Thursday, October 25, 2018

"Supersonic Dream"

"Supersonic Dream"

*****

ဒီနှစ်အစောပိုင်းမှာ Norwegian Air က Boeing 787 Dreamliner လေယဉ်တစ်စီးကို အားကောင်းတဲ့ ဂျက်လေစီးကြောင်းထဲမှာ ဟီးလေးခိုပြီးပျံလာတာ လန်ဒန်ကနေ နယူးယောက်ကို စံချိန်တင်ပျံသန်းချိန် ၅ နာရီနဲ့ ၁၃ မိနစ်နဲ့ရောက်ခဲ့ပါတယ်…။ ပုံမှန်ပျံသန်းချိန်ထက် တစ်နာရီနီးပါးစောပြီးဆိုက်ခဲ့တာဖြစ်ပါတယ်…။

စံချိန်တင်တယ်ဆိုတာ ရိုးရိုး subsonic လေယာဉ်ပျံတွေထဲမှာတော့ ဟုတ်ချင်ဟုတ်မှာပေါ့လေ…။

လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်… ၁၉၇၆ တုံးကဆိုရင် ခရီးသည်တွေဟာ အဲဒီခရီးကိုပဲ အသံထက် ၂ဆမြန်တဲ့ Anglo-French Concorde လေယာဉ်တွေနဲ့ ပျံသန်းကြတာ ၃နာရီခွဲတောင်မကြာခဲ့ပါဘူး…။

၁၉၀၃ ခုနှစ်မှာ ရိုက်ညီနောင်က လေယာဉ်ပျံတီထွင်ခဲ့ပြီး  နောက်ထပ် နှစ် ၇၀ ကြာတဲ့အခါ အသံထက် ၂ ဆမြန်တဲ့လေယာဉ်ကို တီထွင်နိုင်ရုံသာမက ခရီးသည်တင်လေယာဉ်အဖြစ်နဲ့  စီးပွားဖြစ်ဆွဲစားနိုင်ခဲ့တယ်ဆိုတော့ ဒါဟာ… လေကြောင်းသမိုင်းအတွက် အံ့မခန်းတိုးတက်မှုလို့ ဆိုနိုင်ပါတယ်…။

အဲ… ဒါပေမယ့် အဲဒီတိုးတက်မှုက အဲဒီအနားတင်ရပ်တန့်သွားသလားမသိပါဘူး…။  အခုခေတ်မှာတော့ အဲဒီလောက်မြန်တဲ့လေယာဉ်တွေလည်း မရှိတော့ပါဘူး…။

အဲဒီတြိဂံပုံ အတောင်ပံကြီးတွေနဲ့ ကွန်းကော့လေယာဉ်ကြီးတွေကို စုစုပေါင်း အစီး ၂၀ ပဲထုတ်ခဲ့ပြီး  Air France က ၇စီး British Airways က ၇စီး စုစုပေါင်း ၁၄ စီးပဲ ပါစင်ဂျာဆွဲစားခဲ့ပါတယ်…။

အပျံစား ဆားဗစ်နဲ့ အကောင်းစားအစားအသောက်တွေ၊ သီးသန့် လေဆိပ်နားနေခန်း lounge တွေနဲ့ ခေါင်ခိုက်နေတဲ့ လေယာဉ်လက်မှတ်ဈေးရယ်ကြောင့် ကွန်းကော့စီးနိုင်တဲ့လူတန်းစားကတော့ ဘဝင်မြင့်ကြတာပေါ့လေ…။ လေယာဉ်ကလည်း အမြင့်ကြီးကပျံတာကိုး…။ အရှိန်ကလည်း ဖိုက်တာဂျက်တွေထက်တောင်မြန်သေးတယ်လေ…။

သူတို့မှာလည်း အဲဒီလိုဘဝင်မြင့်နိုင်အာင် ရိုးရိုးလေယာဉ်ခထက် အဆ ၃၀ လောက် ပိုပေးရတာဆိုတော့ မြင့်ချင်လဲ မြင့်ကြပါစေလေ…။ နယူးယောက်-လန်ဒန် Roundtrip ကို အဲဒီခေတ်ကဈေးနဲ့တောင် ဒေါ်လာတစ်သောင်း လောက်ပေးရတယ်ဆိုပါတယ်…။

