Monday, September 4, 2017

๐Ÿ•• Times ๐Ÿ••


သင့်ရဲ့ အချိန်တွေကို အကျိုးဖြစ်ထွန်းအောင် ထိထိရောက်ရောက် လက်တွေ့ စီမံခန့်ခွဲဖို့ နည်းလမ်းတွေကို မျှဝေပေးပါရစေ။

၁။ ကိုယ်ပိုင်အချိန်ဇယား (Time Table) တစ်ခုကို စတင်ဆွဲလိုက်ပါ။

ကိုယ်ပိုင်အချိန်ဇယားကို စတင်ဆွဲလိုက်တာနဲ့ သင့်ရဲ့ နေ့စဉ်ဘဝဟာ အဓိပ္ပာယ်ရှိလာပြီး စနစ်တကျနဲ့ တိုးတက် ကောင်းမွန်လာတာကို မျက်မြင်တွေ့ရှိရမှာပါ။ မနက် ဘယ်အချိန်ထမယ်၊ ညဘက် ဘယ်အချိန် အိပ်ယာဝင်မယ်၊ ဘယ်အချိန် စားမယ်၊ ဘယ်အချိန်နားမယ်၊ ဘယ်အချိန်မှာ စာဖတ်မယ်၊ လေ့လာမယ်၊ ဘယ်အချိန်မှာ ဘာအလုပ်တွေလုပ်မယ်၊ စတာတွေကို သင်ကိုယ်တိုင် စိတ်တိုင်းကျ ထည့်သွင်းနိုင်ပါတယ်။ သင့်အချိန်ဇယားကို သင်ကိုယ်တိုင်ဖန်တီးရေးဆွဲထားတာဖြစ်တဲ့အတွက် သင်ပိုင်ပါတယ်။ လိုတိုး ပိုလျော့ အနုတ်အသွင်း စိတ်ကြိုက်လုပ်နိုင်ပါတယ်။ စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး အတည်ပြုပြီးပြီဆိုရင်တော့ သင့်အချိန်ဇယားအတိုင်း သင်ကိုယ်တိုင် မပျက်မကွက် လိုက်နာလုပ်ဆောင်နိုင်ရပါမယ်။

အချိန်ဇယားဟာ သင့်ကို မလွတ်လပ်အောင် ဘောင်ကန့်သတ်လိုက်တာ မဟုတ်ပါဘူး။ အဲ့လိုအတွေးဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။ အချိန်ဇယားနဲ့ စနစ်တကျလုပ်ဆောင်တတ်တာဟာ အလေ့အကျင့်ကောင်းတစ်ခု၊ အပြုအမူကောင်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ဘဝကို စည်းနဲ့ကမ်းနဲ့ သပ်သပ်ရပ်ရပ် နေထိုင်ဖြတ်သန်းနေခြင်းလည်းဖြစ်ပါတယ်။

၂။ နေ့စဉ် လုပ်ဆောင်စရာ (To Do Lists) များကို စာရင်းပြုစုပါ။

လုပ်ဆောင်စရာ အလုပ်တွေဘာတွေရှိလည်း စဉ်းစားပါ။ သင်ဘာတွေလုပ်ဆောင်ချင်သလဲ ဆုံးဖြတ်ပါ။ စာရွက်ပေါ်မှာချရေးပြီး စာရင်းပြုစုပါ။ လုပ်ဆောင်မှုစာရင်းပြုစုခြင်းဟာ ကိုယ်ဘာတွေလုပ်ရမယ်၊ ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာ သိနေစေတဲ့ အတွက် စိတ်အေးလက်အေးနဲ့ အလုပ်တွေပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါတယ်။

၃။ ဦးစားပေး အလုပ်များကို အစဉ်တိုင်း သတ်မှတ်ပါ။

လုပ်ဆောင်ရမယ့် စာရင်းတွေထဲက ဘယ်အလုပ်တွေဟာ ဦးစားပေးလုပ်ရမလဲ သတ်မှတ်ပါ။ ဦးစားပေးလုပ်သင့်တာတွေကို အရင်ဆုံးလုပ်ပါ။ နောက်မှ လုပ်သင့်တာကို နောက်မှလုပ်ပါ။ ဦးစားပေး အဆင့်တွေနဲ့ အချိန်တွေကို ကောင်းစွာ စီမံနိုင်စေဖို့ စာရေးဆရာကြီး Brian Tracy ရဲ့ “ဦးစားပေး ABCDE နည်းလမ်း” လေးကို အသုံးပြုစေချင်ပါတယ်။

