Monday, March 4, 2019

သောတာပန် အင်္ဂါ ၄_ ချက်

ယံကိဉ္စိ သမုဒယဓမ္မံ ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ ။


မြန်မာပြန်ဆိုလျှင်။      အို_ ချစ်သား ရဟန်းများတို့ 

                             အလုံးစုံကုန်သော သဘောတရားအပေါင်းသည်

                             ဖြစ်သဘောဟူသော အနတ္တသဘောသာ

                             ရှိ၏။


ဤကား သင်္ခတလောကကြီးတခုလုံး၏ သဘောကို အနတ္တသဘောဖြင့် ချုံး၍ပြလိုက်ခြင်း ပေတည်း။


                             ထိုဖြစ်သဘော အနတ္တမျိုးဟူသမျှသည်

                             ချုပ်ခြင်းသဘောသာရှိ၏။


ဤကား သင်္ခတလောကကြီး တခုလုံးခေါ် အနတ္တမျိုးသည်လည်း ချုပ်ငြိမ်းခြင်း သဘောဖြစ်သော ပညာမြင် အနိစ္စဉာဏ်သာ ဖြစ်ပေ၏ဟု ဓမ္မာစကြာတွင် တရားဥက္ခောင်း ဆိုက်ပုံကို ရှင်တော်မြတ်ဘုရားသည် အနိစ္စဉာဏ်စခန်းကစ၍ ဧကောဓမ္မောသွင်းပြတော်မူလေသည်။


ဘင်္ဂဉာဏ်သည်ကား ပဟာနပရိညာတွင် ပါဝင်ကြသည့် အနုပဿနာ (၇)ဉာဏ်တို့တွင် ရှေးဦးစွာ အနိစ္စအစစ်ကို ဖော်ပြသော ဉာဏ်ကြီး ဖြစ်ပေသည်။ ထိုဉာဏ်ကြီး၏ ဒေသနာနည်း လက်တွေ့နည်း သဘာဝနည်းတို့ကို ပေါက်ရောက်အောင် သံသရာဝဋ်မှ ကျွတ်လွတ်လိုသော သူတော်ကောင်းတို့သည် အဘန်ဘန် အထပ်ထပ် ဆင်ဆင်သုံးသပ် အပ်ပေတည်း။


ဤသို့ဆင်ခြင်သုံးသပ်ရာ၌လည်း သောတာပတ္တိမဂ် အင်္ဂါ ၄_ချက်နှင့် ကိုက်ညီအောင် အားထုတ်နိုင်ရန် အရေးကြီးလှပါသောကြောင့် သောတာပန် အင်္ဂါ ၄_ ချက်ကို သဘာဝနှင့် ခွဲပြပါဦးမည်။


              သောတာပန် အင်္ဂါ ၄_ ချက်


၁။ သပ္ပုရိသသံသေဝ၊ သူတော်ကောင်းကို ဆည်းကပ် ကိုးကွယ် ပေါင်းဖော်ခြင်း အင်္ဂါတစ်ပါး။

၂။ သဒ္ဓမ္မသဝန၊ သူတော်ကောင်းတို့ ဟောပြောသော တရားတော်ကို နာကြားခြင်း။

၃။ ယောနိသော မနသိကာရ၊ နှလုံးသွင်း ဆင်ခြင် အားထုတ်ခြင်း။

၎။ ဓမ္မာနု ဓမ္မပဋိပတ္တိ၊ မဂ်,ဖိုလ် နှင့် လျော်သော အနုဓမ္မသို့ ဆိုက်ရောက်ခြင်း။


အထက်ပါ အင်္ဂါ ၄_ချက်သည် မဂ်ရကြောင်း အင်္ဂါများ ဖြစ်ကြသဖြင့် ဝိပဿနာအားထုတ်ကြသော ပုဂ္ဂိုလ်တိုင်း သိပြီးဖြစ်ကြသော်လည်း ဤအင်္ဂါ ၄_ချက် ထွက်ပေါ်လာခြင်း၏ သဘောတရားကို ဆင်ခြင်ဝေဘန်ရန် အရေးကြီးပေ၏။ ထို့ကြောင့် အင်္ဂါ ၄_ချက်ခေါ် သဘောတရားတို့၏ ထွက်ပေါ်လာပုံကို ဝိပဿနာဉာဏ်စဉ်နှင့် သွင်း၍ ဝေဘန်ပြပေအံ့။


ဝိပဿနာဉာဏ်စဉ်တို့တွင် (၁)နာမရူပ ပရိစ္စေဒဉာဏ်၊ (၂) ပစ္စယ ပရိဂ္ဂဟဉာဏ် ဤဉာဏ် ၂_ပါးတို့၏ လုပ်ငန်းစဉ် သဘောတရားကိုရည်၍ သူတော်ကောင်းအား ဆည်းကပ်ခြင်း၊ သူတော်ကောင်းတရားကို နာကြားရခြင်းဟူသော အင်္ဂါ ၂_ပါးကို ထုတ်ဖော်တော်မူလေသည်။


သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် ၂_ပါးတို့၏ လုပ်ငန်းစဉ်ကို ရည်တော်မူ၍ "နှလုံးသွင်းဆင်ခြင်ရမည်"ဟူသော အင်္ဂါကို ထုတ်ဖော်တော်မူသည်။


ဘင်္ဂဉာဏ်မှစ၍ သင်္ခါရုပက္ခာဉာဏ်​ ဉာဏ်အဆုံးရှိသော ၇_ပါးသော အနုပဿနာဉာဏ်စဉ်များ၏ သဘောပေါက် လုပ်ငန်းစဉ်ကို ရည်တော်မူ၍ "မဂ်ဖိုလ်နှင့်လျှော်သော အနုဓမ္မသို့ဆိုက်ရောက်ခြင်း"အင်္ဂါကို ထုတ်ဖော်တော်မူသည်။


ပထဝီဓာတ်နှင့် ဉာဏ်(၉)လွှာ

ဝိပဿနာလုပ်ထုံးကျမ်း

စာမျက်နာ_ ၂၅၁_၂၅၃