ကွန်းကော့တွေရဲ့ နောက်ဆုံးခရီးစဉ်ကိုတော့ ၂၀၀၃ အောက်တိုဘာ ၂၄ မှာ ပျံသန်းခဲ့ပါတယ်…။ အခုခေတ်မှာ ပိုက်ဆံရှိသည့်တိုင်အောင် စီးခွင့်မရနိုင်တော့တဲ့ အသံထက်မြန်တဲ့ ကွန်းကော့တွေကိုစီးရင် ဘယ်လိုနေမလဲဆိုတာ ကျွန်တော့်လိုပဲစပ်စပ်စုစု သိချင်ကြလိမ့်မယ်ထင်လို့ ကွန်းကော့ စီးဖူးတဲ့လူတွေကို CNN Travel က အင်တာဗျူးလုပ်ထားတာလေး မျှဝေချင်ပါတယ်…။

*****

"အမိုက်စားအခန်းလေးတွေ"

"ကွန်းကော့ပေါ်တက်ရမှာကို လေယာဉ်မယ်တွေကလည်းကြိုက်တယ်၊ ခရီးသည်တွေကလည်းကြိုက်တယ်…"

ကွန်းကော့ ငါးခါကြီးများတောင်စီးဖူးတဲ့ CNN က သတင်းထောက် Richard Quest ကပြောပါတယ်…။

"ခင်ဗျားစီးဖူးရင်လည်း ခင်ဗျားကိုယ်ခင်ဗျား ရှားရှားပါးပါး ကွန်းကော့စီးနိုင်လောက်အောင်ကံကောင်းတဲ့ လူနည်းစုကလေးထဲမှာပါတဲ့လူပါလားလို့တွေးပြီး ပီတိဖြစ်လိမ့်မယ်…"

ဟုတ်မှာပါပဲ…။ ဒါပေမယ့် လေယာဉ်ထဲမှာကျတော့ရော…။

"အရမ်းကျဉ်းတယ်…။ ထိုင်ခုံကလည်း ၁၀၀ လောက်ပဲပါတယ်…။ ခုံလေးတွေကလဲ ရုံးထိုင်ခုံလေးတွေလို  တစ်ယောက်ထိုင်လေးတွေပါပဲ…။ ပြူတင်းပေါက်ကကျတော့ လက်ဝါးလောက်သေးသေးလေး…"

အသံထက်မြန်အောင်ပျံတဲ့အခါ လေယာဉ်ကိုယ်ထည်က လေပွတ်တိုက်အားကြောင့် ၁၁၇ံC (၂၄၃ံ F) လောက်အထိပူတာဆိုတော့ အဲဒီအပူဒါဏ်ကိုခံနိုင်အောင် ပြူတင်းပေါက်ကိုသေးသေးပဲတပ်ထားရတာပါ…။

"ဘယ်လောက်ပဲကျဉ်းကျဉ်း လေယာဉ်ပေါ်ရောက်တယ်ဆိုကတည်းက နားရွက်နှစ်ဖက်မှာ ပါးစပ်ချိတ်နေအောင် မပြုံးပဲနေနိုင်တဲ့လူမရှိဘူးဆိုတာ ကျွန်တော်လောင်းရဲတယ်…"

လေယာဉ်ကိုယ်ထည်အတွင်းပိုင်းက ၈ ပေခွဲပဲကျယ်တဲ့အတွက် ပြည်တွင်းလေကြောင်းလိုင်းက ရီဂျင်နယ်ဂျက်လေယာဉ်တွေလောက်ပဲရှိပါတယ်…။ အလည်အူလမ်းကြောင်း တစ်ဖက်တစ်ချက်မှာ တစ်တန်းကို ထိုင်ခုံ နှစ်လုံးစီပါပါတယ်…။

"ခုံတန်းတွေက လေယာဉ်ရှေ့ပိုင်းမှာတစ်ပိုင်း…၊ ပြီးတော့ အလည်မှာ သန့်စင်ခန်း ပြီးတော့ နောက်ပိုင်းခုံတွေ…။ ရှေ့ပိုင်းခုံနဲ့ နောက်ပိုင်းခုံက ပထမတန်းနဲ့ရိုးရိုးတန်းခွဲထားတာမဟုတ်ပါဘူး…။ တစ်ပုံစံထဲပဲ…။ ဒါပေမယ့် ရှေ့ပိုင်းမှာထိုင်ရတဲ့လူက ပိုပြီး ဂုဏ်ရှိတာတော့ အမှန်ပဲ…"

