေတ္တာပို့သပါသည် 
မိဘများအားလုံး ကျန်းမာ 
မိဘများအားလုံး ချမ်းသာ 
မိဘများအားလုံး ဝမ်းသာကြပါစေ....။ 

              မောင်ငြိမ်းသစ် [ကသာ] 
   အရှင်ပညာသာမိ[ကသာ]မိုးကုတ်ရိပ်သာ 
                      ကသာမြို့ 
      { ၂၀၀၅- ခုနှစ် ၊ မေလ ၂၅- ရက် }

**************************
#MgShweOo [Ngaoh]
5-1-2019 {စာစီပူဇော်သည်} 

Friday, January 18, 2019

"ပြာသိုလ်​လပြည့်​​နေ့"

"ပြာသိုလ်​လပြည့်​​နေ့"

(ရှင်တစ်ထောင်အခါတော်နေ့)
=======================

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး
ဥရုဝေလကဿ      ဦးဆောင်သော
ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ     ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿ      ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ     ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ       နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿ     နှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿ     နှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿ     နှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ "အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများအားလုံးလည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့် ဘုရားရှင်ဟောကြားဆုံးမသော ဒါန သီလ ဘာဝနာတရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယတွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

Crd:::
#MgShweOo
Ngaoh 

ကိုယ့်ကိုယ်ကိုBananaလို့အခေါ်မခံရစေနဲ

#ကိုယ့်ကိုယ်ကိုBananaလို့အခေါ်မခံရစေနဲ့


♦မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်ဘာသာနဲ့ အင်္ဂလိပ်စကားကို အထင်ကြီးတုန်းပဲ။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ subject matter ကိုသာ သင်ရမှာ။ အင်္ဂလိပ်စကားသင်ရမှာ မဟုတ်ဘူး။


♦ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ကလေးတွေကို မြန်မာစကားတောင် မတတ်သေးဘူး၊ Int’l school သွားထားတာ မဟာအမှားကြီးပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီကလေးဟာ ဗမာမိဘက မွေးတဲ့ကလေး ဖြစ်ရဲ့သားနဲ့ ဗမာစကားမတတ်ဘူး ဆိုတာ ဂုဏ်ယူစရာမဟုတ်ဘူး။ ကဲ့ရဲ့ရှုံ့ချစရာသာဖြစ်တယ်။


♦ဗမာမိဘက မွေးလာရင် ဗမာစကား တတ်ရမယ်၊ ဗမာစာ တတ်ရမယ်။ပြီးတော့မှ ဘာ ဘာသာ တတ်တတ်၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီး ၁၈-ရပ်တတ်တတ် အကုန်လုံးတတ်၊ တတ်လေ ကောင်းလေပဲ။ ကိုယ့်ဘာသာစကားမတတ်ဘူးဆိုရင်တော့ အဆိုးဆုံးပဲ။ ဒါလည်း သတိထားကြဖို့လိုတယ်ပေါ့။


♦တော်တော်များများ တွေ့နေရတယ်ပေါ့၊ တချို့ ကလေးပေါက်စကို Int’l school ပို့လိုက်တယ်။ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဆိုတာလည်း လျော့ပါးသွားတယ်။ မြန်မာစကားလည်း မတတ်ဘူး ဒီကလေးက။ မြန်မာစာလည်း မတတ်ဘူးဆိုတော့ အခြေအနေဟာ စိတ်ပျက်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေတယ်။ ဘယ်လောက်ပဲ မြန်မာလူမျိုးက အင်္ဂလိပ်လိုတတ်တတ် အင်္ဂလိပ်လူမျိုးမဖြစ်ဘူး။


♦အာရှနိုင်ငံသားတွေက စီးပွားတိုးတက်ပြီး ကြီးပွားတိုးတက်မှုတွေကို အားကျပြီးတော့ အနောက်တိုင်းနဲ့ ဥရောပကို အထင်ကြီးတာမျိုး