 ဦးစားပေး A မှာ ချက်ချင်းလုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တွေပါဝင်ပါတယ်။

 ဦးစားပေး B ကတော့ A လောက် အရေးမကြီးပေမယ့် လုပ်ဖြစ်အောင် လုပ်ရမယ့် အရာတွေ ပါဝင်ပါတယ်။

 ဦးစားပေး C မှာ တခြားသူတွေကို လုပ်ခိုင်းရမယ့် အလုပ်တွေ ပါဝင်ပါတယ်။

 ဦးစားပေး D မှာ လုပ်မယ်ဆိုရင် ပျော်ရွှင်စရာကောင်းပေမယ့် သိပ်အရေးမကြီးတဲ့ အလုပ်တွေ ပါဝင်ပါတယ်။ (ဥပမာ - Facebook သုံးတာ၊ သူငယ်ချင်းတွေနဲ့ Chatting ပြောတာ၊ Shopping ထွက်တာ၊ TV ကြည့်တာ၊ သီချင်းနားထောင်တာ)

 ဦးစားပေး E ကတော့ အရေးလည်းမကြီး၊ မလုပ်လည်းဖြစ်တဲ့ အလုပ်တွေ ပါဝင်ပါတယ်။ (ဥပမာ - အပျင်းပြေ Game ကစားတာ၊ လဖက်ရည်ဆိုင်ထိုင်တာ၊ အကျိုးမရတဲ့အလုပ်တွေနဲ့ အချိန်ဖြုန်းတာ)

၎။ အရေးကြီးတာအရင်လုပ်ပါ။

လူအတော်များများ အချိန်တွေမလောက်မငှ ဖြစ်နေကြရတာဟာ အရေးမကြီးတဲ့ ကိစ္စလေးတွေ (ဥပမာ- ဦးစားပေး D နဲ့ E တွေ) ကို အရင်ဆုံးလုပ်မိနေပြီး တကယ်ဦးစားပေးအလုပ်တွေ (ဦးစားပေး A နဲ့ B) ကို နောက်မှ လုပ်တာကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက လူတွေဟာ သူတို့လုပ်ရမယ့် အရာရာအားလုံးကို အရေးကြီးတယ်လို့ ထင်နေကြပါတယ်။ အရာရာတိုင်းသာ အရေးကြီးနေရင် အလောတကြီးတွေဖြစ်ပြီး အချိန်မလုံလောက်မှုတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် “အမှန်တကယ် အရေးကြီးတာ ဘာလဲ” ဆိုတာ သိဖို့က သိပ်အရေးကြီးပါတယ်။

၅။ တစ်ကြိမ်မှာ အလုပ်ကိစ္စတစ်ခုကိုသာ လုပ်ပါ။

ကိုယ့်အတွေးထဲမှာ “ဒါတွေလည်း လုပ်ရဦးမယ်၊ ဟိုဟာတွေလည်လုပ်ရဦးမယ်” လို့ တွေးပြီး ဗျာများနေရင် ဘာကိုမှ ထိရောက်ပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ပြိုင်နက် အလုပ်တွေအများကြီးကို ခေါင်းထဲထည့်ထားပြီး လုပ်လေလေ၊ စွမ်းဆောင်ရည်တွေ ကျလေလေ၊ ထိရောက်မှုနည်းလေလေ ဆိုတာ သိထားပါ။ တစ်ကြိမ်မှာ အလုပ်ကိစ္စတစ်ခုကိုသာ အာရုံစိုက်ထားပြီး လုပ်မယ်ဆိုရင် ပိုပြီး ထိရောက်ပါတယ်။

၆။ အချိန်သတ်မှတ်ချက် (Time Limit) ထားပြီးလုပ်ပါ။

အချိန်သတ်မှတ်ချက်မထားပဲ လုပ်ရင် ပြီးချင်တဲ့အချိန်မှ ပြီးပါလိမ့်မယ်။ ကိုယ့်စိတ်ကလည်း လုပ်ချင်တဲ့ အချိန်မှ လုပ်မယ်ဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။ ဘယ်အလုပ်ကို ဘယ်အချိန်မှာ ပြီးအောင်လုပ်မယ်ဆိုတာ သတ်မှတ်ပါ။ အချိန်မဆွဲပါနဲ့။ သတ်မှတ်ချိန်အတွင်း တကယ်ပြီးမြောက်အောင်လည်းလုပ်ပါ။ အချိန်တွေ အများကြီး သက်သာလာပြီး အချိန်ပိုတွေ ထွက်လာပါလိမ့်မယ်။