*****

"လေယာဉ်ပေါ်မတက်ခင် ကြိုတင်ပြင်ဆင်ပါ"

ဈေးကြီးပေမယ့်လည်း ကွန်းကော့မှာ စီးနေကျဖောက်သည်တွေရှိပါတယ်…။ international businessman Fred Finn ဆိုရင် ၇၁၈ ခါစီးဖူးပြီး အများဆုံး စံချိန်ချိုးထားပါတယ်…။ ဒါအပြင် Su Marshall လို ရှားရှားပါးပါး တစ်ခါတည်းပဲစီးဖူးတဲ့လူလဲရှိပါတယ်…။ Su ကို ချမ်းသာတဲ့သူ့ရည်းစားက နယူးယောက်ကနေ ပါရီကိုပျံဖို့ ကွန်းကော့လက်မှတ်လက်ဆောင်ပေးလို့ တစ်ခါတော့စီးဖူးပါတယ်တဲ့…။

Su က JFK လေဆိပ်က Concorde lounge "Air France staff oozed élan," မှာ သားသားနားနား ပြင်သစ်အမျိုးသမီးတစ်ယောက်နဲ့ စကားစမည်ပြောရင်း ဒါသူပထမဆုံး ကွန်းကော့စီးဖူးမှာဖြစ်တဲ့အကြောင်း ဝန်ခံမိတော့ အမြဲတမ်းစီးနေကျ ပြင်သစ်အမျိုးသမီးက သူ့အနားကိုကပ်ပြီး "ဒါဆိုအိမ်သာလေးဘာလေးသွားထားလိုက်အုံး ကွန်းကော့ပေါ်ကျ ရှုးတောင်ပေါက်လို့ရမှာမဟုတ်ဖူး" လို့ ခပ်တိုးတိုးပြောပါတယ်တဲ့…။

လေယာဉ်အိမ်သာလေးက ကျဉ်းကျဉ်းလေးပါ…။ ဆေးလိပ်ခွက်ပါပါတယ်ဆိုတော့ ဘယ်လောက်ရှေးကျလဲ သိနိုင်ပါတယ်…။ ဒါပေမယ့် လေယာဉ်ပေါ်မှာ ဆေးလိပ်မသောက်ရ ဥပဒေ ပြဌာန်းပြီးမှ မကြီးမငယ်နဲ့ ကွန်းကော့ပေါ်မှာ ဆေးပြင်းလိပ်ခိုးသောက်လို့ ရဲအဖမ်းခံရဖူးတဲ့ ဟောလိဝုဒ်က နံမည်ကြီးတစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်…။ တခြားလူမဟုတ်ပါဘူး ခု ပြသနာတွေတက်နေတဲ့ Harvey Weinstein ဆိုတဲ့လူကြီးပါပဲ…။

"ကျမတို့လို ဈေးအပေါဆုံးအတန်းက စီးနေကျလူတွေအဖို့ကတော့ ဆေးပြင်းလိပ်ဗူးလေး ကွန်းကော့လေယာဉ် ဘော်ဒီထဲကို ထိုးထည့်ထားသလို လေယာဉ်ထဲရောက်ကတည်းက ဒါဘုရင်တွေ နတ်သားတွေအတွက်နေရာပဲလို့သိလိုက်ပါတယ်…။ ကျွန်မအတွက်ကတော့… ကျဉ်းရကြပ်ရတဲ့ကြားထဲ ရှန်ပိန်ငှဲ့တဲ့အသံ အဆက်မပြတ်ရယ်…၊ တကြွိကြွိနဲ့ သားရေထိုင်ခုံရယ် ပေါလစ်နံ့ရယ် ပေါင်းပြီး စိတ်ကျဉ်းကြပ်လိုက်တာ… ဒါပေမယ့် ပါရီကို ၃ နာရီခွဲနဲ့ရောက်တယ်ဆိုတာနဲ့တင် ဒီဒုက္ခတွေနဲ့လဲရတာတန်ပါတယ်" Su က ရယ်မောပြီးပြောပါတယ်…။

*****

"Fast Food"