ဖြစ်နေတတ်တယ်ပေါ့။အဲဒါ အထင်ကြီးစရာလည်း မလိုဘူး။ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကိုယ့်ဟာကိုယ် ကြိုးစားကြရမှာပဲ ဖြစ်တယ်။ ပညာဆိုတာ ဘယ်သူ့ဆီကရရ ယူရမှာပဲ ဖြစ်တယ်။ ပညာယူဖို့ပဲ အရေးကြီးတယ်။ တခြားယဉ်ကျေး မှုတွေကို ယူကြရမှာ မဟုတ်ဘူးဆိုတာ သတိထား

ဖို့ လိုတယ်ပေါ့။


♦Subject matter လို့ဆိုတဲ့ပညာရပ်တွေရအောင် ကိုယ့်မိခင်ဘာသာ စကားကိုပဲ သုံးရမယ်။

အေး အာရှနိုင်ငံက လူတွေက ဒီမြန်မာတင် မက ဘူးပေါ့။အာရှနိုင်ငံကလူတွေကို ဒီကနေ့ခေတ် ပြောလိုက်မယ်ဆိုရင် အရင်တုန်းက အာရှနိုင်ငံ ကလူတွေက ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်တယ်။ဘုရားဆိုတာ အာရှနိုင်ငံမှာ ပွင့်တာ ဖြစ်တယ်ပေါ့။ 

ဘုရားဟူသမျှ ဘာသာရေးခေါင်းဆောင်ဟူသမျှ အာရှတိုက်မှာဖြစ်တယ်။အဲတော့ ဒီ့ထက် ဂုဏ်ယူ

စရာ ရှိလား၊ ဘယ်ရှိမလဲနော်။ ပစ္စည်းဥစ္စာချမ်းသာတာတို့၊ ခေတ်မီပစ္စည်းတွေ သုံးနိုင်တာတို့ ဒါတွေက ဒီလောက်ထိ အရေးပါတဲ့

ကိစ္စ မဟုတ်ဘူး။ ပညာရပ်တွေနဲ့ပတ်သက်ပြီး အာရှနိုင်ငံတွေက ကြီးပွား တိုးတက်တယ်။


♦မြန်မာနိုင်ငံမှာ အမရပူရ ဘကြီးတော်မင်း လက်ထက်မှာ ပြင်သစ်မှာ နပိုလီယံအုပ်ချုပ်နေ တဲ့အချိန်မှာ ဖြစ်တယ်။အမရပူရမှာ နန်းစိုက်တဲ့ ဘကြီးတော်မင်းက နပိုလီယံနဲ့ အဆက် အသွယ်ရှိပြီးတော့ နပိုလီယံနဲ့ မြန်မာဘုရင်တို့ဟာ အပြန်အလှန် သ၀ဏ်လွှာပေးကြတာ ရှိတယ်။ အဲဒီသ၀ဏ်လွှာကို ဘယ်လို မှတ်တမ်း ထိုးတုန်းဆို ပြင်သစ်နိုင်ငံက ဘိုနာပတ်မင်းထံ သ၀ဏ်လွှာ ပေးပို့ခြင်းလို့ ရေးတယ်။ဘိုနာပတ်ဆိုတာ နပိုလီယံ

ကို ပြောတာ။ မြန်မာတွေက နပိုလီယံကို သိပြီးတော့ ဘကြီးတော်ကို မသိဘူးဆိုရင်တော့ အဲဒါ မဟုတ် သေးဘူး။ ကိုယ့်အကြောင်း ကိုယ်မသိတာ မဟုတ် သေးဘူး။


♦အေး ကိုယ်က အင်္ဂလိပ်စာ မိုးမွှန်နေ အောင် တတ်၊ဥရောပက လူတွေက ကိုယ့်ကို အထင်ကြီး သလာဆို တစ်စက်မှ အထင်မကြီးဘူး။

