>> ဒါဖြင့် နိဗ္ဗာန်သည် ရုပ်နာမ်ရှိပါရဲ့လားလို့
မေးရင် ဘယ့်နှယ့်ဖြေမလဲ။
ကောင်းပြီ ကျုပ်က ဗဟုသုတရှိအောင်
ခင်ဗျားတို့ကို ပေးလိုက်မယ်နော်။
နိဗ္ဗာန်ဟာ ရုပ်နာမ်တော့မရှိဘူး။
ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်မျိုး မရှိဘူး။
ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်က အနိစ္စတွေကိုး။
>> နိဗ္ဖာန်ဟာ ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်မျိုးတော့
မဟုတ်ဘူး။
သို့သော် ရုပ်လား နာမ်လားလို့ မေးရင်တော့
နာမ်ဓမ္မလို့ဖြေ။
သဘောကျပလား။
ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်မျိုးလား ဆိုတော့လဲ
ဒီလိုလဲမဟုတ်ဘူး။
ဥပါဒ်ဌီ - ဘင်ရှိတဲ့ နာမ်မဟုတ်ဘူး။
ဒါဖြင့် ဖြစ်ပျက်မရှိတဲ့ နာမ်ဓမ္မလို့ ဒီလိုမှတ်လိုက်။
နိဗ္ဗာန်ရောက်ကြောင်း အားထုတ်သော
ပုဂ္ဂိုလ်တို့၏ ကျက်စားရာဌာန
နိဗ္ဗာန်ရောက်ကြောင်း ဓမ္မတို့တည်ရာနေရာ။
သူ့ဆီကိုလာပြီး အကုန်ဦးတိုက်ကြရတယ်။
သဘောကျပြီလား။
ကျုပ်တို့ဆီမှာရှိတာက အာရုံရှိရာ
ပြေးတတ်တဲ့နာမ်။
နိဗ္ဗာန်က ငါ့ဆီလာညွတ်ကြဆိုတဲ့ ညွတ်အပ်တဲ့
နာမ်ဓမ္မ။
>> နိဗ္ဗာန်သည်ကားဆိုရင်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း စိတ္တုပ္ပါဒ်တို့၏
ညွတ်ရာဌာန ဖြစ်လေသောကြောင့် ညွတ်အပ်တဲ့
သဘော ရှိနေသောကြောင့် နာမ်ဓမ္မလို့
ဆုံးဖြတ်ချက်ချ။
ဘာပြုလို့ နာမ်ခေါ်ရပါလိမ့်။
ညွတ်အပ်တဲ့သဘော ရှိသောကြောင့် ဒါလေးမှတ်ထား။
>> စာလိုသုံးတော့ ညွတ်အပ်တဲ့သဘော
ရှိသောကြောင့် ညွတ်အပ်တဲ့ သဘောဆိုလို့ရှိရင်
လောကီ ဥပမာနဲ့ပြောပါမယ်။
ခင်ဗျားတို့ ဈေးချိုထိပ်မှာ နာရီစင်ကြီးရှိတယ်။
ဘယ်ကမောင်းလာတဲ့ ရထားဖြစ်ဖြစ်
နာရီကိုတော့ ကြည့်အုံးမှာပဲ။
အရှေ့က မောင်းလာတော့ကော နာရီကြည့်အုံးမှာ
ပဲ။
အနောက်က မောင်းလာလဲ ကြည့်အုံးမှာပဲ။
တောင်က မောင်းလာလဲ ကြည့်အုံးမှာပဲ။
အဲ မြောက်က မောင်းလာတော့ကော
နာရီကြည့်ရအုံးမယ် ဆိုသလို မကြည့်ပဲနဲ့
မသွားနိုင်ဆိုသလိုပေါ့ဗျာ။
>> ဒီတော့ ထို့အတူပဲ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရတဲ့
ပုဂ္ဂိုလ်တို့သည် ဘယ်နည်းနဲ့မှ
မကြည့်ပဲမနေနိုင်တဲ့ နာမ်ဓမ္မဖြစ်ပါတယ်။
သဘောကျပြီလား။
မဂ်ဥာဏ်ဖိုလ်ဥာဏ်ရသော ပုဂ္ဂိုလ်တို့သည်
မကြည့်ရှုပဲမနေနိုင်တဲ့ နာရီစင်ကြီးသဖွယ်
ခိုင်မြဲနေတဲ့နာမ်ဓမ္မ သဘောကျကြပြီလား။
ဒါမလွယ်ဘူးနော်။
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်သူမှ မကြည့်ရှုပဲ(မနေနိုင်)
ဘယ်နှစ်ရက် နေရနေရ ရောင့်ရဲတယ်လို့ မရှိဘူး။
ဒီနေရာမှာ ကြည့်ရှုနေတဲ့အခါမှာ
တော်ပြီတန်ပြီလို့ ဘယ်တော့မှ မလာဘူး။
>>ဒါဖြင့်နိဗ္ဗာန်သည်ကားလို့ ဆိုရင်ဖြင့် ဒကာဒကာမတို့ နိဗ္ဗာန်သည် ငြိမ်းအေးခြင်း
လက္ခဏာရှိတယ်။
နိဗ္ဗာန်သည် စိတ်နှလုံးကို ရွှင်ပြုံးစေခြင်း
လက္ခဏာရှိတယ်။