တစ်နာရီကို မိုင်ထောင့်ငါးရာအထက်နှုံးနဲ့ပျံနေတဲ့ အသံထက်မြန်တဲ့ လေယာဉ်ပျံပေါ်က နေ့လည်စာဟာ Fast Food ဆိုပေမယ့် မက်ဒေါ်နယ်ကဘာဂါမဟုတ်ပါဘူး…။

၁၉၈၀ လောက်က British Airways ကပိုင်တဲ့ ကွန်းကော့လေယာဉ်အတွင်းပိုင်းပြုပြင်ဖို့ တာဝန်ယူခဲ့တဲ့ Richard Ford ကတော့ ကွန်းကော့လေယာဉ်နဲ့ နယူးယောက်-လန်ဒန်ခရီးကို တစ်ရက်တည်း အသွားအပြန်လုပ်ခဲ့ဖူးပါတယ်…။

"အတွင်းပိုင်းက ကျဉ်းကျဉ်းလေးဆိုတော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ပိုတူတယ်…။ လေယာဉ်ပေါ်မှာကျွေးတဲ့အစားအသောက်ကတော့ အပျံစားပါပဲ…။ လေယာဉ်က ကျဉ်းပေမယ့် ဆားဗစ်ကတော့ မညံ့ပါဘူး…။ Lobster တွေ Caviar ငါးဥတွေ အလျှံပယ်ကျွေးပြီး…၊ ရှန်ပိန်တွေချောင်းစီးနေအောင်တိုက်တာပါ…။  ပြီးတော့ ကွန်ကော့ပါစင်ဂျာဖြစ်ဖူးကြောင်း မှတ်တမ်းလွှာတစ်ခုတောင်ပေးလိုက်သေးတယ်…"

Richard က ကွန်းကော့ရဲ့ တရားဝင် ဗွီအိုင်ပီ ပါစင်ဂျာအဖြစ် ကွာလီဖိုင်းဖြစ်အောင် သူ့ပိုက်ဆံနဲ့သူ လက်မှတ်ဝယ်ပြီး နောက်တစ်ခါထပ်စီးခဲ့ပါသေးတယ်…။

*****

"Mid-century marvel"

၁၉၆၀ အစောပိုင်းနှစ်တွေက လေကြောင်းအင်ဂျင်နီယာတွေမှာ ဒီနေ့ခေတ်လို ဒီဇိုင်းဆွဲတဲ့ analysis လုပ်တဲ့ နည်းပညာတွေ ကရိယာတွေ မရှိသေးပါဘူး…။ ဒါပေမယ့် ကွန်းကော့ဒီဇိုင်နာတွေက အံ့သြစရာကောင်းလောက်အောင် ခေတ်ရှေ့ကိုပြေးတဲ့ လေယာဉ်ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်…။

ကွန်းကော့ဟာ တာဘိုဂျက်အင်ဂျင်မှာ afterburner ထည့်ထားတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော ခရီးသည်တင်လေယာဉ်ဖြစ်ပါတယ်…။ လေယာဉ်အင်ဂျင်ရဲ့ အိတ်ဇောကို raw fuel ပြန်ကျွေးလိုက်တဲ့အခါ အင်ဂျင် thrust က ချက်ချင်း ၂၀% လောက် တက်လာပါတယ်…။

"ကွန်းကော့က တခြား subsonic လေယာဉ်တွေနဲ့ ပုံစံခြင်း တခြားစီပါပဲ…။ အတောင်ပံကို high-lift လုပ်တဲ့
flaps တွေ slats တွေမပါဘူး…။ take off လုပ်ဖို့ reheat ပါဝါကိုပါ အပြည့်သုံးတာပါ…။ အဲဒါကြောင့် လေယာဉ်တစ်ခါတက်တိုင်း ရိုးရွိုက်စ် အိုလံပတ် အင်ဂျင်ကြီးလေးလုံးရဲ့ အင်္သကြီးရယ် ထိုင်ခုံနောက်မှီထဲကို ဆောင့်တွန်းထည့်လိုက်သလိုဖြစ်မယ့် အရှိန်ရယ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ခရီးသည်တွေကို သတိပေးရပါတယ်…"