မကြာခင်က သိလိုက်ရတဲ့ ဗဟုသုတအရပြောရ   မယ်ဆိုရင်အာရှနိုင်ငံသား ဖြစ်ပြီးတော့ ဘိုစိတ် ပေါက်နေသူကို အခု banana လို့ခေါ်တယ် ပြော

တယ်၊ ငှက်ပျောသီးတွေ၊ ငှက်ပျောသီးတွေ။


♦ဘာကြောင့်ခေါ်တာတုန်းဆိုတော့ အာရှ သားတွေရဲ့အသားအရောင်က yellow skin အသားအရေနဲ့ ပြောတဲ့အခါ အ၀ါရောင်၊ ရွှေဝါရောင် ပေါ့နော်။ အာရှသားတွေရဲ့အသားအရောင်က အ၀ါရောင်၊ အာဖရိက သားတွေက အနက်ရောင်၊ ဥရောပတွေက အဖြူရောင်။ ခုခေတ် tissue ငှက်ပျောသီးလို၊ နိုင်ငံခြားကို ရောက်တဲ့ငှက်ပျော

သီးက အခွံက အ၀ါလေး၊ နိုင်ငံခြားမှာ စိုက်တယ်။ နွင်လိုက်တဲ့အခါ အထဲက အဖြူရောင်။


♦အဲဒါ သူတို့က ဘာကိုပြောချင်တာတုန်းဆို

တော့ အ၀ါရောင် အရည်အချင်း ရှိတဲ့သူတွေက အဖြူစိတ်ပေါက်နေတာလို့၊ အတွင်းက အဖြူစိတ် ဖြစ်နေတာ။ အဲဒါကိုယ့်ကိုယ်ကို Banana လို့ အခေါ်မခံရစေနဲ့။အဲဒါ သတိထားဖို့လိုတယ်ပေါ့။


#ပါမောက္ခချုပ်ဆရာတော်ဟောကြားတော်မူသော မထေရ်​မြတ်​တို့၏ အမှတ်​တရ စကားများ အပိုင်း(၁၃၃) တရားတော်မှ မျှဝေပါသည်။


Credit:::

#MgShweOo

Ngaoh 


ကျေးဇူးရှင် မေမေ…

ကျေးဇူးရှင် မေမေ…


မေမေ


ဆောင်းတစ်ခုမဟောင်းခင်


နှစ်သစ်တစ်ခု မကူးခင်ပေါ့


နှင်းဖြူဖွေးဖွေးလွှလွှ


ရင်ထဲမှာလွမ်းမောရပါတယ် …မေမေ




ကျွန်တော်ဟာ ငှက်တစ်ကောင်ဆိုရင်


စာကလေးဖြစ်ဖြစ် သိန်းစွန်ရဲဖြစ်ဖြစ်


ကောင်းကင်မြင့်မြင့်မှာ ပျံသန်းတတ်ဖို့


အမေပေးတဲ့ခွန်အား ဘယ်လိုမုန်တိုင်းမျိုးမှ မတားနိုင်ဘူး




ကျေးဇူးရှင် မေမေ


ဘ၀ဟာ ဘယ်လိုပဲမှောင်နေပါစေ


အမေဆိုတဲ့အလင်းတစ်စ


ကျွန်တော် အသိဥာဏ်ကို လမ်းပြခဲ့တယ်…




ကျေးဇူးရှင် မေမေ


ဘယ်လိုနတ်ဘုရားဆီမှာမှ


လက်ဖြန်တောင်းခံလို့မရတဲ့


ခွန်အားဖြစ် နို့ရည်ကြည်အစ


အသက်ရှင်ရပ်တည်မှုအဆုံး


ဘ၀တစ်ခုလုံး ပိုင်ရှင်…


ကျေးဇူရှင်မေမေ ရင်ခွင်မှာပွေ့ပိုက်


ကျွန်တော့် ၀မ်းနည်းမှုတွေရဲ့ခံတပ်ပေါ့




ကျေးဇူးရှင်မေမေ


လောကနံရံဖုန်းဆိုးတစ်စ


အမေအိမ်ဟာ ဘ၀ရဲ့ အိုအေစစ်ကျတယ်…




အမေဟာ


ဝင်သက်ထွက်သက်


ကျွန်တော့်သိမှတ်မှုမှာမေ့လျှော့တတ်ခဲ့တယ်…အမေ…


ကျွန်တော်ကို ခွင့်လွှတ်ပါ..


ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့…


လောကမြေကြမ်းကြမ်းတမ်းတမ်းထဲ…


အမေစိုက်ပျိုးခဲ့သမျှ ကျွန်တော် သီးပွင့်လာခဲ့ရတယ်…


ဘ၀ရဲ့ အပြည်ဝဆုံးမြေသြဇာဟာ


ကျွန်တော့်ရင်ထဲက ကျေးဇူးတော်မေမေ


ကျွန်တော်မြင့်မားနိုင်သမျှ..


မေမေက သန့်သန့်စင်စင် နက်ရှိုင်းခဲ့တယ်


ကျွန်တော်ကြီးထွားလာသမျှ…


မေမေက သန်သန်မာမာသေးသွယ်ခဲ့တယ်…


ကျေးဇူးရှင်မေမေ…


ဒီတစ်ဘ၀နဲ့အမျှ.. ဘယ်လိုမှပြန်မပေးဆပ်နိုင်တဲ့


မေတ္တာတရားတွေ…


ကျွန်တော်လိုတေလေတစ်ယောက်အတွက်…


အမေအတွက်ရေးတဲ့ကဗျာ…


အမေ့အတွက်ဖတ်တဲ့ကဗျာ…


အမေ့ကိုယ်စားကျွန်တော့်ကိုအမြဲဆုံးမတယ်…


ကျေးဇူးပါ…မေမေ


ကောင်းကင်တစ်စုံကို ခူးမယ့်လက်ဟာ


မေမေ့စွမ်းအားဖြင့် ပျံသန်းမြင့်တက်ရင်း….


Wednesday, January 16, 2019

ပါဠိ စာလုံးဆင့်ဖတ်နည်းလင်္ကာ

၁။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန်။

၂။ သဝေလည်းထိုး ၊ တ-သတ်မျိုး ၊ ဖတ်ရိုး စသတ်သံ။

၃။ သဝေလည်းထိုး ၊ န-သတ်မျိုး ၊ ဖတ်ရိုး ငသတ်သံ။

၎။ သဝေရေးချ ၊ သတ်မြင်က ၊ မှတ်ကြ ဝ ဆွဲသံ ။

၅။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊တွေ့လျှင်းက ၊နှစ်ဝတာဝန် ၊ကျေပွန်စေရန် ၊ အသံ အသတ် ယူမြဲ မှတ် ။

**********************************

ဥပမာ  ၁.  သမန္တာ        =    သမန်တာ
             စက္ကဝါဠေသု   =    စက်ကဝါ ဠေသု
             သဒၶမၼံ           =    သဒ္ဓမ္မံ

ဥပမာ ၂.  မေတ္တာ         =    မစ်တာ
              ခေတ္တာရာ     =     ခစ်တာရာ
              သေတ္တာ       =    သေတ်တာ ( သစ်တာ ဟုဖတ်)

ဥပမာ ၃.  ပူရေန္တံ          =    ပူရေန်တံ ( ပူရင်တံ ) ဟုဖတ်
              သမေန္တု        =    သမေန်တု ( သမင်တု )

ဥပမာ ၄. သောတ္ထနာ     =    သောတ်ထာနံ ( သွတ်ထာနံ )
             ဟောန္တု         =    ဟောန်တု ( ဟွန်တု )

ဥပမာ ၅. အမှ              =   အမ်မှ
             တုမှ             =   တုမ်မှ
            သကျ           =    သက်ကျ
            ဝါကျ            =    ဝက်ကျ
           စကြာ            =   စက်ကြာ
           အတြာ           =   အတ်တြာ
         