>> ဒါဖြင့် ဒကာ ဒကာမတွေ စဉ်းစားစရာက
နိဗ္ဗာန်သည် ဝိဝေကဠော - ကိလေသာ
နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘောရှိတယ်။
ကိလေသာ အရှိန်အစော်တွေဟာ
အငွေ့လေး သန်းသေးသလား ကိလေသာ
အနှောင့်အယှက်ကင်းတာသည် နိဗ္ဗာန်ဆိုတာ
ခင်ဗျားတို့ ကျေနပ်ဖို့ကောင်းတယ်။
>> နိဗ္ဗာန်ဟာ ဘာအထည်နဲ့ တူသတုံး။
နိဗ္ဗာန်ရောက်သောပုဂ္ဂိုလ် ဘယ်လိုနေထိုင်ရမှာလဲ။
ဒကာဒကာမတွေက မေးချင်လဲ မေးလိမ့်မယ်။
သြော် နိဗ္ဗာန်လဲ အထည်ရှိရင် ဆွေးမြေ့
ဖောက်ပြန် ပျက်စီးမယ်။
ဒါဖြင့် နိဗ္ဗာန်သည် အထည်ရှိပါရဲ့လားလို့မေးရင်
အထည်မရှိဘူး။
အထည်ရှိရင် ပျက်မယ်။
နိဗ္ဗာန်မှာ လုံးရပ်လဲ မရှိဘူး။
သဏ္ဌာန်လဲ မရှိဘူး။
ပုံဟန်နိမိတ်ရှိခဲ့ရင် ဘာဖြစ်မယ် ထင်သတုံး။
ပျက်စီးဖောက်ပြန်ရမယ်။
ဒါ လွတ်နိုင်ပါ့မလား။
မလွတ်နိုင်တော့ လုံးရပ်သဏ္ဌာန် ပုံဟန်နိမိတ်လဲ
မရှိဘူး။
ဒါဖြင့် ဆုံးဖြတ်ချက်ချ။
>> ဒါဖြင့် ကိုယ်မှာ စဉ်းစားကြည့်စမ်း။
ကျုပ်တို့က မစားဘူးတဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူး
ပြောတာကို ကျုပ်တို့က အမှန်မယူနဲ့။
မစားဖူးဘဲနဲ့ မကြိုက်ဘူးပြောတာ
အဓိပ္ပါယ်မရှိဘူး။
စားဖူးလို့ မကြိုက်ဘူးဆိုရင်တော့
အဓိပ္ပါယ်ရှိတယ်။
အခု ကျုပ်တို့ နိဗ္ဗာန်ကို ပုထုဇဉ်စိတ်နဲ့ မကျြိက်တဲ့
ပုဂ္ဂိုလ်တွေ မစားဖူးဘဲနဲ့ မကြိုက်တာ
ဖြစ်လေသောကြောင့် သူ့စကားကို အတည်မပြုနဲ့
ကန့်ကွက်လိုက်တယ်။
စားဖူးပြီး မကြိုက်တာ မဟုတ်သေးဘူး။
မစားဘူးဘဲနဲ့ ရမ်းပြီး မကြိုက်တာ။
အရိယာပုဂ္ဂိုလ်များ အားတဲ့အချိန် ဘာလုပ်တုံး။
နိဗ္ဗာန်အာရုံပြုနေတယ်။
အင်း ဒီတစ်နေ့ပဲလား နက်ဖြန်ကျတော့
ဒီကိုယ်တော်ကြီး ဘာတွေလုပ်အုံးမှာလဲ မေးတော့
နိဗ္ဗာန်အာရုံပြုနေမှာပါ။
နိဗ္ဗာန်ကို စားကောင်းလို့ဖြင့် သူတို့ကတော့ဖြင့်
ကိုယ်တိုင်စားသောက်ရလို့ ကိုယ်တိုင်ကြိုက်နေပြီ။
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်အမြတ်ဆုံးလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောထားတယ်
တစ်ခါ ပုထုဇဉ်ဥာဏ်နဲ့ ဆပြီးကြိုက်ပြန်လို့
ရှိရင်လဲ ဒုက္ခမရှိဘူးဆိုရင်ဖြင့် ကြိုက်ရတာပဲ။
နိဗ္ဗာန်ဆိုရင် အလုံးစုံ ဒုက္ခမရှိဘူး။
ဘယ်လို ဆုံးဖြတ်ကြမလဲ ကြိုက်ရမှာပဲ။
ဒီတော့ ပုထုဇဉ်က ဒီလောက်ပဲဆသိရင်
လွယ်ပါတယ်။
အရိယာက ကိုယ်တိုင်သိ ကျုပ်တို့က သုတသိ
ဟိုကတော့ ပစ္စက္ခသိ ကွဲသွားပြီလား။
ပုထုဇဉ်ကဘာတုံး သုတသိ ပြောသံကြားနဲ့
သိတယ်။
အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့က လက်တွေ့မှ
ယုံတယ်ဆိုရင်လဲ လုပ်ကြတာပေါ့။
ဒကာဒကာမတွေ ကျုပ်တို့က ဘာဖြစ်ဖြစ်
လက်တွေ့မှ ယုံတဲ့ခေတ် ပြောသံကြားခေတ်
မဟုတ်ဘူးလို့ ဆိုလို့ရှိရင် အလုပ်လုပ်ကြည့်ပါ။
ကဲ ဒီတွင် တော်ကြဦးစို့။
* မိုးကုတ်ဆရာတော်ဘုရားကြီး *
No comments:
Post a Comment