British Airways ရဲ့ Concorde captain John Tye ကပြောပါတယ်…။ အသံထက်မြန်တဲ့အတွက် အခြားလေယာဉ်တွေလို လေယာဉ်ပန်ကာက ရှေ့ဖက်ကစုပ်ယူလို့ မရတဲ့အတွက် အောက်ဖက်ကစုပ်ယူရပါတယ်…။ Reheat ကို subsonic ကနေ supersonic ကို အရှိန်မြှင့်ရာမှာလည်း အသုံးပြုပါတယ်…။

အရှိန်မြန်တဲ့အခါ မျက်နှာခြင်းဆိုင်က လာတဲ့ငှက်တွေနဲ့တိုက်မိလို့ လေယာဉ်မှန်ကွဲတာတွေမဖြစ်အောင် ကွန်းကော့ရှေ့မှန်တွေကို အမြောက်ထဲမှာ "ကြက်" ထည့်ပြီး စမ်းပစ်ကြည့်ခဲ့ပါတယ်တဲ့…။

အရှိန်မြန်တဲ့အခါ လေပွတ်တိုက်အားကြောင့် ပူပြီး လေယာဉ်ကိုယ်ထည်က ပွသွားပါတယ်…။ ကွန်းကော့ကို နောက်ဆုံးပျံခဲ့တဲ့ ပိုင်းလော့က စူပါဆိုးနစ်နဲ့ပျံနေတုံး ဟသွားတဲ့ ပိုင်းလော့ ဒက်ရှ်ဘုတ်နဲ့ လေယာဉ်နံရံကြားမှာ သူ့ရဲ့ ပိုင်းလော့ဦးထုပ်ကို ထိုးထည့်ထားခဲ့ပါတယ်…။ ရိုးရိုးအရှိန်ဖြစ်သွားလို့ ပြန်ကျုံ့သွားတော့ ပြားပြီးညပ်နေအောင် အမှတ်တရလုပ်ခဲ့တာပါ…။

*****

"ခေတ်ကုန်ချိန်"

ကွန်းကော့လေယာဉ်တွေ ခေတ်ကုန်သွားရတာလည်း အဲဒီအသံကြောင့်ပါပဲ…။

အသံထက်မြန်တဲ့နှုန်း Mach 2.04 (1,354 mph or 2,180 km/h at cruise altitude) နဲ့ပျံတဲ့အခါ အသံလှိုင်းအချင်းချင်းထပ်ပြီး ဖြစ်ပေါ်လာတဲ့ sonic boom ဟာ အန္တရာယ်ရှိနိုင်တယ်လို့ ဖိအားပေးတဲ့အတွက် ၁၉၇၆ ကတည်းက လေယာဉ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်…။ ရှိပြီးသားလေယာဉ်တွေကိုလည်း သမုဒ္ဒရာပေါ်က ဖြတ်ပျံတဲ့ ခရီးစဉ်တွေမှာပဲ သုံးရမယ်ဆိုတာကြောင့် နယူးယောက် ဒီစီ လန်ဒန် ပါရီ နဲ့ ဘော်ဘေဒိုး ကျွန်းတွေကို ခရီးစဉ်နည်းနည်းပဲ ပျံသန်းနိုင်ခဲ့ပါတယ်…။

၂၀၀၀ ခုနှစ် ပါရီလေဆိပ်ကအတက်မှာ ပျက်ကျတဲ့ အက်ဆီးဒင့်မှာ Air France ခရီးသည် ၁၀၉ ယောက်နဲ့ မြေပြင်ပေါ်ကလူ ၄ ယောက် သေဆုံးခဲ့ရပါတယ်…။ အဲဒါက ကွန်းကော့ လေယာဉ် တွေရဲ့ တစ်ခုတည်းသော ဝမ်းနည်းစရာ ဖြစ်ရပ်ပါ…။

ရှိတဲ့လေယာဉ်လေးနဲ့ ၂၇ နှစ်ကြာအောင် လှည့်ပါတ်ပျံသန်းရတဲ့အခါ ပြုပြင်ထိန်းသိမ်းခတွေကလည်း ထောင်းလာတယ်…။ လေယာဉ်တွေကလည်း အိုသည်ထက်အိုလာပြီဖြစ်တဲ့အတွက် ကွန်းကော့ခေတ်ကို ပင်စင်ပေးလိုက်ရတာဖြစ်ပါတယ်…။