           ကတွာ           =   ကတ်တဝါ
           ဒတွာ             =   ဒတ်တဝါ

=======================

ပါဠိစာဖတ်နည်း
Pali Reading Method
ဒေါ်ခင်လှတင်
Daw Khin Hla Tin

Video Link.
https://m.facebook.com/story.php?story_fbid=731559986942022&id=698807050217316

+++++++++++++++++++++++++++++++++++++++++++++++++

♠♠ ပါဠိဘာသာ ရွတ်ဖတ်နည်း ♠♠
.
ရှေးဦးစွာအက္ခရာတို့ကိုသိထားရမည်။
            အက္ခရာ(၄၁)လုံး
အ     အာ     ဣ     ဤ     ဥ     ဦ     ဧ     သြ
က     ခ        ဂ      ဃ     င
စ      ဆ       ဇ      ဈ     ည
ဋ      ဌ        ဍ      ဎ      ဏ
တ     ထ      ဒ      ဓ      န
ပ      ဖ        ဗ     ဘ     မ
ယ    ရ        လ    ဝ      သ
ဟ    ဠ    အံ
           
            သရ(၈)လုံး
အ    အာ    ဣ    ဤ    ဥ    ဦ    ဧ    သြ
          
    ဗျဉ်း(၃၃)လုံး
က    ခ     ဂ    ဃ    င
စ     ဆ    ဇ    ဈ    ည
ဋ     ဌ     ဍ    ဎ    ဏ
တ   ထ    ဒ     ဓ    န
ပ     ဖ    ဗ    ဘ    မ
ယ   ရ    လ    ဝ    သ
ဟ   ဠ    အံ
သရ(၈)လုံး နှင့် ဗျဉ်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။

၁။    အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက္က        (စက်က)
ဝိတက္ကော    (ဝိတက်ကော)
မဂ္ဂ        (မက်ဂ)
သဂ္ဂ        (သက်ဂ)

၂။    အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ        (ပစ်စ)
သစ္စ        (သစ်စ)
အဇ္ဇ        (အစ်ဇ)

၃။    အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ        (အင်ဂ)
အလင်္ကာ    (အလင်ကာ)
မင်္ဂလာ        (မင်ဂလာ)
ပဉ္စ        (ပင်စ)
အညမည    (အင်ညမင်ည)

၎။    အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များ သည် (အန်) ဟု အသံထွက်၏။
ကဏ္ဍ        (ကန်ဍ)
အန္တ        (အန်တ)
ဓမ္မ        (ဓမ်မ)
ပလ္လင်္ဂ        (ပန်လင်ဂ)

၅။    အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ        (ဝတ်ဋ)
ဒဍ္ဎေုာ        (ဒတ်ဎော)
ကတ္တု        (ကတ်တု)
ဗဒ္ဓ        (ဗတ်ဓ)
ပဗ္ဗတ        (ပတ်ဗတ)
သပ္ပေါ        (သပ်ပေါ)
ဒဿန        (ဒတ်သန)

၆။    ဣ သရ နှင့် ဥ သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို(တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု        (ဘိတ်ခု)
ဝိဇ္ဇာ        (ဝိတ်ဇာ)
ကိစ္စ        (ကိတ်စ)
သိက္ခာ        (သိတ်ခါ)
ဥဂ္ဂ        (အုတ်ဂ)
ဒုက္ခ        (ဒုတ်ခ)
ဥစ္စာ        (အုတ်စာ)
            
              မှတ်ချက်/ပါဠိ၌ ဗျဉ်း နှင့် သရတွဲရာတွင် ဣ သရသည် မြန်မာ၌လုံးကြီးတင်၊
ဤ သရသည် လုံးကြီးတင်ဆံခတ်၊ ဥသရသည် တစ်ချောင်းငင်၊ ဦသရသည် နှစ်ချောင်းငင်၊
သြ သရသည် သဝေထိုး ရေးချ၊ ဧ သရသည် သဝေထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။