၇။ မပင်ပန်းပါစေနဲ့။

လုပ်ဆောင်စရာတွေ ရှိတယ်ဆိုပေမယ့် တစ်ခုပြီးတာနဲ့ တစ်ခု ဆက်တိုက်လုပ်မနေဘဲ အနားယူတဲ့ အချိန်လေးတွေကိုလည်း စီမံတတ်ဖို့လိုပါသေးတယ်။ အချိန်ပြည့် အလုပ်တွေ၊ တာဝန်တွေနဲ့ တရစပ် မနားတမ်း လုပ်နေမယ်ဆိုရင် ပင်ပန်းလာပါလိမ့်မယ်။ ညောင်းညာ နွမ်းနယ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ရလဒ်ကောင်းတွေ မရနိုင်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အချိန်တွေ နဲ့ ခွန်အားတွေကိုအောင် ဖြုန်းတီးပစ်သလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အချိန်စီမံခန့်ခွဲမှုဇယားမှာ သင့်အနားယူချိန်လေးတွေကိုလည်း နည်းနည်းစီ ထည့်သွင်းထားဖို့လိုပါတယ်။ သင့်ကိုယ်သင် မပင်ပန်းအောင် ဂရုစိုက်ပါ။

၈။ ပြီးမြောက်မှုကို ပြန်လည်စစ်ဆေးသုံးသပ်ပါ။

ဘာတွေ လုပ်ပြီးပြီလဲ ၊ ဘာတွေ ဆက်လုပ်စရာကျန်သေးလဲ အမြဲ ဆန်းစစ်ပါ။ အရေးကြီးတဲ့ အလုပ်တွေ ပြီးအောင်လုပ်ပြီးပြီလား၊ ရလဒ်ကောင်းတွေထွက်ရဲ့လား ပြည်လည်သုံးသပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အရေးကြီးတယ်ထင်ပြီး လုပ်လိုက်ပေမယ့် အမှန်တကယ် အရေးမကြီးတာတွေ ဖြစ်နေတတ်ပါတယ်။ လုပ်ပြီးတဲ့ အလုပ်တွေကို အမှန်ခြစ်လေး ခြစ်ထားပါ။ တစ်ခုပြီးမြောက်သွားတိုင်း စိတ်ကျေနပ် အားရမှုတွေပါ ရရှိလာတာကို ခံစားသိရှိရမှာပါ။

ဒီနည်းလမ်းလေးတွေဟာ သင့်ရဲ့ အချိန်တွေကို ကောင်းစွာအကျိုးဖြစ်ထွန်းစေပါတယ်။ သင့်ဘဝကို တန်ဖိုးထားရင် သင့်အချိန်တွေတိုင်းကို တန်ဖိုးထားပါ။ လေးလေးနက်နက် စီမံခန့်ခွဲပါ။ တန်ဖိုးရှိတဲ့ ကိုယ့်အချိန် တွေကို အလဟဿ မကုန်သွားစေပါနဲ့။ လမ်းမှာ ကားပိတ်နေတဲ့အချိန်တွေ၊ တစ်ခုခုကို စောင့်ဆိုင်းနေရတဲ့ အချိန်တွေမှာ စာဖတ်ပါ။ အသံသွင်း သင်ခန်းစာတွေ၊ ဟောပြောချက်တွေ၊ တရားဓမ္မတွေကို နားထောင်ပါ။ ဒါမှမဟုတ် ဒီလိုအချိန်မျိုးတွေမှာ သင့်ကို ပျော်ရွှင်စေမယ့် အလုပ်မျိုးတွေ (ဥပမာ - ဦးစားပေး D တွေ)  လုပ်နိုင်ပါတယ်။

လူသားတွေအားလုံး အချိန်တွေကို တန်းတူညီတူ ရရှိထားကြပေမယ့် အောင်မြင်မှုကို တန်းတူညီတူ မပိုင်ဆိုင်ထားကြတာဟာ အချိန်တွေကို အသုံးချမှုတွေ ကွာခြားသွားကြလို့ဖြစ်ပါတယ်။ သင်လည်း သင်ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို အကျိုးရှိရှိ ကောင်းစွာ စီမံခန့်ခွဲမယ်ဆိုရင် လအနည်းငယ်အတွင်း လုံးဝ သိသိသာသာ ပြောင်းလဲ တိုးတက်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အခုပဲ အချိန်စီမံခန့်ခွဲမှုကို စတင်လိုက်ပါတော့။

Let’s Fly Together!
Phoo Kyaw Zin - Future Wave
Author & Motivational Speaker
Founder of Future Wave Success & Motivation Training

No comments:

Post a Comment