ကွန်းကော့ရဲ့ နောက်ဆုံးခရီးစဉ်ကို ၂၀၀၃ အောက်တိုဘာမှာ ပျံသန်းတဲ့အခါ celebrity တွေအပြည့်ပါပဲ…။ CNN က Richard Quest  လဲပါခဲ့ပါတယ်…။

"ခင်ဗျားဟာခင်ဗျား ဘယ်လောက်ကြီးနံမည်ကြီးကြီး တကယ့် celebrity ကတော့ ကွန်းကော့လေယာဉ်ကြီးပါပဲ…"

*****

"မျှော်လင့်ချက်"

တကျော့ပြန် supersonic ခေတ်အတွက် နာဆာက ၂၀၁၈ ဧပြီလတုံးက ကယ်လီဖိုးနီးယား အခြေစိုက်  Lockheed Martin Aeronautics Company နဲ့ "Low-Boom Flight Demonstration" $247.5 သန်းတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ်…။ စာချုပ်အရ
Lockheed Martin က 55,000 အမြင့်ပေမှာ 940 mph နဲ့ပျံသန်းပြီး 75 Perceived Level decibel (PLdB) ထက်မကျော်တဲ့အသံပဲထွက်ရမှာဖြစ်ပါတယ်…။ ကားတံခါးပိတ်တဲ့အသံလောက်ပဲကျယ်မှာပါ…။

ပရောဂျက်က ၂၀၂၁ နှစ်ကုန်မှာ အပြီးသတ်ရမှာဖြစ်ပြီး နာဆာကအတည်ပြုခဲ့ရင် အေဂျင်စီက Low-Boom နည်းပညာဟာ အလုပ်ဖြစ်တယ်ဆိုတာ အတည်ပြုဖို့  နောက်ထပ် စမ်းသပ်ပျံသန်းရအုံးမှာဖြစ်ပါတယ်…။ အောင်မြင်တယ်ဆိုရင်တော့ ၂၀၂၂ နှစ်လည်လောက်မှာ နာဆာရဲ့ X-plane ကို အချို့မြို့ကြီးတွေကို စမ်းသပ်ပျံသန်းပါလိမ့်မယ်…။ ကုန်းတွင်းပိုင်းမှာ ပျံတဲ့အခါ ပြည်သူရဲ့ သဘောထားခံယူပြီး ရတဲ့ဒေတာတွေကို supersonic flight တွေ ကုန်းတွင်းပိုင်းမှာ ပျံသန်းနိုင်ရန် အသံအခြေခံတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပေးဖို့ U.S. နဲ့ international regulators
တွေဆီကို ပို့ပေးမှာဖြစ်ပါတယ်…။ 

အဲဒီကိစ္စတွေ အောင်မြင်တယ်ဆိုရင်တော့ မကြာမှီအနာဂါတ်မှာ ကွန်းကော့လို အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်ကြီးတွေ တစ်ကြော့ပြန် ခေတ်စားလာနိုင်စရာ အကြောင်းရှိပါသေးလို့ ပိုက်ဆံကြိုစုထားရင် ကောင်းမယ်ထင်ပါရဲ့…။

*****

"အလည်တစ်ခေါက်"

အခုလောလောဆယ် ကွန်းကော့လေယာဉ်ကြီးတွေမြင်ဖူးအောင် ကြည့်ချင်တယ်ဆိုလျှင်တော့ ပင်စင်စားကြီးတွေကို အောက်ပါပြတိုက်တွေထဲက နီးရာပြတိုက်မှာ သွားရောက်လေ့လာနိုင်အောင် လိပ်စာနှင့်တစ်ကွ ဖေါ်ပြပေးလိုက်ပါတယ်…။

Aerospace Bristol (UK) -- (Hayes Way, Patchway, Bristol BS34 5BZ; +44 117 931 5315)

Museum Air and Space Paris Le Bourget (France) -- (Aéroport de Paris-Le Bourget, 93350 Le Bourget; +33 1 49 92 70 00)

Intrepid Sea, Air & Space Museum (New York) -- (Pier 86, W 46th St & 12th Ave, New York; +01 212-245-0072)

Auto & Technik Museum Sinsheim (Germany) --  (Delorean DMC-12. Frankfurt.)

The Museum of Flight (Seattle) --  (9404 E. Marginal Way, Seattle, WA 98108; 206-764-5700). 

*****

Z

October 25 2018

No comments:

Post a Comment