၇။    ဣ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ         (ကိတ်ဌ)
ကိတ္တ        (ကိတ်တ)
ဣဒ္ဓိ         (အိတ်ဓိ)
သိပ္ပ         (သိပ်ပ)
ကိဗ္ဗိသ      (ကိတ်ဗိသ)
ဒိဿတိ    (ဒိတ်သတိ)

၈။    ဥ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ        (တုတ်ဌိ)
ဝုဍ္ဎို        (ဝုတ်ဎိ)
ပုတ္တ        (ပုတ်တ)
ဗုဒ္ဓ        (ဗုတ်ဓ)
ကုပ္ပ        (ကုပ်ပ)
ဒုဗ္ဗလ        (ဒုတ်ဗလ)
ဒုဿ        (ဒုတ်သ)

၉။    ဧ သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု        (အင်တု)
မေန္တု        (မင်တု)
သေန္တိ        (သင်တိ)

၁ဝ။    ဧ သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတ္ထ        (အစ်ထ)
ခေတ္တ        (ခစ်တ)
မေတ္တ        (မစ်တ)
ပေစ္စ        (ပစ်စ)
ဇေဋ္ဌ        (ဇစ်ဌ)
ဖေဂ္ဂု        (ဖစ်ဂု)

၁၁။    သြ သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သြက္ကာက    (အောက်ကာက)
မောက္ခ        (မောက်ခ)
ယောဂ္ဂ        (ယောက်ဂ)
ဝေါဿ        (ဝေါက်သ)

၁၂။    သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟုဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ        (ကွန်စ)
ကောဏ္ဍည    (ကွန်ဍင်ည)
သောဏ္ဏ    (သွန်ဏ)
ဟောန္တု        (ဟွန်တု)
သောမ္မ        (သွန်မ)

၁၃။    သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို
(အွတ်) ဟုဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ    (ပါမွတ်ဇ)
ပေါတ္ထက    (ပွတ်ထက)
ဖောဋ္ဌဗ္ဗ        (ဖွတ်ဌပ်ဗ)
ယောဗ္ဗန    (ယွတ်ဗန)
သောတ္ထိ    (သွတ်ထိ)

၁၄။    ဤ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည်
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ        (လိန်ဂ)
ကိဉ္စိ        (ကိန်စိ)
ဣန္ဒက        (အိန်ဒက)
ဝိန္ဒတိ        (ဝိန်ဒတိ)
ကိံ        (ကိန်)

၁၅။    ဥ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ        (အုန်ဂ)
ဘုဉ္ဇ        (ဘုန်ဇ)
ဥဏ္ဏာယ    (အုန်ဏာယ)
ကုန္တ        (ကုန်တ)
ဘုမ္မ        (ဘုန်မ)

၁၆။    ဧ သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ    (အာနင်ဇ)

၁၇။    ဣ သရ နှင့် ဥ သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော    (ဘိန်ယော)
ယေဘုယျ    (ယေဘုန်ယ)
ဝေပုလ္လ        (ဝေပုန်လ)

၁၈။    ''ဝ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ    (ကတွာ-ကတ်တဝါ)
ဒ+ဝ=သွ    (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ    (ဂဟေတွာ-ဂဟစ်တဝါ)

ကျန်သောဗျဉ်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။

၁၉။    ''ရ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကြ    (စကြ-စက်ကြ)
တ+ရ=တြ    (အတြ-အတ်တရ)
ဒ+ရ=ဒြ        (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ        (ဗြဟ္မာ-ဗြန်မာ)

၂ဝ။    ''ဟ''ဗျဉ်း နှင့် အခြားဗျဉ်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ    (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ    (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ    (နှာန-နဟာန)
မ+ဟ=မှ    (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ    (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှာ    (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ    (ရုဠှီ-ရုံလှီ)

          မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ
ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။

ဤတွင်ပါဠိဖတ်နည်းပြီးပြီ။

Crd:::
#MgShweOo
Ngaoh